News

POST TYPE

2020 ELECTION

UBP ပါတီ ကိုယ်စားလှယ်လောင်းစာရင်းတွင် အငြိမ်းစားစစ်မှုထမ်း ၁၅ ဦးပါဝင်
17-Aug-2020


ရန်ကုန်၊ သြဂုတ် ၁၆

ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းစာရင်း၌ အငြိမ်းစားစစ်မှုထမ်းဟောင်း ပါဝင်မှုသည် ရာခိုင်နှုန်းအနေနှင့် ၁ ဒသမ ၆ ရာခိုင်နှုန်းဖြင့် ၁၅ ဦး ဝင်ရောက်အရွေးချယ်ခံမည်ဖြစ်ကြောင်း ပြည်ထောင်စုကောင်းကျိုး ဆောင်ပါတီ (UBP) ၏ ပြန်ကြားရေးတာဝန်ခံ ဒေါ်စုစုလှိုင်က ပြောကြားသည်။

ရန်ကုန်မြို့ လှိုင်မြို့နယ်၌ ကျင်းပသည့် UBP ပါတီ၏ မူဝါဒနှင့် ရှေ့လုပ်ငန်းစဉ်များ ရှင်းလင်းပွဲတွင် ၎င်းကပြောကြားခဲ့ခြင်းဖြစ်သည်။

UBP ပါတီတွင် ၂၀၂၀ ရွေး ကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၉၂၀ ကျော်ရှိပြီး နိုင်ငံဝန်ထမ်းအနေနှင့် ၂၅ ရာခိုင်နှုန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ကိုင်သူ ၂၂ ရာခိုင်နှုန်းနှင့် စီးပွားရေးလုပ်ငန်းရှင်နှင့် အခြားလုပ်ငန်းလုပ်ကိုင်သူ ၅၃ ရာခိုင်နှုန်း ပါဝင်မည်ဖြစ်ကြောင်း ယင်းပါတီထံမှသိရသည်။ 

ရွေးကောက်ခံကိုယ်စားလှယ်များ ဝင်ရောက်ယှဉ်ပြိုင်ရာတွင် အသက် ၆၅ နှစ်အထက် လူကြီးပိုင်း ၁၂ ရာခိုင်နှုန်းသာ ပါဝင်ပြီး လူငယ်နှင့် လူလတ်ပိုင်း ၆၀ ရာခိုင်နှုန်း၊ အမျိုးသမီး ၁၅ ရာခိုင်နှုန်း အထိပါဝင်မည်ဖြစ်ကြောင်း ဒေါ်စုစုလှိုင် က ပြောကြားသည်။

"ပညာအရည်အချင်းအလိုက် ဘွဲ့လွန်၊ ဘွဲ့ရ၊ မဟာဘွဲ့များအထိရရှိထားတဲ့သူများကတော့ ၆၄ ရာခိုင်နှုန်း ပါဝင်ပြီးတော့ ဘွဲ့ကြိုတန်းကိုရရှိသူက ၁၂ ရာခိုင်နှုန်းပါဝင်တာဖြစ်ပါတယ်" ဟု ၎င်းကဆိုသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခု စလုံးတွင် ရွေးကောက်ခံကိုယ်စားလှယ် ၈၀ ရာခိုင်နှုန်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ် ၂၉ နေရာတွင် ၂၅ နေရာအထိ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

UBP ပါတီကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်း က တည်ထောင်ခဲ့ခြင်းဖြစ်သည်။

နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) အနေနှင့် မြို့နယ်ပေါင်း ၂၆၁ မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်နှင့် တိုင်းရင်းသားကိုယ်စားလှယ် စုစုပေါင်း ၉၂၇ ဦး ဝင်ရောက်ယှဉ် ပြိုင်မည်ဖြစ်ကြောင်း ယင်းပါတီထံမှ သိရသည်။

J-03