News

POST TYPE

2020 ELECTION

အခြေအနေပေါ်မူတည်၍ တိုင်းရင်းသားပါတီများနှင့်ညှိနှိုင်းမည်ဟု တစညပါတီဆို
16-Mar-2020


ရန်ကုန်၊ မတ် ၁၅ 

၂၀၂၀ ရွေးကောက်ပွဲတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီအနေနှင့် ရွေးကောက်ပွဲကာလ အခြေအနေပေါ်မူတည်၍ တိုင်းရင်းသားပါတီများနှင့် ညှိနှိုင်းဆောင်ရွက်မည်ဖြစ်ကြောင်း ယင်းပါတီဒုတိယဥက္ကဋ္ဌ ဦးဟန်ရွှေက ပြောကြားသည်။

“တခြားပါတီတွေနဲ့ မိတ်ဖွဲ့ထားတာမျိုး၊ ပူးပေါင်းထားတာမျိုး အခုထိတော့မရှိသေးဘူး။ နီးလာရင်တော့ ဘယ်လိုအနေအထားရှိမလဲ မပြောတတ်သေးဘူး။ တိုင်းရင်းသားဒေသတွေမှာက နေရာပြည့်ဝင်မှာ မဟုတ်တဲ့အတွက် ကျွန်တော်တို့ ဝင်မယ့်နေရာကို ကျွန်တော်တို့မဲပေး၊ ကျန်တဲ့နေရာတွေကို ခင်ဗျားတို့မဲပေးမယ်၊ ဒါမျိုးလုပ်သွားလို့လည်း ရတယ်” ဟု ၎င်းကရှင်းပြသည်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီအနေနှင့် ရခိုင်ပြည်နယ်မှအပ ကျန်တိုင်းဒေသကြီး၊ ပြည်နယ်အားလုံးတွင် မြို့နယ်ပေါင်း ၁၈၀ ၌ မဲဆန္ဒနယ်ပေါင်း ၄၂၅ နေရာ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း၊ ယင်းနေ ရာ ၄၂၅ ခုသည် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်နေရာများအပြင် တိုင်းရင်းသားရေးရာဝန်ကြီး နေရာများလည်းပါဝင်ကြောင်း ယင်းပါတီထံမှ သိရသည်။

“ကျွန်တော်တို့မှာ မူရပ်တည်ချက်ရှိပါတယ်။ ကျွန်တော်တို့ ဝင်မပြိုင်တဲ့နေရာတွေမှာဆိုရင် တိုင်းရင်းသားပါတီတွေကို မဲပေးသွားမယ်။ ဥပမာ ကရင်ပြည်နယ်မှာဆိုရင် ကျွန်တော်တို့ပြိုင်မှာက မြဝတီ၊ ဘားအံ၊ လှိုင်းဘွဲ့ ဒီသုံးခုပဲဝင်ပြိုင်မှာ၊ ကျန်တဲ့နေရာတွေ ဝင်မပြိုင်ဘူး။ အဲဒီမဝင်တဲ့နေရာတွေမှာ တိုင်းရင်းသားပါတီတွေနဲ့ အပြန်အလှန်ညှိနှိုင်းယူရမယ့် သဘောပေါ့” ဟု ဦးဟန်ရွှေကဆိုသည်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီသည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို အမွေဆက်ခံသည့်ပါတီဖြစ်ပြီး ၁၉၉၀ အထွေထွေရွေးကောက်ပွဲ၊ ၂၀၁၀ နှင့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ အတွေ့အကြုံရှိကာ နှစ်ပေါင်း ၃၀ ကျော်ရပ်တည်နေသည့် ပါတီတစ်ခုဖြစ်သည်။

S-08

ဓာတ်ပုံ-ဇော်မိုးလွင်