News

POST TYPE

ALSO IN NEWS

မြန်မာတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် နော်ဝေကုမ္ပဏီများ ပြင်ဆင်
10-Jun-2018
ရန်ကုန်၊ ဇွန် ၉

နော်ဝေနိုင်ငံမှ လျှပ်စစ်နှင့် စွမ်းအင်ကုမ္ပဏီ၊ စက်မှုကုန်ထုတ်လုပ်ငန်း ကုမ္ပဏီများနှင့် အာမခံလုပ်ငန်းကုမ္ပဏီများ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံကြရန် ပြင်ဆင်နေကြကြောင်း မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံသံအမတ် H.E Ms Tone Tinnes က ပြောကြားသည်။ 

လက်ရှိတွင် နော်ဝေနိုင်ငံအခြေစိုက် တယ်လီနောကုမ္ပဏီအပါအဝင် ကုမ္ပဏီအများအပြား ရင်းနှီးမြှုပ်နှံထားကြပြီး အခြားကုမ္ပဏီများလည်း လာရောက်ရင်းနှီးမြှုပ်နှံရန် ပြင်ဆင်နေခြင်းဖြစ်ကာ မြန်မာနိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းများ ပိုမိုလွယ်ကူစွာလုပ်ကိုင်နိုင်ရန် လုပ်ဆောင်စရာများရှိနေပြီး အချိန်တိုအတွင်း လုပ်ဆောင်နိုင်ပါက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာနိုင်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။ 

ဇွန်လ ၈ ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံသံအမတ် H.E Ms Tone Tinnes၊ နော်ဝေနိုင်ငံမှ စီးပွားရေးသံမှူး Ms. Lisa Nordgaard နှင့် ကုန်သည်စက်မှုအသင်းချုပ်မှ တာဝန်ရှိသူများသည် နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်နိုင်ရေး၊ နော်ဝေနိုင်ငံမှ ခေတ်မီနည်းပညာသုံးကုမ္ပဏီများ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း ကုန်သည်စက်မှုအသင်းချုပ်ထံမှ သိရသည်။ 

လက်ရှိ နော်ဝေ-မြန်မာ စီးပွားရေးကောင်စီကို နော်ဝေ-မြန်မာ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းအဖြစ် အဆင့်မြှင့်တင်ရန် ဆောင်ရွက်နေပြီး နော်ဝေအစိုးရနှင့် ကုန်သည်စက်မှုအသင်းချုပ်တို့ နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုး၍ နှစ်နိုင်ငံ စီးပွားရေးဆက်ဆံရေး မြှင့်တင်ရန် ဆွေးနွေးပွဲတွင် သဘောတူညီခဲ့ကြကြောင်း ကုန်သည်စက်မှု အသင်းချုပ်ထံမှ သိရသည်။ 

ထို့ပြင် မြန်မာနိုင်ငံ၏ အခြေခံအဆောက်အဦ အားနည်းမှုနှင့် ကျွမ်းကျင်လုပ်သား ရှားပါးမှု စိန်ခေါ်ချက်များကို နော်ဝေနိုင်ငံမှ အကူအညီရရှိရေးတို့ကို ဆွေးနွေးခဲ့ကြပြီး ပြည်တွင်းတွင်ဝင်ရောက် လုပ်ကိုင်နေသည့် နိုင်ငံတကာစီးပွားရေးလုပ်ငန်းများ တွေ့ကြုံနေရသည့် အခက်အခဲများကို ဖြေရှင်းပေးနိုင်ရေးအတွက် အစိုးရနှင့် ညှိနှိုင်းလျက်ရှိကြောင်း ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောကြားသည်။ 

J-11


  • VIA