News

POST TYPE

2020 ELECTION

ရွေးကောက်ပွဲနှင့် ငြိမ်းချမ်းရေး တိုက်ရိုက်အချိုးကျဟုဆို
11-Jul-2020
ရန်ကုန်၊ ဇူလိုင် ၁၁

ရွေးကောက်ပွဲနှင့် ငြိမ်းချမ်းရေးသည် တိုက်ရိုက်အချိုးကျသည်ဟု ပြောဆို၍ရကြောင်း ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ ဒုဥက္ကဋ္ဌ(၁) ဦးစောမြတ်ထွဋ်ဝင်းက The Voice Daily သို့ ပြောကြားသည်။

"ကျွန်တော်တို့ ကရင်ပြည်နယ်အနေနဲ့ပြောမယ်ဆိုရင် ရွေးကောက်ပွဲနဲ့ ငြိမ်းချမ်းရေးက တိုက်ရိုက်အချိုးကျတယ်လို့ ပြောလို့ရတယ်။ ၂၀၁၁-၁၂ လောက်က KNU ဥက္ကဋ္ဌကြီး ဗိုလ်ချုပ်ကြီး မူးတူးစေးဖောဝင်လာတဲ့အချိန်မှာ ငြိမ်းချမ်းရေး ကမ်းလှမ်းတယ်။ စကားပြောတယ်။ ငြိမ်းချမ်းရေးတိုးတက်လာတာနဲ့အတူတူ ရွေးကောက်ပွဲကိုလည်း နယ်တွေအတော်တော်များများမှာတိုးချဲ့ကျင်းပနိုင်ခဲ့တယ်။ အနက်ရောင်နယ်မြေ၊ အညိုရောင်နယ်မြေတွေမှာလည်း ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့စည်းပြီးတော့ မဲဆန္ဒနယ်တွေ ချဲ့ထွင်နိုင်ခဲ့ တယ်။ အဲဒါသက်သေပါပဲ"ဟု ၎င်းကပြောဆိုသည်။

ဦးစောမြတ်ထွဋ်ဝင်းသည် ၁၉၈၄ ခုနှစ်တွင် ဘားအံမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွင် ဒုဦးစီးဖြင့် ဒုရုံးအဖွဲ့မှူးအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ၈၈ အရေးအခင်းကာလတွင် ကော့ကရိတ်မြို့နယ် ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူးအဖြစ်လည်းကောင်း၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့လက်ထက်တွင် ပြည်နယ်အတွင်းရေးမှူး(၂)အဖြစ်လည်းကောင်း၊ ကော့ကရိတ်ခရိုင်၊ ဘာအံခရိုင် အုပ်ချုပ်ရေးမှူးအဖြစ်လည်းကောင်း၊ ဖာပွန်ခရိုင် ဖွဲ့စည်းရာတွင် ခရိုင်အုပ်ချုပ်ရေးမှူးအဖြစ်လည်းကောင်း အဆင့်ဆင့်တာဝန်ထမ်းဆောင်ခဲ့ပြီး ကမောက်မောင်း-ဘာအံလမ်းဖောက်လုပ်ရာတွင် တာဝန်ယူခဲ့ကာ ၃၂ နှစ်ခန့် နိုင်ငံ့တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်သည်။

"မငြိမ်းချမ်းခင်က ဒီဘားအံမြို့ဆိုတာက မြို့စွန်ထွက်ဖို့တောင် အခက်အခဲရှိတယ်။ မြို့ထဲအထိဝင်ပစ်တယ်။ ဒါတွေက ကျွန်တော်ကိုယ်တိုင်ကြုံခဲ့တယ်။ လုံခြုံရေးမရှိဘဲနဲ့ သြားလို့မရဘူး။ ကြာအင်းဆိပ်ကြီး၊ မြဝတီ၊ သံတောင်ဆိုရင်ပိုဆိုးပေါ့။ သို့သော်လည်း ဒီနေ့နှစ် ၃၀ ခန့်ကြာခဲ့တဲ့ဒီအချိန်မှာ အစိုးရအဆက္ဆက္က ငြိမ်းချမ်းရေးဆောင်ရွက်ချက်များအရ ဘယ်မြို့မဆို နေ့ချင်းပြန်သွားလို့ရနေပြီ။ ဘယ်လုံခြုံရေးမှ မလိုတော့ဘူး" ဟု ဦးစောမြတ်ထွဋ်ဝင်းကဆိုသည်။

ယခုအခါ ကရင်ပြည်နယ်အတွင်းရှိ KNU၊ DKBA၊ KNLA-PC၊ BGF၊ မွန်ပြည်သစ်ပါတီ စသည့်လက်နက်ကိုင်တပ်ဖွဲ့များရှိပြီး တပ်ဖွဲ့အားလုံး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ်(NCA) ကို လက်မှတ်ရေးထိုးထားပြီးဖြစ်သည်။

S -08