News

POST TYPE

HEALTH

ဒေါက်တာ အေးမွန်မွန်ကျော်နဲ့ တွေ့ဆုံခြင်း
27-May-2017 tagged as

နွေအကုန်၊ မိုးအကူး ပူအိုက်စိုစွတ်တဲ့ ရာသီဖြစ်တဲ့အပြင် မိုးရေတင်ကျန်တဲ့ နေရာတွေကြောင့်လည်း ခြင်ပေါက်ဖွားဖို့ ပိုများတာကြောင့် ပိုးလောက်လန်း နှိမ်နင်းရေးကို ကျန်းမာရေး ဝန်ထမ်းတွေ ဆောင်ရွက်ရုံ သာမက ပြည်သူလူထုကလည်း လိုက်နာဆောင်ရွက်ဖို့ လိုပါတယ်။ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ရန်ကုန်မှာ ဆောင်ရွက်နေတာတွေ၊ ပြည်သူလူထုမှာ ရှိသင့်တဲ့ သွေးလွန်တုပ်ကွေးဆိုင်ရာ ဗဟုသုတတွေကို ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ အေးမွန်မွန်ကျော်ကို The Voice က တွေ့ဆုံမေးမြန်း ဖော်ပြလိုက်ပါတယ်။

Voice : သွေးလွန်တုပ်ကွေး ရောဂါနဲ့ပတ်သက်ပြီး စာသင်ကျောင်းတွေ မဖွင့်ခင် လုပ်နေတဲ့ လုပ်ငန်းတွေရှိရင် ပြောပြပေးပါ။
Dr.AMMK : ကျောင်းကျန်းမာရေး ဆရာဝန်တွေ၊ ပညာရေးဌာနက ပညာရေးမှူးတွေကို ဖိတ်ပြီး သွေးလွန်တုပ်ကွေး ကာကွယ်နှိမ်နင်းဖို့ လုပ်မယ်။ မေလကနေ အခုအတိုင်းအတာမှာ ကျောင်းမဖွင့်ခင် ကျောင်းမှာရှိတဲ့ ပတ်ဝန်းကျင်တွေကို သန့်ရှင်းရေး လုပ်မယ်။ ရေလှောင်ထားတဲ့နေရာတွေကို ပိုးလောက်လန်းသေတဲ့ဆေး (အဘိတ်) ခပ်ထားတယ်။ ကျောင်းမဖွင့်ခင် စာသင်ခန်းတွေကို ခြင်ဆေးမှုတ်တာကို မြို့နယ်အလိုက် စလုပ်နေပါပြီ။

Voice : လတ်တလော သွေးလွန်တုပ်ကွေး ဖြစ်ပွားမှု မြင့်နေတဲ့အပေါ်ရော စီမံချက်တွေနဲ့ လုပ်နေပြီလားဆိုတာ သိချင်ပါတယ်။
Dr.AMMK : ပြည်သူလူထုနဲ့ပေါင်းပြီး မြို့နယ်တိုင်းမှာ ဗုဒ္ဓဟူး၊ စနေ ပုံမှန် လုပ်နေတယ်။ မြို့နယ်တိုင်းမှာ ရပ်ကွက်အလိုက် ရောဂါ (သွေးလွန်တုပ်ကွေး) အဖြစ်များတဲ့ ရပ်ကွက်တွေကို ဦးစားပေးပြီး ပိုးလောက်လန်း နှိမ်နင်းရေးကို အဓိကထား ဆောင်ရွက်ဖို့ စီမံချက်တွေ ရေးဆွဲပြီး စလုပ်နေပါပြီ။ ပိုးလောက်လန်း နှိမ်နင်းရေးကို အင်တိုက်အားတိုက် ဆောင်ရွက်ဖို့ လုပ်ထားပါတယ်။ အခုရပ်ကွက်တွေ ရွေးနေပြီ။ ဒလကို မေ ၂၅ ရက်မှာ စမယ်။ အဖြစ်များနေတာက လှိုင်သာယာ၊ ဒလ၊ တောင်ဒဂုံ၊ ဒဂုံအရှေ့၊ ဒဂုံဆိပ်ကမ်း၊ ဒဂုံတွေကတော့ အဖြစ်များတယ်။ လူဦးရေလည်း ထူထပ်တယ်။ ရေက Running Water System မဟုတ်ဘဲ ရေလှောင်ထားရတာ များတယ်။ ခြင်တွေက ရာသီဥတုအလိုက် ခြင်ပေါက်ဖွားတယ်။ နေပူတယ်။ မိုးရွာတယ်။ ပူအိုက်စွတ်စိုတဲ့ အခြေအနေဆို ခြင်ပေါက်ဖွားမှုနှုန်း မြန်လာတဲ့အတွက် မိုးရာသီမှာ ပိုဖြစ်လာနိုင်တယ်။ နွေမှာတောင် ဒီလောက်ဖြစ်နေရင် အစ်မတို့ ရန်ကုန်တိုင်းအနေနဲ့ ဖြစ်ပွားမှု များလိမ့်မယ်လို့ ယူဆပြီး ကာကွယ်နှိမ်နင်းရေးတွေကို အခုကတည်းက ကြိုလုပ်နေတာ။

Voice : ဆေးရုံတွေနဲ့ရော ဘယ်လို ချိတ်ဆက်ထားပါသလဲရှင့်။
Dr.AMMK : ဆေးရုံတွေကတော့ သွေးလွန်တုပ်ကွေး ဖြစ်လာရင် လက္ခဏာတွေကိုကြည့်မယ်။ ရိုးရိုးအဖျားပဲလား၊ သွေးလန့်တဲ့ လက္ခဏာပါပြီလားဆိုတာ ကြည့်တယ်။ မိဘပြည်သူတွေကိုပဲ၊ ကိုယ့်လူထုကိုပဲ ပြောထားရမယ်။ သွေးလန့်တဲ့ လက္ခဏာတွေကိုတွေ့ရင် အခြေခံ ကျန်းမာရေး စောင့်ရှောက်တဲ့ နေရာတွေ၊ ကျန်းမာရေး ဝန်ထမ်းဆီကို သွားရမယ်။ အမြန်ဆုံးက ဆေးရုံကိုပို့ဖို့။ ကိုယ့်ရဲ့ သားသမီးတွေ ဖျားပြီဆိုရင် ဒီရာသီမှာ သွေးလွန်တုပ်ကွေး သံသယရှိပြီး စောင့်ကြည့်ဖို့ လိုတယ်။ အဖျားလည်း ကြီးတယ်။ နှာစေး၊ ချောင်းဆိုးလည်း မဖြစ်ဘူးဆိုရင် သုံးရက်လောက် စောင့်ကြည့်ပြီး ဂရုစိုက်ရမယ်။ သွေးလန့်တဲ့ လက္ခဏာ ပေါ်တတ်တယ်။ အဖျား အရမ်းကြီးတာကနေ အဖျား ကျသွားမယ်။ အဖျားကျပေမယ့် ကလေးက မလန်းဘူး။ ထို့အတူပဲ ကလေးရော။ လူကြီးရော၊ အသက်ကိုးဆယ်အရွယ်တောင် သွေးလွန်တုပ်ကွေး ဖြစ်နေတယ်။ ဒီရာသီဆို သံသယရှိပြီး အမြဲစောင့်ကြည့်ဖို့ လိုတယ်။

Voice : ဘယ်လို အခြေအနေဆို ဆေးရုံသွားသင့်သလဲရှင့်။
Dr.AMMK : သုံးရက်မှာဖျားတယ်။ ဂဏာမငြိမ်ဖြစ်တယ်။ မှိန်းနေတယ်။ ဗိုက်က အထိမခံအောင် နာတယ်။ ဆက်တိုက် ဆက်တိုက် အန်တယ်။ ကော်ဖီစေ့၊ ကော်ဖီမှုန့်လို အမှုန်လေးတွေပါအောင်အန်တာ။ သွေးယိုစီးတာ။ ဝမ်း မည်းမည်းသွားတာတို့ကို စောင့်ကြပ်ကြည့်ရှုရမယ်။ ဒီလိုဖြစ်လာပြီဆိုရင် ချက်ချင်း ဆေးရုံသွားဖို့လိုတယ်။ ခြေဖျား၊ လက်ဖျား အေးလာရင် ချက်ချင်း အဖျားကျတယ်ဆိုရင်တောင် ကလေးကို စောင့်ကြည့်ဖို့လိုတယ်။

Voice : သွေးလွန်တုပ်ကွေးကြောင့် လူကြီးတွေရော သေဆုံးတာရှိပါသလား။ ဘယ်လို သတိထားသင့်ပါသလဲ။
Dr.AMMK : ဒီနှစ် ဇန်နဝါရီကနေ မေလ ၁၆ ရက်နေ့ထိ ၁၁၀ဝ ကျော် သွေးလွန်တုပ်ကွေးဖြစ်တယ်။ ၅ နှစ်ကနေ ၉ နှစ်။ သေတာက ၁၅ နှစ်အောက်တွေ သေတယ်။ လူကြီးတွေ သေတာတော့ မရှိဘူး။ ရန်ကုန်တိုင်းမှာ ၂၀၁၆ ခုနှစ်က သွေးလွန်တုပ်ကွေးဖြစ်တဲ့သူ နှစ်ထောင်ကျော်မှာ သေဆုံးသူ ၁၉ ဦး ရှိခဲ့တယ်။ လူကြီးတွေလည်း ပါတယ်။ ၁၆ နှစ်တို့၊ ၂၅ နှစ်တို့ သေဆုံးခဲ့တယ်။ အဲဒါမျိုးတွေလည်း ရှိတဲ့အခါကျတော့ လူကြီးတွေပါ သေဆုံးတတ်တယ်။ လူကြီးတွေပါ သွေးလွန်တုပ်ကွေးလို့ သံသယရှိရမယ်။ ဖျားတယ်။ နှာစေး၊ ချောင်းဆိုးလည်း မရှိဘူးဆိုရင် အပြင်းဖျားနေရင် သွေးလွန်တုပ်ကွေး ဖြစ်နိုင်တယ် ဆိုတာကို လူကြီးရော ကလေးရော အားလုံး စဉ်းစားဖို့ လိုတယ်။

Voice : အချိန်ပေးပြီး ဖြေပေးတာ ကျေးဇူးတင်ပါတယ်။ 

ရလေး

  • TAGS