News

POST TYPE

ABOUT US

အကြမ်းဖက်သမားလားဟု မေးသည့်မေးခွန်းတွင် မတော်တဆ အမှန်ခြစ်မိခဲ့သည့် လန်ဒန်သူ အမေရိကန်ပြည်ဝင်ခွင့် ပယ်ချခံရ
01-Oct-2018


လန်ဒန်၊ စက်တင်ဘာ ၃၀ 

မကွယ်လွန်မီ နောက်ဆုံးလုပ်ချင်သည့်ကိစ္စများအနက်မှ တစ်ခုအဖြစ် နယူးယောက်သို့ အလည်အပတ်သွားလိုသူ ကင်ဆာဝေဒနာရှင် ဗြိတိန်နိုင်ငံသူ မန်ဒီစတီဗင်ဆင်မှာ ဗီဇာကင်းလွတ်ခွင့်ဖောင်တွင် သူ့ကိုယ်သူ အကြမ်းဖက်သမားဟု မှားယွင်းရွေးချယ်မိခဲ့သည့်အတွက် ခရီးစဉ်ရွှေ့ဆိုင်းရမလိုဖြစ်နေကြောင်း BBC သတင်းဌာနက ဖော်ပြသည်။

အွန်လိုင်းမှလျှောက်ထားမှုတွင် အကြမ်းဖက်လှုပ်ရှားမှုများ သို့မဟုတ် လူမျိုးတုံးသတ်ဖြတ်မှုများတွင် ပါဝင်ခဲ့ဖူးသလားဆိုသော မေးခွန်းပါရှိပြီး မန်ဒီက “Yes” ကို မတော်တဆ ရွေးမိသွားခြင်းဖြစ်သည်။

အသက် ၂၉ နှစ်အရွယ်ရှိ မန်ဒီမှာ ၂၀၁၅ ခုနှစ်မှစ၍ သေနိုင်သည်အထိ ရင်သားကင်ဆာ ပြင်းထန်သောအဆင့်ကို ခံစားနေရပြီး ကုသမှုခံယူနေသူ ဖြစ်သည်။ သူ့လျှောက်ထားမှု ပယ်ချခံရမှသာ အမှားကို သတိပြုမိသည်ဟု မန်ဒီက ဆိုသည်။

ယင်းကိစ္စအတွက် လန်ဒန်ရှိအမေရိ ကန်သံရုံးတွင် သွားရောက်ညှိနှိုင်းခဲ့ရာ တွေ့ဆုံမေးမြန်းမှု အဆင့်ဆင့်ဖြတ်သန်းပြီးနောက် ဗီဇာအပြည့်အဝခွင့်ပြုမှု ရရှိခဲ့သည်ဟု သိရသည်။ သို့သော်လည်း သူစီစဉ်ထားသည့် လေယာဉ်ခရီးစဉ်အမီ ရရှိရန် မသေချာဟု ဆိုသည်။

ချစ်သူဖြစ်သော ရော့စ်နှင့် အတူသွားရောက်မည့်ခရီးစဉ်ကို ရက်ရွှေ့ဆိုင်းရန် သံရုံးက အကြံပြုထားသည်ဟုဆိုသည်။ လာမည့်လတွင် သွားရောက်မည့် အဆိုပါ ခရီးစဉ်အတွက် စတာလင်ပေါင် ၈၀၀ ခန့် အကုန်အကျခံ စီစဉ်ခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။ 

အက်စ်တာ (Esta) ဟု အတိုကောက် ခေါ်ဝေါ်သော ခရီးသွားလာမှုခွင့်ပြုချက်ဆိုင်ရာ အီလက်ထရောနစ်စနစ်မှာ အွန်လိုင်းမှ ဖြည့်သွင်းရသည့် ဖောင်ပုံစံဖြစ်ပြီး ဗြိတိန်နိုင်ငံသားများ အမေရိကန်သို့ သွားရောက်ရာတွင် ဗီဇာအပြည့် လျှောက်စရာမလိုဘဲ ကင်းလွတ်ခွင့်ပေးသည့် ပုံစံဖြစ်သည်။ 

မန်ဒီမှားရွေးမိသည့် မေးခွန်းအပြည့်အစုံမှာ“အကြမ်းဖက်လှုပ်ရှားမှုများ၊ သူလျှိုလုပ်မှု၊ အဖျက်အမှောင့်လုပ်ငန်း သို့မဟုတ် လူမျိုးသုဉ်းသတ်ဖြတ်မှုတွင် ပါဝင်ရန် ကြိုးပမ်းနေပါသလား၊ ပါဝင်ဖူးပါသလား” ဟူ၍ဖြစ်သည်။

ယင်းအတွက်ကြောင့် မန်ဒီသည် လန်ဒန်ရှိအမေရိကန်သံရုံးသို့လာပြီးဗီဇာ အပြည့်ယူရန် စတာလင်ပေါင် ၃၂၀ ပေးခဲ့ရသည်ဟု ဆိုသည်။ နောက်ဆုံးတွင် လက်ခံပေးခဲ့သော်လည်း ရရှိရန် သုံးရက်မှ ငါးရက်အထိကြာမည်ဟု သံရုံးဝန်ထမ်းများက ပြောခဲ့ပြီးခရီးစဉ် ရက်ရွှေ့ရန် တိုက်တွန်းခဲ့သည်ဟု ဆိုသည်။ 

F-03



  • VIA