POST TYPE

HEALTH

အမြင်အာရုံပျက်စီးမှုကို ကာကွယ်နိုင်မယ့် နည်းခြောက်နည်း
17-Jun-2017 tagged as


လူတစ်ယောက်အတွက် မျက်စိကျန်းမာရေးဟာ အရေးကြီးပါတယ်။ ဒီလိုအရေးကြီးတဲ့ မျက်စိကျန်းမာရေးကို ကာကွယ်ဖို့အတွက် နေ့စဉ် ပုံမှန်ဘဝမှာ ကျန်းမာအောင် နေထိုင်ရင်း အမြင်အာရုံကို ပျက်စီးမှုကို ကာကွယ်ပေးပြီးသား ဖြစ်စေတဲ့ နည်းလမ်းတွေ ဖော်ပြလိုက်ပါတယ်။

နေ့စဉ်လမ်းလျှောက်ပါ

လေ့ကျင့်ခန်းတစ်ခု အနေနဲ့ နေ့စဉ် ပုံမှန်လမ်းလျှောက်မယ်ဆိုရင် နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေအပြင် ဆီးချိုရောဂါကိုပါ ကာကွယ်ပေးရာ ရောက်ပါတယ်။ ဒီရောဂါနှစ်မျိုးဟာ အမြင်အာရုံနဲ့ ပတ်သက်တဲ့ရောဂါတွေကို ဖြစ်စေနိုင်တဲ့အတွက် အမြင်အာရုံရောဂါ ဖြစ်စေနိုင်တာကို လျှော့ချရာလည်း ရောက်ပါတယ်။

ကိုယ်အလေးချိန် ထိန်းပါ

ပုံမှန်ကိုယ်အလေးချိန်ထက် ဝနေတာဖြစ်စေ၊ အဝလွန်ရောဂါ ဖြစ်နေရင်ဖြစ်စေ သွေးပေါင်ချိန် ပိုများလာစေနိုင်သလို သွေးလွှတ်ကြောဆိုင်ရာ ရောဂါနဲ့ ဆီးချိုသွေးချိုရောဂါကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒီရောဂါတွေကြောင့်လည်း အမြင်အာရုံကို ထိခိုက်စေနိုင်ပါတယ်။

နေကာမျက်မှန်ဝတ်ပါ

ခရမ်းလွန်ရောင်ခြည်ဟာ မျက်စိကို ထိခိုက်စေနိုင်ပါတယ်။ နေရောင်ခြည်ကို မျက်စိနဲ့ တိုက်ရိုက်ကြည့်မှ မဟုတ်ပါဘူး။ နေရောင်ခြည် ကျရောက်နေတဲ့ သဲ၊ ရေ၊ ကားလမ်းမတွေကနေ နေရောင်ခြည် အလင်းပြန်နေတာကို ကြည့်မိရင်လည်း မျက်စိကို ထိခိုက်စေနိုင်ပါတယ်။ နေကာမျက်မှန်ကို ၉၉၊ ၁၀ဝ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်တဲ့ မျက်မှန်မျိုးကို ရွေးဝယ်ပါ။ နေကာမျက်မှန် မရှိရင် ဦးထုပ်နဲ့လည်း ကာကွယ်နိုင်ပါတယ်။

သွေးတွင်း သကြားဓာတ်ထိန်းပါ

သွေးတွင်း သကြားဓာတ်များနေတာက မျက်စိထဲက နူးညံ့တဲ့ သွေးကြောလေးတွေ အပါအဝင် သေးငယ်တဲ့ သွေးကြောလေးတွေပါ ထိခိုက်နိုင်ပါတယ်။ ဒါ့ကြောင့် သွေးတွင်း သကြားဓာတ်ထိန်းဖို့ လိုပါတယ်။

ဆေးလိပ်ငွေ့ရှောင်ပါ

ဆေးလိပ် မသောက်ရင်တောင် ဆေးလိပ် သောက်တဲ့သူဆီက ဆေးလိပ်ငွေ့ကြောင့် ရောဂါ ရနိုင်တယ်ဆိုတာကို သတိထားပါ။ ဆေးလိပ်ငွေ့မှာပါတဲ့ ဓာတ်တွေကြောင့် မျက်စိဆဲလ်နဲ့ တစ်ရှူးတွေ ပျက်စီးစေနိုင်တဲ့အပြင် သွေးလွှတ်ကြောတွေကိုလည်း ထိခိုက်နိုင်ပါတယ်။

ရေနွေးကြမ်း နေ့စဉ် သောက်ပါ

လက်ဖက်စိမ်းခပ်ထားတဲ့ ရေနွေးကြမ်းကို တစ်နေ့ကို တစ်ခွက် သို့မဟုတ် နှစ်ခွက်လောက် နေ့စဉ် သောက်ခြင်းဖြင့် ဆီးချိုရောဂါနဲ့ နှလုံးရောဂါ ဖြစ်စေခြင်းတို့ကို ကာကွယ်ပေးပါတယ်။

Ref: http://www.everydayhealth.com

  • TAGS