News

POST TYPE

2020 ELECTION

မန္တလေးတိုင်းအတွင်းရှိ မဲရုံများအတွက် အထူးရဲငါးထောင်ကျော် ရွေးချယ်ပြီးဟုဆို
18-Aug-2020
မန္တလေး၊ သြဂုတ် ၁၈

မန္တလေးတိုင်းအတွင်းရှိမဲရုံများ၌ တာဝန်ထမ်းဆောင်ရန်လျှောက်ထားခဲ့သူများအနက်မှ အထူးရဲတပ်ဖွဲ့ဝင် ငါးထောင်ကျော်ကို စိစစ်ရွေးချယ်ခဲ့ပြီးဖြစ်ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့ထံမှ သိရသည်။ 

မန္တလေးတိုင်းအတွင်း မဲရုံအရေအတွက်စုစုပေါင်း ၅၄၄၃ ရုံရှိမည်ဖြစ်ကြောင်း မန္တလေးတိုင်း ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှလည်း ထုတ်ပြန်ထားသည်။ 

မန္တလေးတိုင်းတွင်ရှိမည့် မဲရုံအရေအတွက်အတိုင်း အထူးရဲတပ်ဖွဲ့ဝင်များကို စိစစ်ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး အထူးရဲတပ်ဖွဲ့ဝင်များကို အောက်တိုဘာလ ၁ ရက်မှ အောက်တိုဘာလ ၂၈ အထိတစ်လကြာ သင်တန်းပေးမည်ဟု မန္တလေးတိုင်းရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး မောင်မောင်အေးက ပြောကြားသည်။ “လျှောက်လွှာခေါ်ပြီးလို့ ရွေးပြီးသွားပြီ။ စိစစ်ပြီးပြီ။ ကော်မရှင်ထုတ်ပြန်ထားတဲ့ မဲရုံအရေအတွက်အတိုင်း လျှောက်လွှာခေါ်ခဲ့တယ်”ဟု ၎င်းကရှင်းပြသည်။ 

ရွေးကောက်ပွဲအတွက် တာဝန်ထမ်းဆောင်မည့် အထူးရဲတပ်ဖွဲ့ဝင်များ၏သက်တမ်းမှာ ရွေးကောက်ပွဲ အကြိုကာလမှ ပြီးဆုံးသည့်အထိ တစ်လတာကာလဖြစ်ပြီး ရဲတပ်သားသစ်တစ်ဦး၏ လစာနှင့်ရိက္ခာ ခံစားခွင့်ရမည်ဖြစ်ကြောင်း၊ အမြဲတမ်းရဲတပ်ဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်မည်ဆိုပါက သတ်မှတ်အရည်အချင်းများနှင့်ကိုက်ညီပါက ဆက်လက်ခန့်အပ်တာဝန်ထမ်းဆောင်ခွင့်ရမည်ဖြစ်ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့က အသိပေးထားသည်။

မဲရုံများတွင် အထူးရဲတပ်ဖွဲ့များအတွက် အရည်အချင်းသတ်မှတ်ချက်များမှာ အသက် ၁၈နှစ်မှ ၆၀နှစ် အတွင်းရှိသူ၊ ကိုယ်လက်အင်္ဂါမချို့ယွင်းသူ၊ကျန်းမာသန်စွမ်းသူ၊အလယ်တန်းဆင့်အောင်မြင်သူ၊ အရပ် မပုလွန်း၊ ခန္ဓာကိုယ်မဝလွန်းသူ၊ ရပ်ကျေးမှထောက်ခံပြီး သမာသမတ်ရှိ၍ နယ်မြေခံများမှ ယုံကြည် လေးစားသူဖြစ်ရမည်ဟု လျှောက်လွှာတွင်ဖော်ပြထားသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည်ဖြစ်ရာ မန္တလေးတိုင်းအတွင်းရှိ မဲရုံပေါင်းငါးထောင်ကျော်တွင် အထူးရဲတစ်ဦး၊မီးသတ်နှစ်ဦး၊ရပ်ကျေးအုပ်ချုပ်ရေးတာဝန်ရှိသူနှစ်ဦးတို့ တာဝန်ချထားမည်ဖြစ်သည်။

ဘုန်းမြတ်