News

POST TYPE

HEALTH

ကျန်းမာရေး စစ်ဆေးမှု မလုပ်ခင် ဘာတွေ ကြိုတင်ပြင်ဆင်မလဲ
01-Jul-2017 tagged as ကျန်းမာရေး


အရေးပေါ် လိုအပ်လို့ဖြစ်စေ၊ ကိုယ့်ကျန်းမာရေး အခြေအနေကို စစ်ဆေးချင်လို့ဖြစ်စေ ကျန်းမာရေးစစ်ဆေးမှု (Medical Check Up) တွေကို ပြည်တွင်းက ဆေးရုံတွေ၊ ကျန်းမာရေးဌာနတွေ၊ ပြည်ပက ဆေးရုံတွေမှာ စစ်ဆေးလေ့ ရှိကြပါတယ်။ ကျန်းမာရေး စစ်ဆေးမှု လုပ်တဲ့အခါ မှန်ကန်တဲ့အဖြေ ရနိုင်ဖို့နဲ့ အဆင်ပြေချောမွေ့ဖို့ ဘာတွေ ကြိုတင်ပြင်ဆင်သွားရမယ်ဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

အိပ်ရေးဝအောင် အိပ်ထားပါ

ကျန်းမာရေး စစ်ဆေးမှု မလုပ်ခင်ညမှာ အိပ်ရေးဝအောင် အိပ်ဖို့လိုပါတယ်။ အနည်းဆုံး ခြောက်နာရီ အိပ်ပျော်အောင် အိပ်ပါ။ အိပ်ရေး ပျက်ထားတာ၊ အိပ်မပျော်ခဲ့တာမျိုးဆိုရင် သွေးပေါင်ချိန်၊ နှလုံးခုန်နှုန်းနဲ့ ကိုယ်အပူချိန်တွေဟာ ပုံမှန်ဖြစ်နေမှာ မဟုတ်ပါဘူး။ ပုံမှန်မဟုတ်တဲ့အခါဆိုတော့ ဆရာဝန် စမ်းသပ်စစ်ဆေးတဲ့အခါလည်း လွဲကောင်း လွဲနိုင်တာကြောင့် အိပ်ရေးပျက်ထားတယ်ဆိုရင်လည်း ဆရာဝန်ကို အသိပေးဖို့ လိုအပ်ပါတယ်။

အစားအသောက် ရှောင်ပါ

ကျန်းမာရေး စစ်ဆေးမှု မလုပ်ခင် အနည်းဆုံး ရှစ်နာရီနဲ့ ၁၀ နာရီလောက် ခွာပြီး အစာစားပါ။ အချို့သော ကျန်းမာရေး စစ်ဆေးမှုတွေက ရေသောက်တာပါ ရှောင်ရပါတယ်။ သွေးတွင်း သကြားဓာတ် စစ်ဆေးခြင်း၊ ကိုလက်စထရော စစ်ဆေးခြင်းတို့နဲ့ပတ်သတ်ပြီး စစ်ဆေးမယ်ဆိုရင်လည်း အစားအသောက် ရှောင်ရတာမျိုး ရှိပါတယ်။ အရက်သေစာ သောက်စားခြင်းကိုလည်း အနည်းဆုံး ၂၄ နာရီအတွင်း မသောက်သုံးသင့်ပါဘူး။ အကောင်းဆုံးကတော့ ကျန်းမာရေး စစ်ဆေးမှု မလုပ်ခင် ကျန်းမာရေးဌာနက သက်ဆိုင်ရာ ဆရာဝန်နဲ့ ဝန်ထမ်းတွေကို ဆောင်ရန်၊ ရှောင်ရန်တွေကို ကြိုတင် မေးမြန်းထားတာပါ။

ကျန်းမာရေးမှတ်တမ်းတွေယူသွားပါ

ကျန်းမာရေးစစ်ဆေးမှုအတွက် သွားမယ်ဆိုတာနဲ့ ကိုယ့်မှာ နာတာရှည်ရောဂါနဲ့ အခြားကျန်းမာရေး ချို့တဲ့တာတွေ ရှိရင် သက်ဆိုင်ရာ ဆရာဝန်ကိုပြောပြပါ။ ဆေးမှတ်တမ်းတွေကို ယူသွားပါ။

ပေါ့ပါးချောင်ချိသော အဝတ်အစား ဝတ်ပါ

ဆေးစစ်ဆေးမှုအတွက် အဝတ်အစားတွေကို တင်းကျပ်တာမျိုး ဝတ်သွားတာတွေ ရှောင်သင့်ပါတယ်။ အင်္ကျီဆိုရင် အင်္ကျီလက်ရှည် ဝတ်တာ ရှောင်သင့်ပါတယ်။ ကျန်းမာရေး စစ်ဆေးမှုက အဝတ်အစား ချွတ်ရမှာဆိုရင် ပြဿနာ မရှိပေမယ့် အဝတ်ကို လှပ်ရရုံလောက်ဆိုရင် ဘောင်းဘီအကျပ်၊ ဘောင်းဘီတို ဝတ်စားသွားတာမျိုးကလည်း အဆင်မပြေနိုင်ပါဘူး။

လတ်တလော ကျန်းမာရေး အခြေအနေနဲ့ ချိန်ကိုက်ပြီးသွားပါ

အမျိုးသမီးတွေအနေနဲ့တော့ ရာသီသွေးပေါ်တဲ့ကာလ မတိုင်ခင်နဲ့ သွေးပေါ်ပြီး တစ်ပတ်မှာ ကျန်းမာရေး စစ်ဆေးမှုကို ရှောင်ရပါမယ်။ ရာသီသွေးပေါ်တဲ့ကာလမှာဆိုရင်လည်း ဆီးစစ်ဆေးမှုအတွက် အဆင်မပြေ ဖြစ်နိုင်ပါတယ်။  ရင်သား ကင်ဆာ စစ်ဆေးမယ်ဆိုရင်လည်း ရာသီသွေးပေါ်တဲ့ကာလမှာ မစစ်ဆေးသင့်ပါဘူး။ ကိုယ်ဝန်ဆောင်နေရတဲ့သူဆိုရင် X-Ray မရိုက်ဖို့ ကျန်းမာရေး ဝန်ထမ်းကို အသိပေးပါ။

ရလေး

Reference : https://www.bangkokpattayahospital.com