POST TYPE

HEALTH

ကျောရိုးကျန်းမာရေးအတွက် သတိပြုရမယ့် အချက်ငါးချက်
24-Jun-2017 tagged as


အနေအထား မမှန်မှုတွေကြောင့် နောက်ကျောကျောရိုး နာကျင်တာတွေဖြစ်လေ့ရှိရာမှာ ရေတိုနည်းနဲ့ ဖြေရှင်းခြင်းထက် ရေရှည်အတွက် အနေအထား မမှန်မှုကို ပြုပြင်နေထိုင်ဖို့ အရေးကြီးပါတယ်။ ကျောရိုး ကျန်းမာရေးနဲ့ပတ်သက်ပြီး သတိပြုဆင်ခြင်ရမယ့် အချက်ငါးချက်ကို ဖော်ပြပေးလိုက်ပါတယ်။

အိတ်ကိုကျောနှစ်ဖက်မှာ တည့်အောင်လွယ်ပါ

အိတ်လွယ်တဲ့အခါ ပစ္စည်းများများ ထည့်လွယ်တတ်တယ်ဆိုရင် ကျောပိုးအိတ်ပဲ လွယ်သင့်ပါတယ်။ ကျောပိုးအိတ် လွယ်တဲ့အခါမှာလည်း တစ်ဖက်ထဲကို လွယ်ထားတာဟာ ကျောရိုးနာကျင်စေပါတယ်။ လွယ်အိတ်လွယ်တဲ့အခါ ဘက်မျှအောင် တည့်တည့်လွယ်ဖို့ အရေးကြီးပါတယ်။

ကားမောင်းစဉ် ခါးကိုမတ်ထားပါ

ကားမောင်းစဉ် ခါးကုန်းမိတာကလည်း နောက်ကျောရိုးနာစေတဲ့ အကြောင်းအရာတစ်ခု ဖြစ်ပါတယ်။ ယာဉ်ကြောကျပ်တတ်တဲ့ အခြေအနေလည်း ရှိတာကြောင့် ကားမောင်းချိန်က ကြာရှည်တဲ့အတွက် ပျင်းပြီး ခါးကိုင်းပြီး မောင်းရင် မောင်းမိပါလိမ့်မယ်။ ခါးကို သက်သောင့်သက်သာ ဖြစ်စေမယ့်အရာလေးတွေ ခုပေးတာဖြစ်စေ၊ ခါးကို သတိနဲ့ ပြန်တည့်မတ်ပေးတာဖြစ်စေ လုပ်ပေးပါ။

ဖုန်းကို အာရုံစိုက်ပြီး အကြာကြီးသုံးတာ ရှောင်ပါ

Social Media ခေတ်ဖြစ်တဲ့အတွက် ဖုန်းမသုံးပါနဲ့လို့ ပြောရခက်ပါတယ်။ လူငယ်တော်တော်များများက ဖုန်းကို လူမှုကွန်ရက် စာမျက်နှာ (Facebook) သုံးဖို့ဖြစ်စေ၊ ဂိမ်းကစားဖို့ဖြစ်စေ အလွန် သုံးလာကြပါတယ်။ ဖုန်းသုံးရင်း ဇက်ကြောနဲ့ ကျောရိုးတစ်လျှောက် နာကျင်တာကို ခံစားဖူးကြမှာပါ။ သတိထားရမှာက ဖုန်းကို ခေါင်းငိုက်ပြီး အသုံးများရင် လည်ပင်းတစ်ဝိုက်နဲ့ ဇက်ကြောတွေ သိသိသာသာ နာလာမှာဖြစ်တာကြောင့် လည်ပင်းကို တည့်မတ်တဲ့ အနေအထားနဲ့ ဖုန်းကိုသုံးပါ။

ကွန်ပျူတာကို မျက်စိနဲ့ တန်းနေတဲ့အနေအထား ဖြစ်ပါစေ

အိမ်မှာဆိုရင် တီဗီကြည့်မယ်။ လမ်းသွားရင်း ဖုန်းသုံးမယ်။ ရုံးမှာဆိုရင် ကွန်ပျူတာ ကြည့်ကြပါတယ်။ 

သက်သောင့်သက်သာ မဖြစ်တဲ့ အနေအထားနဲ့ အချိန်ပြည့်နေနေရမှာပါ။ ကွန်ပျူတာ သုံးတဲ့အခါမှာ ကွန်ပျူတာက မျက်စိနဲ့ တန်းနေတဲ့ အနေအထား မဟုတ်ဘဲ ငုံ့သုံးနေရတဲ့ အနေအထားဆိုရင် ကျောရိုးအဆစ်တွေ နာလာပါလိမ့်မယ်။ ကွန်ပျူတာကို မျက်စိနဲ့တန်းနေတဲ့ အနေအထားမှသာ ကျောရိုးကလည်း တည့်မတ်နေမှာဖြစ်တာကြောင့် ကွန်ပျူတာ တင်တဲ့ခုံကို မြင့်တာဖြစ်စေ၊ ကွန်ပျူတာအောက်မှာ တစ်ခုခုခံလိုက်တာဖြစ်စေ လုပ်သင့်ပါတယ်။ 

အလေးအပင်မရင် သတိထားပါ

အလေးအပင်မတဲ့အခါ သတိပေးလေ့ ရှိတာက ခါးကိုကုန်းပြီး မသယ်ဖို့ပါ။ ခါးကုန်းပြီး ပစ္စည်းသယ်တာဟာ ကျောရိုးနာဖို့၊ ကျောရိုး အဆစ်ထိခိုက်စေဖို့ အကြောင်းအရာတစ်ခုပါ။ ပစ္စည်း အလေးအပင် သယ်တဲ့အခါ လူက ပစ္စည်းနဲ့ တန်းနေတဲ့ အနေအထားနဲ့ သယ်သင့်ပါတယ်။

ရလေး
Reference : https://brightside.me

  • TAGS