News

POST TYPE

2020 ELECTION

အမျိုးသမီးကိုယ်စားလှယ်လောင်းများ ပိုမိုရွေးချယ်ရန် လိုအပ်ဟုဆို
19-Mar-2020
ရန်ကုန်၊ မတ် ၁၉ 

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသမီးကိုယ်စားလောင်း ၃၀ ရာခိုင်နှုန်းကျော် ပါဝင်ရွေးချယ်ခံနိုင်ရန် ပါတီများအနေနှင့် အမျိုးသမီးကိုယ်စားလှယ်လောင်းများ ပိုမိုရွေးချယ်ပေးရန်လိုအပ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားသည်။

“အမျိုးသမီးတွေအပေါ်မှာ အမုန်းစကားတွေနဲ့တိုက်ခိုက်ကြတယ်။ ဒါကြောင့် အမုန်းစကားတွေပပျောက်ရင် အမျိုးသမီးကိုယ်စားလောင်းတွေ များများပါဝင်လာနိုင်တယ်ဆိုပြီး အမုန်းစကားတွေ တိုက်ဖျက်သွားဖို့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်နေတာရှိပါတယ်။ ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေ အနေနဲ့ကလည်း အမျိုးသမီးကိုယ်စားလှယ်လောင်းတွေ များများရွေးချယ်ပေးဖို့ လိုအပ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး သတင်းထုတ်ပြန်ရေးခန်းမတွင် မတ်လ ၁၉ ရက်မွန်းလွဲ ၂ နာရီက ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်အချို့၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံလူဦးရေတွင် အမျိုးသားများထက် အမျိုးသမီးဦးကရေ ပိုများနေသော်လည်း ၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် ကိုယ်စားလှယ်ပေါင်း ၃၀၆၉ ဦးအနက် အမျိုးသမီး ၁၂၇ ဦးပါဝင်ခဲ့ရာ ၄ ဒသမ ၁ ရာခိုင်နှုန်းရှိကြောင်း၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်ပေါင်း ၆၀၃၈ ဦး ရှိပြီး အမျိုးသမီးဦးရေ ၈၀၀ ပါဝင်ခဲ့ရာ ၁၃ ရာခိုင်နှုန်းရှိခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်ပေါင်း ၁၁၅၀ ဦးရွေးချယ်ခံခဲ့ရပြီး အမျိုးသမီးများအနေနှင့် ပြည်သူ့လွှတ်တော်တွင် ၄၄ ဦး၊ အမျိုးသားလွှတ်တော်တွင် ၂၃ ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်တွင် ၈၄ ဦး ရွေးချယ်ခံခဲ့ရသည်။

မြန်မာနိုင်ငံသည် အမျိုးသမီးများအားနည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ သဘောတူစာချုပ် (CEDAW) ပါ အချက်အလက်များကို လိုက်နာအကောင်အထည်ဖော်ရန် ၁၉၉၇ ခုနှစ်က အတည်ပြုလက်မှတ်ရေးထိုးထားရာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ယခင်နှစ်ရွေးကောက်ပွဲများထက် အမျိုးသမီးကိုယ်စားလှယ်လောင်းများ ပိုမိုပါဝင်လာနိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနှင့် လူမှုအဖွဲ့အစည်းများ၊ အမျိုးသမီးအဖွဲ့အစည်းများ၊ NGO၊INGO အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

S -08