News

POST TYPE

2020 ELECTION

ရွေးကောက်ပွဲစည်းရုံးရေးကို အွန်လိုင်းမှခွင့်ပြုမည်ဆိုပါက ကန့်ကွက်မည်ဟုဆို
22-Aug-2020
ဓာတ်ပုံ-ဇော်မိုးလွင်

ရန်ကုန်၊ သြဂုတ် ၂၂ 

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စည်းရုံးရေးလုပ်ငန်းများကို အွန်လိုင်းမှခွင့်ပြုမည်ဆိုပါက ကန့်ကွက်မည်ဖြစ်ကြောင်း လီဆူ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) ဥက္ကဋ္ဌ ဦးရွှေမင်းက The Voice Daily နှင့်တွေ့ဆုံစဉ် ပြောကြားသည်။

“အွန်လိုင်းနဲ့ဆိုရင် တော်တော်လေး ခက်ခဲပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့ အမာခံဒေသဖြစ်တဲ့ လီဆူဒေသကို ကြည့်မယ်ဆိုရင် တောင်တန်းဒေသ၊ တောင်ပေါ်ဒေသများတယ်။ အွန်လိုင်းမီဒီယာမပြောနဲ့ ဖုန်းလိုင်းတောင်မရှိတဲ့ နေရာတွေဖြစ်တယ်။ ကားလမ်းမပြောနဲ့ မြင်းလမ်း၊ လားလမ်းတောင် မရှိတဲ့နေရာ ဖြစ်တဲ့အတွက် အကယ်၍သာ အွန်လိုင်းမီဒီယာနဲ့ စည်းရုံးခွင့်ပြုခဲ့မယ်ဆိုရင် လုံးဝကန့်ကွက်သွားမယ်။ ကျွန်တော်တို့အနေနဲ့လည်း အွန်လိုင်းမီဒီယာနဲ့ အများကြီးအားနည်းတယ်။ ထိရောက်မှုအားနည်းတယ်လို့ သုံးသပ်တယ်” ဟု ၎င်းကဆိုသည်။

လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီအနေနှင့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်သုံးဦး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၉ ဦး၊ ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော်တွင် ကိုယ်စားလှယ် ၁၅ ဦးနှင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တွင် လီဆူတိုင်းရင်းသားရေးရာ ဝန်ကြီးနေရာတို့ ဝင်ရောက်ယှဉ်ပြိုင်ရန်ရှိကြောင်း ယင်းပါတီထံမှ သိရသည်။

“ကချင်ပြည်နယ်မှာ ၈ မြို့နယ်ပြိုင်မယ်။ သုံးမြို့နယ်သာ ဖုန်းလိုင်းရရှိတာ။ ကျန်တဲ့ ၅ မြို့နယ်က ဖုန်းလိုင်းတွေ ခက်ခဲတယ်။ အထူးသဖြင့် ဆော့လော်၊ ချီဖွေ၊ ခေါင်လန်ဖူးနယ်တွေက ဖုန်းမရဘူး။ ကိုဗစ်ကာလမှာ စည်းရုံးရေးအတွက် တော်တော်လေး ခက်ခဲပါတယ်။ ဒီနေ့အထိ ပါတီစည်းရုံးရေးကို လွတ်လွတ်လပ်လပ်လုပ်လို့ မရဘူး။ ကိုဗစ်ကာကွယ်ရေး ပညာပေးဟောပြောမှုနဲ့ တွဲပြီးတော့မှ ပါတီဘာလုပ်နေတယ်ဆိုတာကိုပဲ မိတ်ဆက်နေရတာ။ ပါတီအောင်နိုင်ရေး ဒီနေ့အထိ ဘာမှမလုပ်နိုင်ဘူး။ အဲဒါကြောင့် တတ်နိုင်သလောက် ဖြေလျှော့မှုတွေ လုပ်ပေးစေချင်တယ်” ဟု ဦးရွှေမင်းကဆိုသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါပိုး ကူးစက်ခံရသူ မတ်လ ၂၃ ရက်နေ့မှ ယနေ့အထိ ၄၃၅ ဦးရှိခဲ့ပြီး သေဆုံးသူ ၆ ဦးရှိခဲ့ကြောင်း၊ ရောဂါပိုးကင်းစင်သူ ၃၃၇ ဦးရှိကာ ၃၃၁ ဦးအားဆေးရုံဆင်းခွင့်ပြုခဲ့ကြောင်း၊ သတ်မှတ်နေရာများတွင် အသွားအလာကန့်သတ် စောင့်ကြည့်မှုများရှိပြီး သြဂုတ်လ ၁၆ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ရောဂါပိုးကူးစက်ခံရမှု တွေ့ရှိခဲ့သည့်အချိန်မှစတင်၍ ပြည်သူများအနေနှင့် ပေါ့လျော့စွာမနေကြဘဲ ညွှန်ကြားချက်၊ ပန်ကြားချက်များကို တိကျစွာလိုက်နာ ဆောင်ရွက်သွားကြရန် တိုက်တွန်းကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထပ်မံထုတ်ပြန်ထားသည်။ 

S -08