News

POST TYPE

2020 ELECTION

မန္တလေးတိုင်းအတွင်းကပ်ထားသည့် မဲစာရင်းများအနက် ပြင်ဆင်၊ ကန့်ကွက်၊ ဖြည့်စွက်သူပေါင်း နှစ်သိန်းခွဲခန့်ရှိ
17-Aug-2020
မန္တလေး၊ သြဂုတ် ၁၆

မန္တလေးတိုင်းအတွင်း ကပ်ထားပေးသည့် မဲပေးပိုင်ခွင့်ရှိသူများစာရင်းကို ကြည့်ရှုသူပေါင်း ၁၅ သိန်းခန့် (၁,၄၃၈,၇၀ဝ ကျော်)ရှိခဲ့ပြီး ပြင်ဆင်၊ ကန့်ကွက်၊ ဖြည့်စွက်သူပေါင်း နှစ်သိန်းခွဲခန့်(၂၄၆,၉၇၅ ဦး)ရှိခဲ့ကြောင်း မန္တလေးတိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။ 

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် မဲပေးခွင့်ရှိသူများစာရင်းကို ပထမအကြိမ်အဖြစ် ဇူလိုင်၂၅ မှ သြဂုတ်လ ၁၄ ရက်နေ့အထိ သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်စု ရွေကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများနှင့် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် ၂၁ ရက်ကြာ ကပ်ထားကြေညာပေးခဲ့ရာ ယင်းအချိန်အတွင်း လာရောက်ကြည့်ရှုသူ ၁,၄၃၈,၇၀ဝ ကျော်ရှိခဲ့ပြီး ပြင်ဆင်၊ ကန့်ကွက်၊ ဖြည့်စွက်သူ ၂၄၆,၉၇၅ ဦး ရှိခဲ့ကြောင်း  မန္တလေးတိုင်းရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးရှိန်ဝင်းက ပြောကြားသည်။ 

မဲစာရင်းတွင် အမည်မပါဝင်သဖြင့် ပုံစံ-၃ ဖြင့် အမည်ထည့်သွင်းပေးရန် တောင်းဆိုသူ ၁၄၅,၇၄၃ ဦး၊ မပါဝင်သင့်သူများ ပါဝင်နေပါသဖြင့် ပုံစံ-၄ဖြင့် ကန့်ကွက်သူ ၃၄,၄၀ဝ ဦး၊ မဲစာရင်းအချက်အလက်များ မှားယွင်းနေသဖြင့် ပုံစံ-၄-ဂ ဖြင့် ပြင်ဆင်လွှာတင်သွင်းသူ ၆၆,၈၃၂ ဦး ရှိခဲ့ကြောင်း ၎င်းကရှင်းပြသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မန္တလေးတိုင်း၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၄,၄၂၄,၇၂၇ ဦးရှိခဲ့ပြီး  ဆန္ဒမဲပေးသည့်နေ့တွင် လာရောက်ဆန္ဒမဲပေးခဲ့သူ ၃,၂၂၃,၈၄၅ ဦးရှိခဲ့သည့်အတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ၏ ၇၂ ဒသမ ၈၆ ရာခိုင်နှုန်း ရှိခဲ့ကြောင်း မန္တလေးတိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက အသိပေးခဲ့သည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားသည်။    

ရတီ