News

POST TYPE

2020 ELECTION

မဲမပေးရေးကမ်ပိန်း စက်တင်ဘာတွင် စတင်မည်ဟု ဗကသဆို
19-Aug-2020
ရန်ကုန်၊ သြဂုတ် ၁၈

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ၂၀၂၀ ရွေးကောက်ပွဲကို မဲမပေးရေးကမ်ပိန်းလှုပ်ရှားများကို စက်တင်ဘာလတွင် စတင်လှုပ်ရှားမည် ဖြစ်ကြောင်း ယင်းအဖွဲ့ချုပ်ထံမှ သိရသည်။

လာမည့် ၂၀၂၀ ရွေးကောက်ပွဲသည် ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်တွင် ကျင်းပခြင်းဖြစ်ပြီး ယင်းဥပဒေကို ဗကသများအဖွဲ့ချုပ်အနေဖြင့် လက်ခံမှုမရှိသည့်အတွက် ရွေးကောက်ပွဲကို အသိအမှတ်မပြု၍ သပိတ်မှောက်ခြင်းဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် မဲမပေးရေး (No Vote) တီရှပ်နှင့် အွန်လိုင်းလှုပ်ရှားမှုအချို့ကို ပြုလုပ်နေပြီး စက်တင်ဘာလအလယ်လောက်တွင် အခြားလှုပ်ရှားမှုများ စတင်မည်ဖြစ်ကြောင်း ဗကသများအဖွဲ့ချုပ်မှ အတွင်းရေးမှူး ကိုထူးခန့်သော်က ရှင်းပြသည်။

"ကျွန်တော်တို့အယူအဆကို ပြည်သူတွေသိအောင်လုပ်တဲ့ လှုပ်ရှားမှုတွေပဲ အဓိကလုပ်မှာပါ။ ဗဟိုတစ်ခုတည်းလုပ်မှာ မဟုတ်ဘူး။ အောက်ခြေက သမဂ္ဂတွေပါ ပါမှာ။ လက်ရှိက ကျောင်းတွေ ပိတ်ထားတဲ့အတွက် သူ့နယ်နဲ့သူပေါ့။ ရွေးကောက်ပွဲ မပြီးခင်အထိ လုပ်သွားမှာပါ" ဟု ဗကသ များအဖွဲ့ချုပ်မှ ဒုဥက္ကဋ္ဌကိုအောင်ပြည့်စုံဖြိုး ကဆိုသည်။

ယခုသပိတ်မှောက်ခြင်းသည် ဗဟို (ဗကသများအဖွဲ့ချုပ်) မှလုပ်ခြင်းဖြစ်ပြီး တစ်ဦးတစ်ယောက်ချင်းစီက မဲပေးမည်ဆိုပါက သူတို့၏ လုပ်ပိုင်ခွင့်သာဖြစ်ပြီး အပြစ်တင်ပြောဆိုလို့မရကြောင်း ၎င်းကထပ်မံပြောဆိုသည်။

ဗကသများအဖွဲ့ချုပ်၏ မဲမပေးရေးကမ်ပိန်းတွင် ပြည်သူလူထုကို မဲမပေးရန် စည်းရုံးမည်မဟုတ်ဘဲ ဗကသများအဖွဲ့ချုပ်အနေနှင့် မဲမပေးရသည့် အကြောင်းအရင်းကိုသာ ရှင်းပြမည်ဖြစ်ပြီး ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်တွင် ကျင်းပသည့် ရွေးကောက်ပွဲများသည် ပြည်သူ့အကျိုးကို ဆောင်ရွက်နိုင်မည့်အစိုးရ ဖြစ်လာမည်မဟုတ်ဘဲ ပြည်သူများအနေဖြင့် လူတစ်ဦး၊ တစ်ယောက်၊ အဖွဲ့အစည်း တစ်ခုအပေါ်ထက် ကိုယ့်အားကိုယ်ကိုးရန်လိုကြောင်း ဗကသများအဖွဲ့ချုပ်မှ အတွင်းရေးမှူး ကိုထူးခန့်သော်က ပြောသည်။

၂၀၂၀ ရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ယင်းရွေးကောက်ပွဲတွင် မဲမပေးရေးကမ်ပိန်း လုပ်ဆောင်မည့် ဗကသများအဖွဲ့ချုပ်၏ သတင်းစာရှင်းလင်းပွဲကို သြဂုတ် ၈ ရက်တွင် မန္တလေးရတနာပုံ တက္ကသိုလ်ရှိ ကျောင်းသားများသမဂ္ဂ ရုံးခန်းတွင် ပြုလုပ်ခဲ့သည်။

J-02