News

POST TYPE

HEALTH

မိုးရာသီနှင့် သွေးလွန်တုပ်ကွေး
14-Jun-2017 tagged as

မိုးရာသီသည် သွေးလွန်တုပ်ကွေး ရာသီဟု ဆိုရမလိုပင်။ ယခုနှစ်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု ပိုလာနိုင်ကြောင်းကို နှစ်အစကပင် ပညာရှင်များက သုံးသပ် ပြောကြားထားသည့်အတိုင်း ရောဂါဖြစ်ပွားမှု များပြားနေသည့်ထဲမှ ရန်ကုန်တိုင်းသည် အခြားတိုင်းများထက် ပိုမိုဖြစ်ပွားလျက်ရှိကြောင်း၊ ယင်းဖြစ်ပွားမှုများနှင့် ပတ်သက်၍ ဆောင်ရွက်နေသည်များနှင့်အတူ လူထုအနေနှင့် ပူးပေါင်း ဆောင်ရွက်သင့်သည်များကို သိရှိစေရန်အတွက် တာဝန်ရှိသူများ၏ ပြောကြားချက်များကို စုစည်းဖော်ပြအပ်ပါသည်။

“စပ်ဆေးတွေနဲ့ သွေးလွန်တုပ်ကွေးက ကမ္ဘာ့ရန်ပါ”

ဒေါက်တာဝင်းလွင် (ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး)

ရန်ကုန်တိုင်းက အဖြစ်များတယ် ဆိုတာက ဖြစ်မှာပဲ။ ဒီအတိုင်းနေရင် နောင်လည်းဖြစ်ဦးမှာပဲ။ ဘာကြောင့်လဲဆိုတော့ Over Population ဆိုတာက ကူးစက်ရောဂါတွေဖြစ်ဖို့ Criteria တစ်ခုပါ။ လူနေထူထပ်မှုက ဒီရောဂါမှ မဟုတ်ဘူး။ ကူးစက်ရောဂါတွေ ဖြစ်စေတဲ့ အကြောင်းအရင်းထဲမှာ ပါတယ်။ ကူးလူးဆက်ဆံမှု များတဲ့နေရာတွေမှာ ကူးစက်ရောဂါက ပျံ့နှံ့ဖို့လွယ်တယ်။ ရာသီဥတု ပြောင်းလဲလာတာ၊ ကမ္ဘာကြီး ပူနွေးလာတာ စတဲ့အချက်တွေက ကူးစက်ရောဂါဖြစ်ဖို့ ပံ့ပိုးနေတဲ့ အချက်တွေပဲ။ ဒီပံ့ပိုးပေးတဲ့ အချက်တွေအားလုံး ရန်ကုန်တိုင်းမှာ ရှိတယ်။ ဒါကိုမှ ကာကွယ်ရေး လုပ်ငန်းတွေနဲ့ ထိန်းချုပ်ရေး လုပ်ငန်းတွေကို တက်တက်ကြွကြွ မလုပ်ဘူးဆိုရင် ဆက်လက်ပြီးတော့လည်း ဖြစ်နေဦးမှာပဲ။ ဒီနှစ်နဲ့ ဒီလမှတင် မဟုတ်ဘူး။ နောင်လည်း ဖြစ်နေမယ်။ ရန်ကုန်မှာ မဖြစ်တဲ့လ မရှိတော့ဘူး။ နည်းတာနဲ့ များတာပဲ ကွာတယ်။ ဒီလိုအချိန်မှာ ကလေးတွေ ဖျားတယ်။ အနီစက်တွေ ထွက်တယ်ဆိုရင် သွေးလွန်တုပ်ကွေး သံသယအနေနဲ့ ဟုတ် မဟုတ် စစ်ဆေးပါတယ်။ ဟုတ်ပြီဆိုရင်လည်း စနစ်တကျပေါ့။ အဓိကကတော့ စောစောစီးစီး သိရှိဖို့နဲ့ ကျန်းမာရေးဌာနကို ရောက်ဖို့ပါ။ သွေးလန့်တဲ့ လက္ခဏာပေါ်တဲ့အထိ မစောင့်ဘဲနဲ့ ဖျားတယ်၊ အနီစက် ထွက်တယ်ဆိုရင်ပဲ တတ်ကျွမ်းတဲ့သူဆီမှာ ကုပါ။ အိမ်သုံးဆေးတွေနဲ့ မကုပါနဲ့။ အရေးကြီးဆုံးက အဲဒီအချိန်မှာ ဖျားနာကိုက်ခဲရင် စပ်ဆေးတွေ သွားဝယ်သောက်တာ လုံးဝ မလုပ်ပါနဲ့။ အဲဒီစပ်ဆေးတွေနဲ့ သွေးလွန်တုပ်ကွေးက ကမ္ဘာ့ရန်ပါ။ အဲဒီအထဲမှာပါတဲ့ အကိုက်အခဲပျောက်ဆေးနဲ့ စတီးရွိုက်တွေက သွေးယိုမှုကို ပံ့ပိုးတဲ့ဆေးများဖြစ်တဲ့အတွက် တွဲသုံးရင် ပိုဆိုးပါတယ်။ အစာအိမ်သွေးကြော ပေါက်တာတို့၊ အသည်းထဲ သွေးယိုတာတို့၊ ကျောက်ကပ်ထဲ သွေးယိုတာ စတာတွေကို အကုန်လုံး ဖြစ်နိုင်တယ်။ ဒီရောဂါကို ဖြစ်စေတဲ့ပိုးက လေးမျိုး ရှိပါတယ်။ ကာကွယ်ဆေးက လေးမျိုးလုံးကို မလွှမ်းခြုံနိုင်ပါဘူး။ ဒါကြောင့် ကာကွယ်ဆေးထိုးပြီးတိုင်းလည်း စိတ်ချလို့မရပါဘူး။ သူက ပိုးလေးမျိုးထဲက တစ်ကောင်တည်းကိုပဲ ကာကွယ်နိုင်တယ်။ အဓိကတော့ ခြင်ကိုက်မခံရဖို့က ပိုအရေးကြီးတယ်။ ခြင်ဆေးကတော့ အရမ်းအန္တရာယ် များပါတယ်။ သူ့ဆီကထွက်တဲ့ အငွေ့တွေကို ကလေးတွေ ရှူမိရင် သွေးလွန်တုပ်ကွေးတော့ မဖြစ်ပါဘူး။ သို့သော် လေပြွန်လမ်းကြောင်းနဲ့ ပတ်သက်တဲ့ အဆုတ်ရောဂါတွေ ဖြစ်ဖို့ အန္တရာယ် အလွန်များတယ်။ ဆေးလိပ်ငွေ့ထက်တောင် အန္တရာယ် ပိုများပါတယ်။ ဒီတော့ ကျန်းမာရေး ပညာပေးတဲ့အချိန်မှာ တစ်ခါတည်း ပြောဖို့နဲ့ လောက်လန်း သေဖို့က အရမ်း အရေးကြီးတဲ့အတွက် လောက်လန်းသေရင် ဘယ်ခြင်ဆေးမှကို ထွန်းစရာ မလိုတော့ပါဘူး။


“ကလေးကို ဖျားလို့ဖျားမှန်း မသိဘဲ နောက်ကျကုန်တယ်”

ဒေါက်တာစောသူရိန် (လက်ထောက် ညွှန်ကြားရေးမှူး၊ ခရမ်းမြို့နယ်၊ ကျန်းမာရေးဦးစီးဌာန)

ကျွန်တော်တို့ ခရမ်းမှာဖြစ်တာ ၁၂  ဦးရှိသွားပြီ။ တစ်ဦးသေတယ်။ ဟိုတစ်နေ့ကပဲ ဆုံးသွားတဲ့ကလေးက ဦးနှောက်ထဲအထိ ရောက်သလိုဖြစ်နေတာ။ ရန်ကုန် သွားချင်တယ်ဆိုလို့ လွှဲပေးလိုက်တယ်။ ရန်ကုန်ကလေးဆေးရုံကြီးမှာပဲ ဆုံးတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ သိသိသာသာ မဖြစ်ပါဘူး။ ဒီနှစ်ကို သွေးလွန်တုပ်ကွေး ဖြစ်မယ့်နှစ်လို့ ယူဆထားတော့ ဧပြီလတည်းက ကြိုတင်ကာကွယ်မှုတွေ လုပ်ထားတယ်။ လူထုကိုလည်း အသိပေး လှုံ့ဆော်ထားတယ်။ ဘယ်လောက်ပဲ လုပ်ထားထား မမြင်နိုင်တဲ့နေရာကနေ ပေါက်ပွားတာတွေကြောင့် ဖြစ်တာပဲ။ ကျွန်တော်တို့ဘက်မှာက စာတတ်မြောက်မှုကလည်း နည်းတော့ မိဘတွေက ကလေးကို ဖျားလို့ဖျားမှန်း မသိဘဲ နောက်ကျကုန်တယ်။ ဗဟုသုတ နည်းတာပေါ့။ ကျွန်တော်တို့က ဒီရာသီမှာဖျားတဲ့ ကလေးတိုင်းကို သွေးလွန်တုပ်ကွေး စစ်ဆေးပါတယ်။


“အရမ်းကြီးတဲ့ ကန်တွေကိုတော့ ငါးတွေ ထည့်ပေးထားတယ်”

ဒေါက်တာအေးမွန်မွန်ကျော် (လက်ထောက်ညွှန်ကြားရေးမှူး၊ ခြင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများ နှိမ်နင်းရေးဌာန)

သွေးလွန်တုပ်ကွေး ရောဂါနဲ့ပတ်သက်ပြီး ကျောင်းအခြေပြုအနေနဲ့ မေလ ကျောင်းမဖွင့်ခင်ကတည်းက ကျောင်းအားလုံးမှာရှိတဲ့ မိုးရေတင်ကျန်နိုင်တဲ့ ပစ္စည်းတွေကို တစ်ခါတည်း ရှင်းလင်းတယ်။ ရေကန်တွေဆိုရင် ပိုးလောက်လန်းသေတဲ့ အဘိတ်ဆေးကို တစ်ခါတည်း ခတ်တယ်။ အရမ်းကြီးတဲ့ကန်တွေကိုတော့ ငါးတွေ ထည့်ပေးထားတယ်။ ဒါ့အပြင် ကျောင်းမဖွင့်ခင်မှာ သွေးလွန်တုပ်ကွေး ရောဂါကို သယ်ဆောင်ထားတဲ့ သက်ကြီးခြင်ရှိမှာ စိုးတဲ့အတွက် အခန်းတိုင်းကို ခြင်ဆေး မှုတ်ထားတယ်။ ဒီလုပ်ငန်းတွေအတွက် ကျောင်းအုပ်ဆရာ၊ ဆရာမကြီးတွေ၊ ပညာရေးမှူးတွေကို အရင်ခေါ်ပြီးတော့ သူ့ကျောင်းနဲ့သူ မြို့နယ်ကတစ်ဆင့် ဆောင်ရွက်တယ်။ ကျောင်းတိုင်းကိုပါပဲ။ ကျောင်းပေါင်း ၂၀ဝ၀ ကျော်လောက်ရှိမယ်။ အသိပညာပေး ဆွေးနွေးတာပေါ့။ ဘယ်လိုနည်းလမ်းတွေနဲ့ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းတွေမှာ ကျောင်းသားထု ပါဝင်ပြီးတော့ ဘယ်လိုလုပ်ဆောင်ကြမလဲဆိုတဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွေလည်း လုပ်ကြတယ်။ နောက်ပြီး ကျောင်းသားထုကို ကိုယ့်အခန်းမှာကိုယ် ဘုရားပန်းအိုးတွေလဲဖို့၊ သောကြာနေ့တိုင်း Dry Day အဖြစ် ရေဝပ်တာတွေ အကုန်စွန့်ခဲ့ပြီး အားလုံးကို Dry ဖို့ပေါ့။ ကျောင်းသားတွေကိုလည်း ပိုးလောက်လန်း နှိမ်နင်းရေးတွေမှာ သူတို့ရဲ့အားကိုယူပြီးတော့ ကျောင်းမှာအပြင် အိမ်မှာလည်း ကိုယ့်မိသားစု၊ ကိုယ့်အနီး ပတ်ဝန်းကျင်က လူတွေကို ပြန်ပြောဖို့အပြင် ကိုယ့်အိမ်မှာကို တစ်နိုင်တစ်ပိုင် ဘုရားပန်းအိုးလဲတာ စတဲ့နေရာတွေမှာ အားသွန်ခွန်စိုက် ပါဝင်လာဖို့ ပညာရေးဌာနနဲ့ ပူးပေါင်းပြီး လုပ်ဆောင်နေပါတယ်။

သီတာဆွေ

  • TAGS