News

POST TYPE

2020 ELECTION

ရွေးကောက်ပွဲတွင် မြို့နယ် ၅၀ ခန့် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု NDF ပြော
18-Mar-2020
ရန်ကုန်၊ မတ် ၁၇

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မြို့နယ် ၅၀ ခန့် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေ က The Voice Daily သို့ ပြောကြားသည်။

"ကိုယ်စားလှယ်လောင်း အရည်အချင်းတွေကို နှစ်စဉ်လုပ်ထားတဲ့အထဲကနေ ပြန်ချုံ့ပြီးတော့ ကျစ်လျစ်အောင်လုပ်ဆောင်နေတယ်။ လက်ရှိဖြစ်နေတဲ့ အခြေအနေတွေကို သုံးသပ်ပြီးတော့ ဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေကို စည်းရုံးနေတယ်။ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်တွေမှာပါ ဝင်ပြိုင်မှာ" ဟု ၎င်းကဆိုသည်။

အမျိုးသားဒီမိုကရေစီအင်အားစုအနေနှင့် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီ နယ်မြေ၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် အဓိကဝင်ရောက်ယှဉ်ပြိုင်ရန်ရှိကြောင်း၊ တိုင်းနှင့် ပြည်နယ် ၁၄ ခုတွင် မြို့နယ်ပါတီရုံးခွဲ ၁၂ ရုံးခန့် ဖွင့်လှစ်ထားကြောင်း ယင်းပါတီထံမှ သိရသည်။

အမျိုးသားဒီမိုကရေစီအင်အားစု ပါတီသည် ၂၀၁၀ ပြည့်နှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ခွဲထွက်ပြီး ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ယင်းနှစ် မေလ ၂၇ ရက်နေ့က လျှောက်ထားခဲ့ရာ ဇူလိုင်လ ၉ ရက်နေ့တွင် ပါတီအမှတ်စဉ် ၃၈ ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ၁၆ နေရာ အနိုင်ရရှိခဲ့သည်။ 

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ထပ်မံဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း အနိုင်ရရှိခဲ့ခြင်းမရှိပေ။

"၂၀၁၅ ကတော့ NLD ပါတီကိုမဲပေးဖို့ တိုင်းရင်းသားအဖွဲ့တွေ၊ NGO တွေက ဝိုင်းပြီးတွန်းအားပေးတဲ့အတွက်ကြောင့် နိုင်သွားတာ။ အခုလာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာတော့ NLD ကလည်း ၂၀၁၅ တုန်းကလို နိုင်လိမ့်မယ် မဟုတ်တော့ဘူး။ ၂၀၁၅ မှာ မနိုင်ခဲ့တဲ့ပါတီတွေဟာ အခု ၂၀၂၀ ရွေးကောက်ပွဲအပြီး လွှတ်တော်နိုင်ငံရေးမှာ ထဲထဲဝင်ဝင် လုပ်လာနိုင်လိမ့်မယ်လို့ ယုံကြည်တယ်" ဟု 
ဦးခင်မောင်ဆွေက ဆိုသည်။

S-08