News

POST TYPE

2020 ELECTION

PACE အဖွဲ့ကို ရွေးကောက်ပွဲ စောင့်ကြည့်ခွင့် ပြန်ပေးမည်ဟုဆို
18-Aug-2020
ရန်ကုန်၊ သြဂုတ်  ၁၇

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲစောင့်ကြည့် လေ့လာခွင့်ပိတ်ခဲ့သော ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE )ကို ရွေးကောက်ပွဲစောင့်ကြည့်ခွင့် ပြန်ပေးရန် ကော်မရှင်ဘက်က ဆက်သွယ်လာကြောင်း အဆိုပါ PACE အဖွဲ့ထံမှသိရသည်။

ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ကို လာမည့် ၂၀၂၀ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာခွင့်ကို ပြည်ပရန်ပုံငွေများ ရယူထားခြင်းဟုဆိုကာ ကော်မရှင်က ကန့်သတ်ခဲ့ခြင်းဖြစ်ပြီး ယင်းသို့ကန့်သတ်ခဲ့သည့်အပေါ် ယင်းအဖွဲ့အပါအဝင် အခြားအရပ်ဘက် လူမှုအဖွဲ့အစည်းများက ကန့်ကွက်သည့် ထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့ပြီးနောက် ကော်မရှင်အနေနှင့် ယခုကဲ့သို့ ပြန်လည်ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

လက်ရှိအနေအထားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က PACE အဖွဲ့ထံ ဖုန်းဖြင့် ဆက်သွယ်လာခဲ့ပြီး ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာခွင့် ပြန်ပေးအပ်သွားမည်ဟု အကြောင်းကြားခဲ့ကြောင်း တရားဝင်အကြောင်းကြားစာပေးပို့ခြင်းတော့ မရှိ သေးကြောင်း PACE အဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

ရွေးကောက်ပွဲ ပွင့်လင်းမြင်သာမှုကို မြှင့်တင်နိုင်ရန် ပြည်တွင်းအရပ်ဘက်အဖွဲ့အစည်းအားလုံး လွတ်လပ်စွာပါဝင်ဆောင်ရွက်နိုင်ရေးကို ရှေးရှုပြီး ယင်းသို့ဆုံးဖြတ်လိုက်သည့်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်းလည်း PACE  အဖွဲ့က ဆိုသည်။

PACE အဖွဲ့သည် လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် စောင့်ကြည့် လေ့လာသူဦးရေ ၂၉၀ဝခန့် အသုံးပြုကာ ရွေးကောက်ပွဲဖြစ်စဉ်တစ်ခုလုံးကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စောင့်ကြည့်နိုင်ရန် ပြင်ဆင်ထားပြီး ယင်းသို့ လျှောက်ထားခဲ့ ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

ထို့ပြင် ယင်းအဖွဲ့သည် ယခင်ကျင်းပခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ၊ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၁၈ ရန်ကုန် မြို့တော်စည်ပင်သာယာရွေးကောက်ပွဲများတွင် စောင့်ကြည့်လေ့လာခွင့် ရရှိခဲ့ သည့်အဖွဲ့လည်းဖြစ်သည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့တွင် ပြုလုပ်ရန် ကြေညာထားပြီး ပြည်တွင်းနှင့်နိုင်ငံတကာစောင့်ကြည့်လေ့လာသူများ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာခွင့်ကို စတင်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း ဇူလိုင်လ ၇ ရက်က ကြေညာခဲ့ပြီး စောင့်ကြည့်လေ့လာခွင့်ပြုသည့် အဖွဲ့အတိအကျကိုမူ ကြေညာရခြင်းမရှိသေးပေ။

S-04