News

POST TYPE

2020 ELECTION

M.K.T ဆောက်လုပ်ရေးက အလုပ်သမား ၈၅၀ ကို ကြိုတင်မဲထည့်ရန် စေခိုင်းခြင်းမရှိဟု ရှင်းလင်း
18-Aug-2020


ရန်ကုန်၊ သြဂုတ် ၁၇

M.K.T ဆောက်လုပ်ရေးအနေနှင့် ပြည်တော်သစ်အိမ်ရာတွင် အလုပ်လုပ်ကိုင်သည့် အဝေးရောက်အလုပ်သမားများကို ကြိုတင်မဲထည့်ရန်စေခိုင်းခြင်းကိစ္စရပ်များ လုပ်ဆောင်ထားခြင်းမရှိကြောင်း အဆိုပါဆောက်လုပ်ရေးလုပ်ငန်းမှ မန်နေဂျင်းဒါရိုက်တာ ဦးမျိုးမြင့်က ပြောကြားသည်။

အလုပ်သမားအင်အား ၈၅၀ ခန့်ကို မဲစာရင်းပေးသွင်းရန် ရွေးကောက်ပွဲကော်မရှင်သို့ လာရောက်တင်သွင်းထားကြောင်း အွန်လိုင်းသတင်းစာမျက်နှာတွင် ပျံ့နှံ့နေသည့်ကိစ္စရပ်ကို သြဂုတ်လ ၁၇ ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ ပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းဆောက်လုပ်ရေးလုပ်ငန်းအနေနှင့် ပြည်တော်သစ်အိမ်ရာစီမံကိန်းသည် လက်ရှိတွင်တည်ဆောက်ပြီးစီးနေပြီဖြစ်သည့် အိမ်ရာစီမံကိန်းတစ်ခုဖြစ်ပြီး ကိုဗစ်ကာလမတိုင်ခင် လူဦးရေ ၆၀ဝ ခန့် နှင့် ကိုဗစ်ကာလတွင် လူဦးရေအနည်းငယ်ဖြင့်သာ ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါဆောက်လုပ်ရေးထံမှ သိရသည်။

"ပါတီတစ်ခုကိုကြိုတင်မဲပေးပြီး ပုံစံဖြည့်ထားတယ်ဆိုတာ မဟုတ်ပါဘူး။ ကျွန်တော်တို့က စီးပွားရေးသမားတွေဖြစ်တော့ နိုင်ငံရေးကို စိတ်မဝင်စားဘူး။ ကိုယ်တိုင်တောင် ဗိုလ်တထောင်မြို့နယ်မှာ နေထိုင်တာ အနှစ် ၂၀ ကျော်နေပြီ။ အခုမဲစာရင်းမှာ ကိုယ့်နာမည်မပါလို့ ပြန် ပြောထားရသေးတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင်မှာလည်း စုံစမ်းနိုင်ပါတယ်" ဟု ဦးမျိုးမြင့်က ပြောဆိုသည်။

လက်ရှိ M.K.T ဆောက်လုပ်ရေးသည် နိုင်ငံဝန်ထမ်းအိမ်ရာစီမံကိန်း၊ ပြည်သူ့အငှားအိမ်ရာစီမံကိန်းနှင့် အစိုးရဝန်ကြီးဌာနများက တင်ဒါခေါ်ယူထားသည့် စီမံကိန်းများကို လုပ်ကိုင်လျက်ရှိကြောင်း ယင်းလုပ်ငန်းထံမှ သိရသည်။

J-03