News

POST TYPE

2020 ELECTION

ပြည်ပရောက် မဲပေးပိုင်ခွင့်ရှိသူ ၁၈၈ ဦး၏ မဲလက်မှတ်များ ပထမအကြိမ် လွှဲပြောင်းပေးအပ်
19-Sep-2020
ရန်ကုန်၊ စက်တင်ဘာ ၁၉ 

အစိုးရ၏ခွင့်ပြုချက်ဖြင့် ပြည်ပနိုင်ငံများသို့ ရောက်ရှိနေသော ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၈၈ ဦး၏ ကြိုတင်ဆန္ဒမဲလက်မှတ်များကို စက်တင်ဘာလ ၁၈ ရက်နေ့က နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပထမအကြိမ် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံပြင်ပရောက်ရှိနေသည့် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ လက်မှတ်နှင့်စာအိတ်များကို စက်တင်ဘာလ ၂၃ ရက်နေ့ နောက်ဆုံးထားပေးပို့မည်ဖြစ်ပြီး ယခုပေးအပ်သည့် မဲလက်မှတ်နှင့် စာအိတ်များသည် ပထမအကြိမ် ပေးအပ်ခြင်းဖြစ် ကြောင်း၊ နိုင်ငံပြင်ပရောက် ဆန္ဒမဲပေးရန် ပုံစံ ၁၅ ဖြင့်လျှောက်ထားသူ တစ်သိန်းကျော်ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။

"ပုံစံ ၁၅ မှာ ဖြည့်သွင်းရမယ့်အချက်က အချက် ၉ ချက် ရှိပါတယ်။ အဓိကကတော့ သူအခုလက်ရှိရောက်နေတဲ့ နေရာ၊ သူတို့ရဲ့ မူလနေရာ လိပ်စာကတော့ အတိအကျဖော်ပြဖို့ လိုပါတယ်။ တောင်းဆိုတဲ့သူရဲ့ အမည်၊ တိုင်းရင်းသား လူမျိုး၊ မှတ်ပုံတင်အမှတ်၊ မွေးသက္ကရာဇ်၊ အသက်၊ အဖ၊ အမိအမည်၊ ပြည်တွင်းပြည်ပ ခွဲခြားဖော်ပြဖို့တော့ လိုတယ်။ ဒါမှသာ သူ့ရဲ့ မဲစာရင်းထဲပါအောင် ဆောင်ရွက်ပေးနိုင်မှာ ဖြစ်ပါတယ်။ နောက်တစ်ခါ ပြည်ပမှာ ရောက်ရှိနေတဲ့ လိပ်စာကို မှန်မှန်ကန်ကန် ဖြည့်သွင်းပေးနိုင်မှ ဆန္ဒမဲလက်မှတ်တွေကို သူ့ဆီပေးတဲ့အခါမှာ မှန်မှန်ကန်ကန် ရောက်သွားမှာ ဖြစ်ပါတယ်" ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်ဦးမြင့်နိုင်က ရှင်းပြသည်။

နိုင်ငံတိုင်းရှိ မြန်မာနိုင်ငံဆိုင်ရာ သံရုံးအများစုအနေနှင့် ကြိုတင်မဲပေးနိုင်ရန် အောက်တိုဘာလထဲတွင် မဲရုံဖွင့်လှစ်ပေးမည်ဟု သိရှိရပြီး ကြိုတင်မဲပေးပိုင်ခွင့်ရှိသူ များ၏ အမည်စာရင်းများကိုလည်း ထုတ်ပြန်ပေးလျက်ရှိကြောင်း၊ ထိုသို့ ကြိုတင်မဲပေးရာတွင် နိုင်ငံအလိုက် ထုတ်ပြန်ထားသည့် Covid-19 ကာကွယ်တားဆီးရေး စည်းကမ်းချက်များနှင့်အညီ အသေးစိတ်အစီအစဉ်များကို ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း သက်ဆိုင်ရာသံရုံးများ၏ ကြေညာချက်အရ သိရသည်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီ ၉၂ ပါတီရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၃၇ သန်းကျော်ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။

S-08