News

POST TYPE

2020 ELECTION

ရွေးကောက်ပွဲတွင် အတွေ့အကြုံရှိပြီးသား လူလတ်ပိုင်းများကို ရွေးထုတ်မည်
25-Mar-2020


ရန်ကုန်၊ မတ် ၂၅

အင်းအမျိုးသားဖွံဖြိုးတိုးတက်ရေးပါတီအနေနှင့် လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အတွေ့အကြုံရှိပြီးသား လူလတ်ပိုင်းများကို ရွေးထုတ်မည်ဖြစ်ကြောင်း ယင်းပါတီဥက္ကဋ္ဌ ဦးဝင်းမြင့်က The Voice Daily သို့ ပြောကြားသည်။

“စတင်ဖွဲ့စည်းကတည်းက လူလတ်ပိုင်းတွေများတယ်။ အသက် ၅၀ အရွယ်လူလတ်ပိုင်းတွေပေါ့။ သူတို့က အတွေ့အကြုံရှိပြီးသား၊ အနစ်နာခံပြီးသားတွေဆိုတော့ သူတို့ကိုပဲရွေးထုတ်သွားမှာပါ။ ၂၀၂၅ ရွေးကောက်ပွဲကျမှ လူသစ်တွေကို ရွေးထုတ်ပါ့မယ်”ဟု ၎င်းကဆိုသည်။

ညောင်ရွှေမြို့နယ်အတွင်းရှိ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး ၊ပြည်နယ်လွှတ်တော်နှင့် အင်းတိုင်းရင်းသားရေးရာ ဝန်ကြီးနေရာအပါအဝင် စုစုပေါင်း ၅ နေရာကို အဓိကထားယှဉ်ပြိုင်မည်ဖြစ်ကြောင်း၊ ယင်းမြို့နယ်သည် ပါတီရုံးချုပ်ရှိရာ မြို့နယ်တစ်ခုဖြစ်ပြီး အင်းတိုင်းရင်းသား အများဆုံးရှိသဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရခြင်းဖြစ်ကြောင်း ယင်းပါတီထံမှ သိရသည်။

“တိုင်းရင်းသားနာမည်ကို ယူပြီးဖွဲ့ထားတဲ့ပါတီဆိုတော့ တိုင်းရင်းသားရေးရာကို ဦးစားပေးပါတယ်။ ကိုယ့်ဒေသဖွံဖြိုရေးအတွက်ပဲ အဓိကထားပြီးတော့ လုပ်ဆောင်သွားဖို့ အရင်ကတည်းက ဆုံးဖြတ်ချက်ချထားတယ်။ အင်းလေးဒေသမှာရှိတဲ့ ရှမ်း၊ ပအိုဝ်း၊ တောင်ရိုးအပါအဝင် အင်းလေးဒေသ စီးပွားရေးဖွံဖြိုးဖို့၊ နိုင်ငံရေးအမြင်ပွင့်လင်းဖို့၊ နိုင်ငံရေးမှာ တစ်ထောင့်တစ်နေရာကနေ ပါဝင်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်”ဟု ဦးဝင်းမြင့်ကဆိုသည်။

အင်းအမျိုးသားဖွံဖြိုးတိုးတက်ရေးပါတီသည် ၂၀၁၀ ပြည့်နှစ်၊ ဧပြီလ ၂၉ ရက်နေ့တွင် ပါတီတည်ထောင်ခွင့်လျှောက်ထားခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အမှတ်စဉ် ၂၇ ဖြင့် ခွင့်ပြုပေးထားသည့် ပါတီတစ်ခုဖြစ်ကာ ပါတီနယ်မြေအဖြစ် ရှမ်းပြည်နယ်အတွင်း သတ်မှတ်ထားသည့်ပါတီတစ်ခုဖြစ်ကြောင်း၊ ၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် ညောင်ရွှေမြို့နယ်အတွင်းရှိ မဲဆန္ဒနယ်အားလုံးကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အနိုင်ရရှိခဲ့သော်လည်း ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ရွေးချယ်ခံခဲ့ရခြင်းမရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။

S -08