News

POST TYPE

2020 ELECTION

နတ်တလင်း ပြည်သူ့လွှတ်တော်နေရာကိုလယ်သမားအရေးတကြွ်ကလှုပ်ရှားသူတစ်ဦးက တစ်သီးပုဂ္ဂလဝင်ပြိုင်မည်
10-Jul-2020


နတ်တလင်း၊ ဇူလိုင် ၉ 

ပဲခူးတိုင်းသာယာဝတီခရိုင် နတ်တလင်းမြို့နယ်မှ လယ်သမားအရေးနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦးဖြစ်သည့် ကိုသန့်ဇင်ထက်ဆိုသူသည် လာမည့် ၂၀၂၀ အ‌ထွေ‌ထွေ‌ရွေးကောက်ပွဲတွင် နတ်တလင်းပြည်သူ့လွှတ်တော်နေရာအတွက် တစ်သီးပုဂ္ဂလကိုယ်စားလှယ်အဖြစ် ဝင်‌ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

"ကျွန်တော်တို့မှာ မိတ်ဖက်ပါတီတွေရှိတယ်။ ပြည်မမှာဆိုရင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီလို ပါတီမျိုးတွေ၊ ပြည်နယ်မှာဆိုရင် တိုင်းရင်းသားပါတီတွေပေါ့၊ UNA နဲ့ UNDP တို့လို မိတ်ဖက်ပါတီမျိုးတွေရှိတယ်။ ဒီလိုပါတီတွေနဲ့ မိတ်ဖက်အရ ဆက်ဆံရေးနဲ့ သွားမယ်။ ကျွန်တော်တို့က သေချာတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ ဒေသလိုအပ်ချက်အရ ရွေးကောက်ပွဲဝင်ရခြင်းဖြစ်တယ်" ဟု ကိုသန့်ဇင်ထက်က ပြောဆိုသည်။

ယင်းအပြင် ၂၀ဝ၈ဖွဲ့စည်းပုံအခြေခံ ဥပဒေဖျက်သိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ စနစ်ထူထောင်ရေးနှင့် ကျေးလက်နှင့်မြို့ပြ ဟန်ချက်ညီညီ ဖွံ့ဖြိုးရေးစသည့် ရွေးကောက်ပွဲဆိုင်ရာမူဝါဒများချမှတ်ပြီး ရွေးကောက်ပွဲဝင်မည်ဖြစ်သလို လွှတ်တော်တွင်း နိုင်ငံရေးကိုလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် မိတ်ဖက်အနေနှင့် ဆောင်ရွက်သွားမည်ဟုလည်း ၎င်းက ဆက်လက် ပြောဆိုသည်။

NLD ပါတီအနေနှင့် မြို့ခံပြည်သူများ မနှစ်သက်သည့် ကိုယ်စားလှယ်များကို အုပ်စုဖွဲ့လုပ်ဆောင်ပြီး ပြန်လည် ရွေးချယ်ထားခြင်းကြောင့် ယခုကဲ့သို့ ရွေး‌ကောက်ပွဲဝင်ပြိုင်သည့်နည်းဖြင့် ဖြတ်သန်းရခြင်းဖြစ်သည်ဟုလည်း ကိုသန့်ဇင်ထက်က ထပ်မံပြောကြားသည်။

လာမည့် ၂၀၂၀ ရွေးကောက်ပွဲ၌ ပဲခူးတိုင်းအတွင်း တစ်သီးပုဂ္ဂလအနေဖြင့် ရွေးကောက်ပွဲယှဉ်ပြိုင်မည့်သူ အများအပြားရှိနေပြီး  အလုပ်သမားနှင့် လယ်သမားကိုယ်စားပြု တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်း ၁၁ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ဇူလိုင်လ ၆ ရက်‌‌နေ့က ထုတ်ပြန်ထားသည်။

ပြည်‌ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေနှင့်ကိုယ်စားလှယ်လောင်း၏ ကိုယ်ရေးအချက်အလက်များနှင့် အခြားလိုအပ်သော စာရွက်စာတမ်းများနှင့်အတူ စာရင်းပေးသွင်းပြီး ကော်မရှင်က သတ်မှတ်ထားသည့် ငွေကြေးကိုတင်သွင်းကာ ဝင်ရောက်ယှဉ်ပြိုင်နိုင် သည်ဟု အသိပေးထားသည်။ 

လမင်း (VOM)