News

POST TYPE

ALSO IN NEWS

ဒစ်ဂျစ်တယ်အခွန်ပေးဝန်ဆောင်မှု လုပ်ကိုင်ရန် MPT အပါအဝင် ကုမ္ပဏီ ၁၈ ခု လျှောက်ထား
19-Sep-2018
ရန်ကုန်၊ စက်တင်ဘာ ၁၈

ဒစ်ဂျစ်တယ်စနစ်ဖြင့် အခွန်ပေးဆောင်နိုင်မည့်ဝန်ဆောင်မှု လုပ်ကိုင်ရန်အတွက် ဆက်သွယ်ရေးအော်ပရေတာ MPT အပါအဝင် ကုမ္ပဏီ ၁၈ ခုက စိတ်ဝင်စားမှုလျှောက်လွှာ (EOI) တင်ထားကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေခိုင်က ပြောကြားသည်။ 

ယင်းဝန်ဆောင်မှုကို စတင်ပါက အခွန်ထမ်းပြည်သူများ လစဉ်ထမ်းဆောင်ရသည့် ကုန်သွယ်လုပ်ငန်းခွန်၊ အထူးကုန်စည်ခွန်နှင့် သုံးလတစ်ကြိမ် ထမ်းဆောင်ရသည့် ဝင်ငွေခွန်များကို ဘဏ်နှင့် အခွန်ရုံးများသို့ တိုက်ရိုက်သွားစရာလိုဘဲ ဘဏ်များနှင့် ချိတ်ဆက်ထားသည့် i-banking၊ Mobile Banking စနစ်များအပြင် မိုဘိုင်းလ်ဖုန်း ငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများဖြစ်သော Mobile Payment စနစ်များဖြင့် အခွန်ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ဒီဝန်ဆောင်မှု စနိုင်ရင် အခွန်ထမ်းပြည်သူတွေအတွက် ပိုပြီးလွယ်လွယ်ကူကူ အခွန်ဆောင်လို့ရလာမယ်။ ခြောက်လအတွင်းလောက် စနိုင်မယ်လို့ မှန်းထားတယ်” ဟု ၎င်းကပြောဆိုသည်။

ဒစ်ဂျစ်တယ်စနစ်ဖြင့် အခွန်ပေး ဆောင်နိုင်မည့်ဝန်ဆောင်မှုအတွက် လုပ်ကိုင်လိုသည့်ကုမ္ပဏီများမှာ ဆက်သွယ်ရေး အော်ပရေတာ MPT၊ Mobile Wallet လုပ်ငန်းလုပ်ကိုင်နေသည့် ကုမ္ပဏီ ၃ ခု၊ ဘဏ်လုပ်ငန်း ၆ ခု၊ မိုဘိုင်းလ်ငွေရေးကြေး ရေးအဖွဲ့အစည်းများအတွက် Technical Provider အဖြစ် ဆောင်ရွက်နေသည့် ကုမ္ပဏီ ၅ ခု၊ IT ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်နေသည့်ကုမ္ပဏီ ၃ ခုတို့ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနထံမှ သိရသည်။ 

လက်ရှိအချိန်တွင် အဆိုပါကုမ္ပဏီများက တင်ပြလာမှုများကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ မိုဘိုင်းလ်ဘဏ်လုပ်ငန်းဆိုင်ရာ ညွှန်ကြားချက်များ၊ မိုဘိုင်းလ် ငွေရေးကြေးရေးဝန်ဆောင်မှုဆိုင်ရာ စည်းမျဉ်းများ၊ ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာစည်းမျဉ်း၊ ညွှန်ကြားချက်များ၊ တည်ဆဲအခွန်ဆိုင်ရာ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီမှု ရှိ၊ မရှိကို စိစစ်လျက်ရှိပြီး သတ်မှတ်ချက်များဖြင့်ကိုက်ညီသည့် လုပ်ငန်းများကို ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနထံမှ သိရသည်။

J-01