News

POST TYPE

HEALTH

ဗီတာမင်ဓာတ်များနှင့် ကျန်းမာရေး
28-Jun-2017 tagged as

သံဓာတ် - သံဓာတ်သည် အရေးကြီးသည့် သတ္တုအာဟာရ ဓာတ်တစ်မျိုးဖြစ်ပြီး သံဓာတ်ချို့တဲ့ခြင်းကြောင့် သွေးအားနည်း ရောဂါခံစားရပြီး ကိုယ်ခံစွမ်းအား လျော့နည်းခြင်း၊ အာရုံ စူးစိုက်မှုလျော့နည်းခြင်း၊ မောပန်းလွယ်ခြင်း၊ ဉာဏ်ရည်ဖွံ့ဖြိုးမှု လျော့နည်းစေခြင်းတို့ ဖြစ်စေနိုင်ပါသည်။

ဗီတာမင်အေ - ဗီတာမင်အေသည် ခန္ဓာကိုယ်ဖွံ့ဖြိုးကြီး ထွားမှုနှင့် ရောဂါကာကွယ်စွမ်းအားတို့အတွက် အသုံးဝင်သော အာဟာရတစ်မျိုးဖြစ်ပြီး ကြက်မျက်သင့်ရောဂါနှင့် ကလေးငယ်များတွင် ဝက်သက်၊ ငှက်ဖျားနှင့် ဝမ်းပျက် ဝမ်းလျှော ဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်ပါသည်။

ဇင့် - ဇင့်ဓာတ်သည် ခန္ဓာကိုယ် ပုံမှန် ဖွံ့ဖြိုးမှုအတွက် အရေးပါပြီး ကလေးငယ်များတွင် ကိုယ်ခံစွမ်းအား တိုးတက်မှုကို ထိန်းပေးခြင်း၊ အနာများကို ကျက်လွယ်ခြင်းနှင့် ဝမ်းရောဂါ ဖြစ်ပွားခြင်းတို့မှ ကာကွယ်နိုင်သည်။ ကိုယ်ဝန်ဆောင်များတွင် ဇင့်ဓာတ်ချို့တဲ့ပါက လမစေ့မီ မွေးဖွားခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်း၊ ကလေးဉာဏ်ရည် နိမ့်ပါးခြင်းနှင့် ကလေးရော၊ မိခင်ပါ ကိုယ်ခံအား ကျဆင်းခြင်းတို့ကို ဖြစ်ပေါ်စေတတ်ပါသည်။

ဗီတာမင်ဘီ ၁၂  - ဦးနှောက်အာရုံကြောနှင့် သွေးဆဲလ်များ ကျန်းမာစေရန်အတွက် လိုအပ်ပြီး ဗီတာမင်ဘီ ၁၂ ချို့တဲ့လျှင် မှတ်ဉာဏ်အားနည်းခြင်း၊ စိတ်ဓာတ်ကျလွယ်ခြင်းနှင့် သွေးအားနည်းခြင်းတို့ ဖြစ်ပေါ်စေပါသည်။

ဖောလစ်အက် ၆ - ကလေး၊ လူကြီးများတွင် မောပန်းလွယ်ခြင်း၊ သွေးအား နည်းခြင်း၊ ကိုယ်ဝန်ဆောင် အမျိုးသမီးများ ကိုယ်ဝန်ဆောင်စဉ် ကာလအတွင်း သားပျက်သားလျှော ဖြစ်ခြင်း၊ သန္ဓေသားတွင် မွေးရာပါ ကိုယ်အင်္ဂါ ချို့တဲ့မှုများဖြစ်ခြင်းတို့မှ ကာကွယ်ပေးနိုင်ပါသည်။

ဗီတာမင်ဘီ  ၆  - ကိုယ်ဝန်ဆောင် မိခင်များနှင့် နို့တိုက် မိခင်များတွင် ကလေးငယ်များ ဦးနှောက်နှင့် ဉာဏ်ရည်ကြီးထွား ဖွံ့ဖြိုးစေရန် အရေးပါပါသည်။ ယင်းဓာတ်ချို့တဲ့ခြင်းကြောင့် အရေပြား ရောင်ရမ်းခြင်း၊ ကျီးကန်းပါးစပ်ဖြစ်ခြင်း၊ စိတ်ကျ ရောဂါ ခံစားရခြင်းနှင့် ရုတ်တရက် တက်ခြင်းတို့ ဖြစ်ပေါ်စေနိုင်ပါသည်။

ဗီတာမင်ဘီ ၁  - သကြားဓာတ်ကို စွမ်းအင်အဖြစ် ပြောင်းလဲပေးပြီး နှလုံး၊ ဦးနှောက်အာရုံကြောနှင့် ကြွက်သားများ ပုံမှန် အလုပ် လုပ်နိုင်ရန်အတွက် မရှိမဖြစ် လိုအပ်ပါသည်။ အဆိုပါ ဓာတ်ချို့တဲ့ခြင်းကြောင့် ဖောရောင်ခြင်း၊ ထုံကျဉ်ခြင်း၊ မှတ်ဉာဏ် ချို့ယွင်းခြင်းတို့ ဖြစ်ပေါ်တတ်ပြီး ကလေးငယ်များတွင် ဘယ်ရီဘယ်ရီ ရောဂါ ဖြစ်ပေါ်တတ်ပါသည်။

ဗီတာမင်ဘီ ၃  - ကိုလက်စထရောကို လျှော့ချပေးပြီး နှလုံးရောဂါဖြစ်ပွားမှုကို လျော့နည်းစေပါသည်။ ခန္ဓာကိုယ်အတွင်းရှိ အချိုဓာတ်ကို ထိန်းညှိပေးပါသည်။ အသားအရေ စိုပြည်စေပြီး ဦးနှောက်နှင့် အာရုံကြောအတွက် မရှိမဖြစ် လိုအပ်ပါသည်။

Source : ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန

  • TAGS