News

POST TYPE

2020 ELECTION

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မဲဆန္ဒနယ် ၆၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်မည်
15-Mar-2020
ရန်ကုန်၊ မတ် ၁၅ 

စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ရှိ မဲဆန္ဒနယ်မြေများတွင် နေရာ ၆၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဦးငိုင်ဆာ့ခ်က The Voice Daily သို့ ပြောကြားသည်။

“လောလောဆယ်ကတော့ ပါတီမူဝါဒတွေ၊ ရွေးကောက်ပွဲကြေညာစာတမ်းတွေ ဆွေးနွေးနေတယ်။ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး ၊ ပြည်နယ်လွှတ်တော်နေရာအားလုံး စုစုပေါင်း ၆၀ ကျော်ကျော်လောက် ဝင်ပြိုင်သွားမှာပါ” ဟု ၎င်းကဆိုသည်။ 

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့သည် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို လျှောက်ထားခဲ့ပြီး လျှောက်ထားခဲ့ပြီး အမှတ်စဉ် ၁၁၆ ဖြင့် ခွင့်ပြုထားသည့်ပါတီဖြစ်ကြောင်း၊ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ၊ ချင်းတိုးတက်ရေးပါတီနှင့် ချင်းဒီမိုကရေစီအဖွဲ့ချုပ်တို့ ပေါင်းစည်းထားသည့် ပါတီတစ်ခုဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။

၎င်းတို့ဝင်ရောက်ယှဉ်ပြိုင်မည့် ရခိုင်ပြည်နယ်အခြေအနေနှင့်ပတ်သက်၍ သုံးသပ်ချက်မေးမြန်းရာ ဦးငိုင်ဆာ့ခ်က “ဒါကတော့ လုံခြုံရေးနဲ့ဆိုင်မယ်။ လောလောဆယ်ကတော့ ရွေးကောက်ပွဲကျင်းပနိုင်လိမ့်မယ်လို့ မျှော်လင့်ပြီး ပြင်ဆင်ရတာပေါ့။ တိုင်းပြည်ရဲ့လုံခြုံရေးအပေါ်မှာ ကော်မရှင်ကသုံးသပ်ပြီးတော့ ဆုံးဖြတ်ရမယ့်အနေအထားပေါ့” ဟု ဆိုသည်။

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ် ၁၇ မြို့နယ်လုံးတွင် မဲရုံပေါင်း ၂၅၀ဝ ကျော်ဖြင့် ကျင်းပနိုင်ခဲ့ရာ မဲပေးသူ ၁ ဒသမ ၄ သန်းရှိခဲ့ပြီး ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီတို့ ပူးပေါင်းတည်ထောင်ခဲ့သည့် ရခိုင်အမျိုးသားပါတီ(ANP)က နေရာအများစုအနိုင်ရရှိခဲ့သည်။

S -08