News

POST TYPE

2020 ELECTION

မန္တလေးတိုင်းတွင် ရွေးကောက်ပွဲလေ့လာနိုင်ရန် ပြည်တွင်းအဖွဲ့တစ်ဖွဲ့လျှောက်ထား
16-Aug-2020


မန္တလေး၊ သြဂုတ် ၁၅

ယခုနှစ်တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကိုလေ့လာနိုင်ရန် ပြည်တွင်းအဖွဲ့တစ်ဖွဲ့ လာရောက် လျှောက်ထားကြောင်း မန္တလေးတိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။ 

ရွေးကောက်ပွဲ လေ့လာနိုင်ရန် အတွက် ပြည်တွင်းစောင့်ကြည့်ရေးအဖွဲ့ဖြစ်သည့် ကနောင်အင်စတီကျုမှ မန္တလေး တိုင်းအတွင်းကြည့်ရှုခွင့်ပြုရန် လျှောက်ထားခြင်းဖြစ်ကြောင်း မန္တလေးတိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲဥက္ကဋ္ဌ ဦးရှိန်ဝင်းက ပြောကြားသည်။

“ခုတော့ ကျွန်တော်တို့ဆီမှာ စောင့်ကြည့်လေ့လာမယ့်သူတွေအတွက် နည်းလမ်းတွေ ညွှန်ကြားထားတယ်။ အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ မှတ်ပုံတင်ထားခြင်း ရှိ၊ မရှိ၊ အသင်းအဖွဲ့မှတ်ပုံတင်ထားခြင်းရှိရင် အသင်းအဖွဲ့ မှတ်ပုံတင်မိတ္တူနဲ့ တွဲတင်ရမယ်။ မရှိရင် မရှိကြောင်း အသင်းအဖွဲ့ခေါင်းဆောင်ကဖော်ပြပြီး တင်ရမယ်။ နောက်တစ်ချက်က ဒီအသင်းအဖွဲ့ကို ထောက်ပံ့ကူညီတဲ့ အခြေအနေနဲ့ အဖွဲ့အစည်းပေါ့။ ပြည်တွင်းက ဘယ်သူတွေထောက်ပံ့တယ်။ ပြည်ပက ဘယ်သူတွေ ထောက်ပံ့တယ်။ ဒါတွေ တင်သွင်းရမယ်”ဟု ၎င်းက ရှင်းပြသည်။

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကိုလေ့လာလိုသည့် ပြည်တွင်း အဖွဲ့အစည်းများအနေနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့်လေ့လာလိုသည့်ပြည်နယ်၊ တိုင်း၊ ခရိုင်၊ မြို့နယ် အလိုက် သက်ဆိုင်ရာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ၊ နိုင်ငံတကာမှ ရွေးကောက်ပွဲ လေ့လာလိုသူများသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် ရွေးကောက်ပွဲလေ့လာခွင့်ကို ဇူလိုင် လ ၇ ရက်နေ့မှ အောက်တိုဘာ ၁၅ ရက် နေ့အထိ လျှောက်ထားနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က ကြေညာထားသည်။ 

ယင်းအပြင် လွှတ်တော်ရွေးကောက်ပွဲများလေ့လာရာတွင် ပြည်တွင်းနှင့် နိုင်ငံတကာရွေးကောက်ပွဲ လေ့လာသူများ လိုက်နာရမည့်ကျင့်ဝတ်များနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လအတွင်းကပင် ထုတ်ပြန်ထားသည်။ 

မန္တလေးတိုင်းအတွင်း ရွေးကောက်ပွဲ စောင့်ကြည့်မှုများကို လူဦးရေ ၂၀၀ ဦး ဖြင့် စောင့်ကြည့်ရန် လျာထားကြောင်း၊ ရွေးကောက်ပွဲဖြစ်စဉ် တစ်ခုလုံးကို စောင့်ကြည့်မည်ဖြစ်ပြီး ရွေးကောက်ပွဲတွင် လူငယ်များပါဝင်မှုကို ကန့်သတ်မှုများ ရှိနေခြင်း ရှိ၊ မရှိ၊ ရွေးကောက်ပွဲတွင် လူငယ် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ပါဝင်မှုအနေအထားများ၊ မဲဆွယ်ကာလတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများမှ လူငယ်များနှင့် ပတ်သက်၍ ပေးအပ်မည့်ကတိကဝတ်များကို လေ့လာသွားမည်ဖြစ်ကြောင်း ကနောင်အင်စတီကျုမှ အမှုဆောင်ဒါရိုက်တာ ကိုသန်းမြတ်စိုးက ပြောကြားသည်။

“တစ်လောတုန်းက ကော်မရှင်နဲ့အရပ်ဘက်အဖွဲ့အစည်းတွေ တွေ့ကြတယ်။ အဲဒီပွဲမှာ ကျွန်တော်တို့ တွေ့တယ်။ UEC ဥက္ကဋ္ဌ ဦးလှသိန်းကိုယ်တိုင် တက်တယ်။ ဒီမှာ သူတို့ဖြေသွားတာက အသင်းအဖွဲ့ မှတ်ပုံတင်မရှိလည်း စောင့်ကြည့်လေ့လာ ခွင့်ပြုမယ်ဆိုပြီးတော့ ပြောသွားတယ်။ ဒါပေမဲ့လို့ လက်တွေ့မှာတော့ စောင့်ကြည့် လေ့လာဖို့ သင်းဖွဲ့မှတ်ပုံတင်တောင်းလာတာမျိုးတွေတွေ့ရတယ်။ ဒါပေမဲ့ ကျွန်တော် တို့အဖွဲ့ဆိုရင် ခြောက်လပိုင်းကတည်းက သင်းဖွဲ့မှတ်ပုံတင်ကိုတင်ထားတယ်။ အခုချိန်ထိတော့ ကျမလာသေးဘူး။ UEC ကိုတော့ လျှောက်ထားဆဲလို့ တင်လိုက်တယ်။ စောင့်ကြည့်လေ့လာခွင့်က အခွင့် အရေးတစ်ခုလို့ထင်တယ်။ ကိုယ့်အခွင့် အရေးကို သူများဆီမှာသွားပြီးတောင်း နေရတာကလည်း သဘာဝတော့မကျလှဘူး။ သို့သော်လည်း စောင့်ကြည့်လေ့လာ ခွင့်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ စောင့်ကြည့်လေ့လာမှုတွေလုပ်မယ်”ဟု ၎င်းက ဆက်လက်ပြောဆိုသည်။ 

ရွေးကောက်ပွဲဖြစ်စဉ်တစ်ခုလုံးကိုလေ့လာစောင့်ကြည့်သွားမည်ဖြစ်ပြီး လေ့လာတွေ့ရှိချက်များကို ကနောင် အင်စတီကျုက အစီရင်ခံစာ ထုတ်ပြန်သွားမည်ဖြစ်သည်။ 

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်အထွေထွေ ရွေးကောက်ပွဲတွင် စောင့်ကြည့်လေ့လာသည့်အဖွဲ့ငါးဖွဲ့ရှိခဲ့သည်ဟု မန္တလေးတိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။ 

ရတီ