News

POST TYPE

2020 ELECTION

မျိုးချစ်စိတ်ထက် ပြည်ထောင်စုကိုချစ်မြတ်နိုးသည့် နိုင်ငံချစ်စိတ်ကိုဦးစားပေးရန် SNLD ပါတီ ဒုတိယဥက္ကဋ္ဌပြော
19-Aug-2020


ရန်ကုန်၊ သြဂုတ်  ၁၉

မျိုးချစ်စိတ်ထက် ပြည်ထောင်စုကိုချစ်မြတ်နိုးသည့် နိုင်ငံချစ်စိတ်ကို ပိုဦးစားပေးရန် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ ဒုတိယဥက္ကဋ္ဌ စိုင်းညွန့်လွင်က ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် ပြောကြားသည်။

သြဂုတ်လ ၁၉ ရက်နေ့က နေပြည်တော်တွင် အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများ ပါဝင်သည့် စတုတ္ထအကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ရာစု ပင်လုံညီလာခံကို စတင်ကျင်းပခဲ့ပြီး ယင်းညီလာခံတွင် နိုင်ငံရေးပါတီများအစုအဖွဲ့ကိုယ်စား စိုင်းညွန့်လွင်က အဖွင့်အမှာစကား ပြောကြားရာတွင် ယင်းသို့ထည့်သွင်းပြောခဲ့ခြင်းဖြစ်သည်။

တိုင်းပြည်တိုးတက်ရေးအတွက် မျိုးချစ်စိတ်မှတစ်ပါးအခြားမရှိဟု ပြောဆိုမှုများရှိနေပြီး မျိုးချစ်စိတ်သည် ရှိသည့်ရှိထိုက်သည့် စိတ်ဓတ်မျိုးဖြစ်ကြောင်း မျိုးချစ်စိတ်သည် လူမျိုးတိုင်း၏ မွေးရာပါ ဖွားဘက်တော်လည်းဖြစ်သော်လည်း လူမျိုးပေါင်းစုံ စုပေါင်းနေထိုင်သည့် ပြည်ထောင်စုနိုင်ငံဖြစ်သည့်အတွက် လူမျိုးတိုင်းတွင်ရှိနေသည့် မျိုးချစ်စိတ်များ တကွဲတပြားစီ မတူညီဘဲ ပြန့်ကြဲနေမှာဖြစ်ကြောင်း စိုင်းညွန့်လွင်က ဆက်လက်ပြောကြားသည်။

သူ့မျိုးချစ်စိတ်နှင့်သူ ဖြစ်နေမည်ဆိုလျှင် နီးစပ်ရန် ခက်ခဲနေမည်ဖြစ်ပြီး တိုင်းရင်းသားလူမျိုးအသီးသီးမှာ ရှိကြသည့် မျိုးချစ်စိတ်များကို စုစည်းနိုင်မည့် တစ်ခုတည်းသော စိတ်ဓါတ်မှာ ပြည်ထောင်စုကိုချစ်မြတ်နိုးသည့် နိုင်ငံချစ်စိတ်သာဖြစ်ကြောင်း အဆိုပါ စိတ်ဓါတ်ကိုသာ ပထမဦးစားပေးရမည်ဖြစ်ပြီး မျိုးချစ်စိတ်ကို ဒုတိယဦးစားပေးသင့်ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

“မျိုးချစ်စိတ်ထက်စာရင် ပြည်ထောင်စုကို ချစ်မြတ်နိုးတဲ့ နိုင်ငံချစ်စိတ်ကသာလျှင် အမျိုးသားရင်ကြားစေ့ရေးကို ဦးဆောင်နိုင်မှာဖြစ်ပါတယ်။ ပြည်ထောင်စုအတွင်း ညီညွတ်ရေးကို တည်ဆောက်နိုင်မှာပဲဖြစ်ပါတယ်။ အဲဒီလိုအခြေအနေကနေ ပြည်တွင်းငြိမ်းချမ်းရေးကို ထူထောင်နိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ထားပါတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ ညီလာခံတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားအဖွဲ့များကိုယ်စား ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်ဆစ် တို့ကလည်း အဖွင့်အမှာစကားများ အသီးသီးပြောကြားခဲ့သည်။

ယခုကျင်းပနေသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ရာစု ပင်လုံညီလာခံကို သြဂုတ်လ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့ထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။

S-04