News

POST TYPE

2020 ELECTION

တပ်မတော်သားတွေ မဲပေးရန် တပ်ချုပ်ပြောကြား
23-Aug-2020
ရန်ကုန်၊ သြဂုတ် ၂၃

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တပ်မတော်သားတွေအနေနှင့်လည်း မဲပေးရန်လိုအပ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သြဂုတ်လ ၂၃ ရက်နေ့တွင်ပြောကြားလိုက်သည်။

သြဂုတ်လ ၂၃ ရက်နေ့က နေပြည်တော်တွင်ပြုလုပ်သည့် ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများမှ ဝေးလံခေါင်ဖျား၍ လမ်းပမ်းဆက်သွယ်ရေးခက်ခဲသောဒေသများရှိ မြို့နယ်၊ တိုက်နယ်ဆေးရုံများတွင် တာဝန်ထမ်းဆောင်ခဲ့သည့် တပ်မတော်သားဆရာဝန်များကို ဂုဏ်ပြုသည့်အခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ယင်းသို့ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

လာမည့် နိုဝင်ဘာလတွင် ပြုလုပ်မည့် ရွေးကောက်ပွဲမဲပေးရန်လိုအပ်ပြီး မိမိမဲပေးလိုသူကို စိတ်ကြိုက်ရွေးချယ်မဲပေးရမည်ဖြစ်ကြောင်း ကိုယ်ရွေးချယ်လိုက်သည့်သူသည် တိုင်းပြည်အတွက် အကျိုးရှိရန် လိုအပ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။

၂၀၁၁ ခုနှစ်မှစ၍ အစိုးရနှစ်ဆက် တာဝန်ယူခဲ့ပြီးဖြစ်၍ ယင်းအပေါ်တွင် ချိန်ထိုးကာ လူကောင်းများရစေရန် တပ်မတော်သားများမဲပေးရန် ကိုယ်တိုင်ဆန္ဒပြုကြရန်နှင့် ရောက်သည့်ဒေသများတွင်လည်း ပြည်သူများကို ယင်းသို့ပြောပြရန်လည်း တပ်ချုပ်က ဆက်လက်ပြောဆိုသည်။

“မဲကတော့ပေးရမယ်။ အသဲကြားကမဲတပြားဆိုတဲ့အတိုင်း မဲပေးဖို့လိုတယ်။ မဲပေးတယ်ဆိုတာကလည်း တိုင်းပြည်အတွက်ကောင်းရာကောင်းကျိူး ကိုယ်စားလှယ်ကောင်းတွေကို မင်းတို့ရွေးရမှာ။ မင်းတို့စိတ်ကြိုက်ရွေးရမှာဖြစ်တယ်။ ကိုယ်ရွေးတဲ့လူက တိုင်းပြည်အတွက်အကျိုးရှိဖို့လိုတယ်။ ကိုယ်ရွေးတာမသိဘဲနဲ့ လေသံဖမ်းတရားနာပြီးတော့ ပေးထည့်လိုက်လို့ ဒီလူက ကိုယ့်တိုင်းပြည်အတွက် အလုပ်မဖြစ်ဘူးဆိုရင်တိုင်းပြည်အတွက် ဆုံးရှုံးမှုကြီးပဲ” ဟု ၎င်းက ဆိုသည်။

လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် တပ်မတော်သားများ သီးသန့်မဲပေးရန်အတွက် တပ်မဲရုံများကို တပ်ပြင်ပများတွင် ထားရှိသွားမည်ဖြစ်ပြီး တပ်မဲရုံ ၆၀၀ ကျော်သတ်မှတ်ထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားသည်။

ယခင်က တပ်မဲရုံများကို တပ်ရင်းတပ်ဖွဲ့အတွင်းများထဲတွင်သာထားရှိခဲ့ပြီး ၂၀၁၉ ခုနှစ် အောက်တိုဘာလက ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် တပ်မဲရုံများကို တပ်ရင်းတပ်ဖွဲ့များ၏အပြင်၌ ထားရှိရန် ရွေးကောက်ပွဲနည်းဥပဒေပါ ပြဌာန်းချက်ကို အတည်ပြုခဲ့ခြင်းဖြစ်သည်။

S-04