News

POST TYPE

2020 ELECTION

မန္တလေးတိုင်းတွင် ကိုယ်စားလှယ်လောင်းအရည်အချင်းမမီသူ တစ်ဦးကို အမည်စာရင်းမှပယ်ဖျက်
18-Aug-2020


မန္တလေး၊ သြဂုတ် ၁၈

လာမည့်ရွေးကောက်ပွဲ၌ မန္တလေးတိုင်းအတွင်းမှ ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းထားသည့် ကိုယ်စားလှယ်များအနက်မှ အရည်အချင်းပြည့်မီခြင်းမရှိသည့် ကိုယ်စားလှယ်လောင်းတစ်ဦးကို အမည်စာရင်းမှ ပယ်ဖျက်လိုက်ကြောင်း မန္တလေးတိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။ 

လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းလွှာများကို သြဂုတ်လ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့ အထိစိစစ်ခဲ့ရာ နိုင်ငံသားဖြစ်မှုတွင် ကိုယ်စားလှယ်လောင်းအရည်းအချင်းမပြည့်မီသည့်အတွက် ပယ်ဖျက်လိုက်ခြင်းဖြစ်ကြောင်း၊ ပယ်ဖျက်ခံရသည့်ကိုယ်စားလှယ်လောင်းအနေနှင့် ခုနစ်ရက်အတွင်း အယူခံတက်နိုင်ကြောင်း မန္တလေးတိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးရှိန်ဝင်းကပြောကြားသည်။ 

“သူ့အဖေက နိုင်ငံသားဖြစ်မှုမဖြစ်မှုမှာ ညိစွန်းနေတဲ့အတွက် ပယ်လိုက်တယ်ဆိုပြီး ခရိုင်ကော်မရှင်ကနေ ကျွန်တော်တို့ဆီတက်လာတယ်။ ဖြေရှင်းချက်ပေးဖို့ သူ့ကို အချိန်ခုနစ်ရက်ပေးထားတယ်။ ဒီအချိန်မှာ ဘယ်ပါတီကပါဆိုတာ ပြောလို့မသင့်သေးဘူး။ သူ့ကိုပယ်လိုက်ပေမယ့် စိစစ်ရမယ့်ရက် ကျန်နေသေးတဲ့အတွက် ပါတီတို့နာမည်တို့တော့မပြောတော့ပါဘူး”ဟု ၎င်းကရှင်းပြသည်။ 

ကိုယ်စားလှယ်လောင်းအမည်စာရင်းမှပယ်ဖျက်ခံရသူမှာ မန္တလေးတိုင်း မဟာအောင်မြေမြို့နယ်မဲဆန္ဒနယ်အမှတ်-၂ မှ တိုင်းဒေသကြီးလွှတ်တော် နေရာအတွက် အမည်စာရင်းတင်းသွင်းထားသူဟု စုံစမ်းသိရှိရသည်။ 

လွှတ်တော်အသီးသီး၏မဲဆန္ဒနယ်များအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်းများကို ဇူလိုင်လ ၂၀ ရက်နေ့မှ သြဂုတ်လ ၇ ရက်နေ့ထိတင်သွင်းနိုင်ပြီး လွတ်တော်ကိုယ်စားလှယ်လောင်း ရုတ်သိမ်းလိုပါက သြဂုတ်လ ၁၀ ရက်နေ့၊နောက်ဆုံးထားရုတ်သိမ်းနိုင်ကြောင်း၊ လွှတ်တော်ကိုယ်စာလှယ်လောင်း အမည်စာရင်းတင်သွင်းလွှာများကို သြဂုတ်လ ၁၁ မှ ၁၇ ရက်နေ့အထိ စီစစ်မည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။ 

ထိုသို့ လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့ရာ နိုင်ငံရေးပါတီ ၂၀ ပါတီနှင့် တစ်သီးပုဂ္ဂအပါအဝင်စုစုပေါင်း ၅၄၄ ဦး အမည်စာရင်းတင်သွင်းခဲ့သော်လည်း ညီညွတ်သောဒီမိုကရက်တစ်ပါတီမှ ကိုယ်စားလှယ်လောင်းတစ်ဦး အမည်စာရင်းရုတ်သိမ်းထားသည်ဟု မန္တလေးတိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။ 

ရတီ

ဓာတ်ပုံ- ရတီ