News

POST TYPE

2020 ELECTION

နာဂအမျိုးသားပါတီ စစ်ကိုင်းနှင့် ကချင်တွင် အဓိကထားယှဉ်ပြိုင်မည်
19-Mar-2020
ရန်ကုန်၊ မတ် ၁၈

နာဂအမျိုးသားပါတီအနေနှင့် နာဂလူမျိုးအများစုနေထိုင်ရာ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် အဓိကထား ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ယင်းပါတီဥက္ကဋ္ဌ ဦးရှုမောင်က The Voice Daily သို့ ပြောကြားသည်။

"လောလောဆယ်တော့ ဘယ်နှနေရာလောက် ဝင်ပြိုင်မယ်ဆိုတာ မဆုံးဖြတ်ရသေးဘူး။ အကြမ်းအားဖြင့်တော့ နာဂလူမျိုးအများစုနေထိုင်တဲ့ စစ်ကိုင်းတိုင်း နဲ့ ကချင်ပြည်နယ်မှာ အဓိကဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ ရည်မှန်းထားတယ်။ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော် အစုံပြိုင်မှာပါ။ ကိုယ်စားလှယ်လောင်းတွေနဲ့ ပတ်သက်လို့လည်း ဘာမှမလုပ်ရသေးတော့ တိတိကျကျပြောမရသေးဘူး" ဟု ၎င်းကဆိုသည်။

နာဂအမျိုးသားပါတီသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် အခြေစိုက်ထားပြီး ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့က ပါတီတည်ထောင်ခွင့် လျှောက်ထားခဲ့ရာ စက်တင်ဘာလ ၂၅ ရက်နေ့တွင် အမှတ်စဉ် ၁၂၀ ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ခွင့်ပြုပေးထားသည့်ပါတီတစ်ခုဖြစ်ကာ မြို့နယ်ပါတီရုံးခွဲပေါင်း ၁၀ ခုကျော်နှင့် ရပ်ကျေးရုံးခွဲပေါင်း ၃၀ ခန့်ဖွင့်လှစ်ထားကြောင်း ယင်းပါတီထံမှ သိရသည်။

"လောလောဆယ်တော့ ရုံးခွဲဖွင့်တာရယ်၊ ပါတီရဲ့ရည်ရွယ်ချက်၊ ရည်မှန်းချက်တွေချပြ ဆွေးနွေးတာရယ်၊ ရွေးကောက်ပွဲကော်မရှင်ဥပဒေ ပြင်ဆင်တာတွေနဲ့ပတ်သက်လို့ ပြန်လည်ဆွေးနွေးနေတာတွေ ရှိတယ်။ တခြားပါတီတွေနဲ့ကတော့ ပြည်ထောင်စုအဆင့်၊ ဒေသအဆင့် ခွဲခြားပြီးတော့ ဆွေးနွေးပူးပေါင်းသွားဖို့တော့ အစီအစဉ်ရှိပါတယ်" ဟု ဦးရှုမောင်က ပြောကြားသည်။

စစ်မှန်ပြည့်ဝသော ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်သို့ တက်လှမ်းရာတွင် နာဂဒေသရှိ လူထုတစ်ရပ်လုံးနှင့်အတူ လက်တွဲကာ ငြိမ်းချမ်းသောနည်းလမ်းများဖြင့် ကြိုးပမ်းဆောင်ရွက်သွားရန်၊ နာဂလူမျိုးများနှင့် နာဂဒေသရှိ ပြည်သူတစ်ရပ်လုံး ကိုယ်စားပြုလျက် ဒေသခံတို့၏ အခြေခံရပိုင်ခွင့်နှင့် တန်းတူညီမျှမှုတို့အတွက် ပြည်ထောင်စုစိတ်ဓာတ်ကိုအခြေခံလျက် ငြိမ်းချမ်းသောနည်းလမ်းများဖြင့် ကြိုးပမ်းဆောင်ရွက်သွားရန်၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး စသည့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စအဝ၀အတွက် ဒေသနှင့် ဆီလျော်မည့် နည်းလမ်းများဖြင့် ကြိုးပမ်းဆောင်ရွက်သွားရန်၊ လွတ်လပ်ခြင်း၊ ဒီမိုကရေစီလူ့အခွင့်အရေးတို့ ပိုင်ဆိုင်ပြီး       ပြည်ထောင်စုသား သွေးချင်းတို့နှင့်အတူ ငြိမ်းချမ်းခေတ်မီသော ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ အရောက်လှမ်းနိုင်ရေး ဦးဆောင်ကြိုးပမ်း ဆောင်ရွက်သွားရန် စသည့်ရည်ရွယ်ချက်များ ချမှတ်ထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ မှသိရသည်။

S-08