News

POST TYPE

2020 ELECTION

လော်ဝေါ်လူမျိုးများ မိမိတို့လူမျိုးပါတီကို ထောက်ခံအားပေးရန်တိုက်တွန်း
22-Aug-2020
ဓာတ်ပုံ-ဇော်မိုးလွင်

ရန်ကုန်၊ သြဂုတ် ၂၂

လော်ဝေါ်လူမျိုးများအနေနှင့် မိမိတို့လူမျိုးပါတီကို ထောက်ခံအားပေးပြီး မဲပေးကြရန် လော်ဝေါ်အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးမင်းခက်က The Voice Daily နှင့် တွေ့ဆုံစဉ် တိုက်တွန်းပြောကြားသည်။

“ကျွန်တော်တို့ပါတီက လော်ဝေါ်လူမျိုးကို အခြေခံပြီး တည်ဆောက်ထားတာဖြစ်တဲ့အတွက် လော်ဝေါ်နာမည်နဲ့ ရပ်တည်နေတဲ့သူ၊ လော်ဝေါ်ကို ချစ်မြတ်နိုးတဲ့သူအားလုံးက ကျွန်တော်တို့ပါတီကို အားပေးပြီးမှ မဲပေးကြပါလို့ ပြောချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ လော်ဝေါ်ကိစ္စ၊ လော်ဝေါ်လူမျိုးရဲ့အရေးကို လုပ်ဆောင်ပေးနိုင်တာ ကျွန်တော်တို့ ပါတီတစ်ခုတည်း ဖြစ်တယ်။ ကိုယ့်လူမျိုးရဲ့ ပြဿနာအကြောင်းအရာကို ကိုယ့်လူမျိုးကပဲ တင်ပြလို့ရတယ်။ လုပ်ဆောင်လို့ရတယ်။ အဲဒါကြောင့်မို့လို့ ကျွန်တော်တို့ပါတီကို လော်ဝေါ်လူမျိုးတွေမှန်သမျှ မဲပေးကြပါ လို့ မေတ္တာရပ်ခံပါတယ်” ဟု ၎င်းကဆိုသည်။

လော်ဝေါ်အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေနှင့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ကချင်ပြည်နယ် ဆော့လော်မြို့နယ် ပြည်သူ့လွှတ်တော်နေရာ၊ အမျိုးသားလွှတ်တော် အမှတ်(၉)၊ အမှတ်(၁၂)နေရာနှင့် ပြည်နယ်လွှတ်တော်အနေနှင့် ဝိုင်းမော်မြို့နယ် အမှတ် (၁)၊ မိုးကောင်းမြို့နယ်၊ အမှတ်(၂)နေရာ၊ ရှမ်းပြည်နယ်တွင် ကွမ်းလုံမြို့နယ် ပြည်သူ့လွှတ်တော်နေရာနှင့် ယင်းမြို့နယ်၊ ပြည်နယ်လွှတ်တော် အမှတ်(၁)နှင့် (၂)တို့တွင် ဝင်ရောက်ယှဉ်ပြိုင်ရန်ရှိကြောင်း ယင်းပါတီထံမှ သိရသည်။

“ပါတီကြီးတွေထဲမှာလည်း ကျွန်တော်တို့လော်ဝေါ်တွေ ထင်ထင်ရှားရှားနဲ့ အရေးပါတဲ့လူတွေရှိတယ်။ အဲဒါကြောင့် ကိုယ့်လူမျိုးအချင်းချင်း ပြိုင်ဆိုင်ရမလိုဖြစ်တာတွေလည်း ရှိတယ်။ ကျွန်တော်တို့ကတော့ သူတို့ကိုလည်း တိုက်ခိုက်တာ မဟုတ်ဘူး။ လူထုရဲ့ သဘောထားအတိုင်းပဲ လက်ခံမယ်။ လုပ်ဆောင်သွားမယ်။ အဓိကတော့ ကိုယ့်ရဲ့လူမျိုး၊ ကိုယ့်ရဲ့ပါတီ၊ ကိုယ့်အဖွဲ့အစည်းကိုထောက်ခံဖို့ ၊ အားပေးဖို့၊ အတူတူလုပ်ဆောင်ဖို့ စည်းရုံးတယ်” ဟု ဦးမင်းခက်က ဆိုသည်။

လော်ဝေါ်လူမျိုးများအနေနှင့် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်၊ ချီဖွေမြို့နယ်၊ ဆော့လော်မြို့နယ်တို့တွင် အဓိကနေထိုင်ကြပြီး လူဦးရေအားဖြင့် သုံးသိန်းဝန်းကျင်ရှိကြောင်း၊ မိမိတို့လော်ဝေါ်လူမျိုးရေးရာဝန်ကြီး နေရာရရှိရန် ကြိုးပမ်းလုပ်ဆောင်မည်ဖြစ်ကြောင်း၊ ပါတီမူဝါဒအနေနှင့် ငြိမ်းချမ်းရေးကို အဓိကဦးစားပေးထားပြီး လော်ဝေါ်ပြည်သူများ တန်းတူအခွင့်အရေးရရှိရန်အတွက် လုပ်ဆောင်သွားရန်ရှိကြောင်း ၎င်းကဆက်လက်ရှင်းပြသည်။

S -08