News

POST TYPE

ABOUT US

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်အနိုင်ကျင့်ခံရပြီးနောက် မတရားမှုများစွာကို ပြန်လည်ရင်ဆိုင်သူ


ဘရစ်ဆာဒီအန်ဂူလိုသည် ဘိုလီးဗီးယားတွင် နေထိုင်ကြီးပြင်းခဲ့ပြီး ပျော်ရွှင်စရာကောင်းသော ငယ်ဘဝကိုရရှိခဲ့သည်။ သို့သော် ယင်းငယ်ဘဝ ပျော်စရာအချိန်များသည် အသက် ၁၅ နှစ်အရွယ်တွင် ပြီးဆုံးသွားခဲ့၏။ သူမတို့ ဆွေမျိုးနီးစပ်ထဲက ဩဇာညောင်း သူကြီးတစ်ဦး၏ အကြိမ်ကြိမ် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်စော်ကားခြင်းကိုခံစားခဲ့ရသည်။ တခြားမိသားစုဝင်တွေကို ထိခိုက်စေမည်ဆိုသော ထိုသူ၏ ခြိမ်း ခြောက်မှုကြောင့် သူပါးစပ်ပိတ်နေခဲ့ရသည်။ စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြင့် စိတ်ကျဝေဒနာရသည်။ ကျောင်းမှ ထွက်လိုက်ရသည်။ စားသောက်နေထိုင်မှုဆိုင်ရာ မူမမှန်သည့်ဝေဒနာရသည်။ သေကြောင်းကြံစည်ဖို့ အကြိမ်ကြိမ်ကြိုးစားမိခဲ့သည်။ 

အဆိုပါ အနိုင်ကျင့်ဖိစီးမှုများကို မိဘများထံသို့ တိုင်တောပြောဆိုဖို့ သတ္တိမွေးပြီးသည့်အခါ မိဘများက ထိုကိစ္စကို ရဲသွားတိုင်ပြီး ထိုကိစ္စကတရားရုံးသို့ ရောက်သည်။ သို့သော် အဆိုပါအမှုကိုလက်ခံလိုသည့် ရှေ့နေကိုအတော်ရှာရခက်သည်။ ရပ်ထဲရွာထဲက လူများကလည်း ပြောမနေပါနဲ့တော့ဟု ဝိုင်းပြောကြသည်။ သူတို့နှင့် ပြဿနာဖြစ်သူကဩဇာကြီးသူ ဖြစ်သည်။ ကောင်မလေးအိမ် နှစ်ကြိမ်တိုင်တိုင် မီးရှို့ခံရမလိုဖြစ်သည်။ ကားနှင့်တိုက်သတ်ခံရမည့်ဘေးကို ကြုံရသည်။ 

ထိုအချိန်က ဥပဒေကိုကျင့်သုံးပုံကလည်း ပြဿနာရှိသည်။ တရားရုံးများသို့ တက်လာသည့် ကလေးများပြုကျင့်ခံရသည့်အမှုများကို အရေးယူထောင်ချနူန်းက ဝ ဒသမ ၂ ရာခိုင်နူန်းသာရှိသည်။ တရားရုံးတွင် ဥပဒေသမား၊ ရှေ့နေက မေးမြန်းခြင်းမဟုတ်ဘဲ စွပ်စွဲခံရသူက ကလေးကိုမေးမြန်းနိုင်သည်။ နောက်ပြီးရှိသေးသည်က ကျင့်ကြံသူက လက်ထပ်ပေါင်းသင်းပါမည်ဟု ကတိပြုခဲ့ပြီး လက်ထပ်ပေးခဲ့လျှင် ထိုသူကိုထောင်ချ၍မရတော့။ မြင်ယောင်ကြည့်ပါ အသက် ၁၃ နှစ်အရွယ် ကလေးမလေးနှင့် ၄၀ ကျော် ပုဂ္ဂိုလ်ကြီးတို့ လက်ထပ်ရမည့် အဖြစ်သနစ်ကို။ ထိုအမှုကိုရင်ဆိုင်နေရရင်း ဒီအန်ဂူလိုသည် အဆိုပါ ဥပဒေကို ပြင်ဆင်ရမည်ဟုဆုံးဖြတ်ချက်ချခဲ့သည်။ ကျနေသောစိတ်ဓာတ်ကိုတင်းရင်း ကျောင်းပြန်တက်ကာ ဥပဒေဘွဲ့ကိုရအောင်ယူခဲ့သည်။ ဥပဒေပညာရှင်ဖြစ်မှ ထိုသူများကိုပညာပြန်ပေးနိုင်မည်။ ဘဝတူများကိုကယ်တင်နိုင်မည်။

“ကျွန်မကိုပါးစပ်ပိတ်ထားဖို့ ဖိအားတွေ ဝိုင်းပေးကြတယ်။ ဒါပေမဲ့ ကျွန်မပါးစပ်ပိတ်ပြီးမနေနိုင်တော့ဘူး” ဟု ယခုအသက် ၃၀ သို့ ရောက်နေပြီဖြစ်သည့် ဒီအန်ဂူလိုက ပြောကြားသည်။ “ကျွန်မတစ်ယောက်တည်းမဟုတ်ဘူးဆိုတာကို တွေ့လိုက်ရတယ်။ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်အမြတ်ထုတ်ခံရတဲ့ မိန်းကလေးပေါင်းများစွာရှိနေပါတယ်။ ကျွန်မတို့ တစ်ခုခုတော့ လုပ်ရမယ်” ဟုဒီအန်ဂူလိုက ဆိုသည်။တောင်အမေရိနိုင်ငံများထဲတွင် ဘိုလီးဗီးယားသည် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနူန်း အမြင့်မားဆုံးနိုင်ငံဖြစ်သည်။ ဘိုလီးဗီးယား အမျိုးသမီး ၁၀ ဦးလျှင် ၇ ဦးက ဘဝတစ်သက်တာတွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုခံစားခဲ့ရသည်။ 

၂၀၀၄ ခုနှစ်တွင် ထိုစဉ်က အသက် ၁၇ နှစ် ရှိပြီဖြစ်သည့် ဒီအန်ဂူလိုသည် မျှော်လင့်ချက်လေပြည်ညင်းဟု အဓိပ္ပာယ်ရသည့် Fundacion Una Brisa de Esperanza ကို တည်ထောင်ခဲ့သည်။ ဘိုလီးဗီးယား နိုင်ငံကိုချာဘန်ဘာဒေသတွင် အခြေစိုက်သည့်စင်တာဖြစ်ပြီး လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်အကြမ်းဖက်ခံရသော ကလေးများ၊ ဆယ်ကျော်သက်များအတွက် စိတ်ပိုင်းဆိုင်ရာ၊ ဥပဒေရေးရာ၊ ကျန်းမာရေးရာနှင့် လူမှုဖူလုံရေးဆိုင်ရာအကူအညီများပေးသည့် အဖွဲ့အစည်းဖြစ်သည်။ “ကျွန်မတို့က မိသားစုတွေနဲ့တွေ့တယ်။ ကလေးကိုအားကောင်းသန်စွမ်းခိုင်မာတဲ့ လွတ်မြောက်လာသူအဖြစ် အားပေးဆက်ဆံတယ်။ တရားရင်ဆိုင်နိုင်ပြီး စိတ်ဒဏ်ရာသက်သာအောင်လို့ သူလိုအပ်တဲ့ အကူအညီတွေကိုပေးတယ်” ဟု ဒီအန်ဂူလိုက ပြောကြားသည်။ ဘိုလီးဗီးယားရှိအနိုင်ကျင့်ခံဘဝမှ လွတ်မြောက်လာသူတို့၏ အခွင့်အရေးအတွက် ဥပဒေနှင့် မူဝါဒရေးရာပြုပြင်ပြောင်းလဲရေးချဉ်းကပ် အပြောင်းအလဲဖော်ဆောင်မှုဆိုင်ရာ Advocacy လုပ်ငန်းများလည်းလုပ်ကြသည်။ “ကျွန်မရဲ့ ကျန်ရှိနေသေးတဲ့ သက်တမ်းမှာ ကျွန်မကြုံခဲ့ရသလို တခြားမိန်းကလေးတွေလည်းမကြုံရအောင်လို့ ကာကွယ်သွားမယ်” ဟု ဒီအန်ဂူလိုက ပြောကြားသည်။ သူမနှင့်အဖွဲ့သည် လိင်အမြတ်ထုတ်ခံဘဝမှ ကြုံတွေ့လွတ်မြောက်ခဲ့သူ ဆယ်ကျော်သက်လူငယ် ၁၅၀၀ ကို ကူညီစောင့်ရှောက်ခဲ့ပြီးဖြစ်သည်။ 

“အမျိုးသမီးများကို ခွဲခြားမြင်ပြီးဆက်ဆံတာ ဘိုလီးဗီးယားမှာများစွာတွေ့ရတယ်။ အမျိုးသားတွေထက် တန်ဖိုးနိမ့်တယ်လို့ အမျိုးသမီးကိုမြင်တယ်။ ကလေးကဖြင့် မွေးမလာသေးဘူး ဒီလိုမြင်နေပြီ။ ကောင်လေးတစ်ယောက်ဖြစ်လာမယ်ဆိုရင် ယဉ်ကျေးမှုအရတက်တက်ကြွကြွ အင်တိုက်အားတိုက် ကျားကျားလျားလျားဖြစ်ရမယ်။ ထိန်းချုပ်နိုင်သူဖြစ်ရမယ်။ အကယ်၍ မိန်းကလေးတစ်ယောက်ဆိုရင်တော့ ငြိမ်နေပြီး ပြဿနာမရှာ၊ တိတ်တိတ်လေးနေရမယ်၊ ငယ်ငယ်လေးကတည်းက လမ်းကြောင်းကချပေးပြီးသား” ဟု ဒီအန်ဂူလိုက ပြောပြသည်။ အမျိုးသမီးများအပေါ် ထိုသို့ ဆက်ဆံမှုများရှိနေခြင်းကိုတားဆီးရန်အတွက် အလုပ်ရုံဆွေးနွေးပွဲသင်တန်းများပေးသည်။ အစိုးရ၊ ရဲတပ်ဖွဲ့၊ တရားသူကြီးများ၊ ဥပဒေအရာရှိများ၊ ကျောင်းများတို့နှင့် ပူးပေါင်းအလုပ်လုပ်ခဲ့သည်။ 

ကိုယ်ချင်းစာစိတ်ကင်းမဲ့သော လူ့တိရစ္ဆာန် များရှိရာ မြေကမ္ဘာဝယ် ဘိုလီးဗီးယားသာမကနေရာတိုင်းတွင် ဒီအန်ဂူလိုကဲ့သို့ အဖြစ်သနစ်များရှိနေပါသည်။ အဆိုးဆုံးသည်ကား ကျူးလွန်သူကို အပြစ်မပြောဘဲ ခံရသူကို အနေအထိုင်မတတ်လို့၊ အဝတ်အဆင်မတတ်လို့၊ မသွားသင့်တာသွားလို့၊ မိန်းကလေးလိုမနေလို့ အစရှိသဖြင့် အပြစ်တင်ကြခြင်းများဖြစ်သည်။ ဘယ်လောက်ပဲလုံအောင်ဝတ်ထားပါစေ ဆွဲဖြဲပစ်လို့ရပါသည်။ အဓိကသည်ကား ကျူးလွန်သူများကို ဥပဒေဖြင့် အပြစ်ပေးနိုင်ရေးနှင့် ကျူးလွန်ခြင်းကို အားပေးသောအမြင်များကို လူ့အဖွဲ့အစည်းကလက်မခံစေကြောင်း တိုက်တွန်းပြောင်းလဲနိုင်ရေးပေတည်း။

သန့်ဇင်စိုး