News

POST TYPE

2020 ELECTION

ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်က ဒေသခံကိုယ်စားလှယ်လောင်းများကို အဓိကထား ရွေးချယ်မည်
23-Mar-2020


ရန်ကုန်၊ မတ် ၂၂

ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်က ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဒေသခံကိုယ်စားလှယ်လောင်းများကို အဓိကထားဦးစားပေး ရွေးချယ်မည်ဖြစ်ကြောင်း ယင်းပါတီဥက္ကဋ္ဌ ဒေါက်တာခွန်လှမောင်က The Voice Daily သို့ ပြောကြားသည်။

"အဓိကကတော့ ဒေသကိုအခြေခံပြီး လူကြိက်များတဲ့သူကို ရွေးချယ်ဖို့ရှိပါတယ်။ ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ကိုယ်စားလှယ်လောင်းရွေးချယ်တဲ့နေရာမှာ အခက်အခဲတွေ အများကြီးကြုံရတယ်။ ဖိအားပေးခံရလို့ မလုပ်ချင်တဲ့သူရယ်၊ အမုန်း မခံချင်လို့ ရှောင်သွားတဲ့သူရယ် ရှိတတ်ပါတယ်" ဟု ၎င်းကရှင်းပြသည်။

ပြည်ထောင်စု ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်ပါတီသည် ၂၀၁၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် တောင်ကြီး၊ ဟိုပုန်း၊ ဆီဆိုင်၊ ပင်လောင်း၊ ရပ်စောက်၊ မောက်မယ် စသည့်မြို့နယ်တို့တွင် ပြည်သူ့လွှတ်တော်၊  အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော် နေရာများတွင် ၁၃ နေရာဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း အနိုင်ရရှိခဲ့ခြင်းမရှိပေ။

"လူငယ်တွေ၊ အမျိုးသမီးတွေအရွေးခံဖို့ ဝင်လာရင် ကျွန်တော်တို့လူကြီးတွေက နေရာဖယ်ပေးမယ်။ လူငယ်တွေဆိုတာက နိုင်ငံရေးခံယူချက်ရှိဖို့ အရေးကြီးတယ်" ဟု ဒေါက်တာခွန်လှမောင်က ဆိုသည်။

ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်အနေနှင့် မြို့နယ် ၇ မြို့နယ်တွင် ပါတီရုံးခွဲများ ဖွင့်လှစ်ထားပြီး ယင်းမြို့နယ်ပါတီ ရုံးခွဲများရှိသည့် မြို့နယ်အားလုံးတွင် ရပ်/ ကျေးရုံးခွဲများ ဖွင့်လှစ်ထားပြီးဖြစ်ကာ ပါတီဝင်အင်အား တစ်သောင်းခန့်ရှိကြောင်း ယင်းပါတီထံမှ သိရသည်။    

S-08