News

POST TYPE

HEALTH

အထွေထွေရောဂါကု သမားတော်ကြီး ဒေါက်တာ မိုးအောင်ကျော်နိုင်နှင့် တွေ့ဆုံခြင်း
17-May-2017 tagged as

မိုးဦးကျကာလဖြစ်သည့် ယခုကဲ့သို့ ရာသီကူးပြောင်းချိန်များတွင် စားသောက်နေထိုင်မှုပုံစံ မမှန်ခြင်းကြောင့် ကျန်းမာရေးဆိုင်ရာ ရောဂါများ ဖြစ်ပွားနိုင်ပြီး ယင်းကဲ့သို့ ရောဂါများဖြစ်ပွားမှု ဘေးအန္တရာယ်မှ ကြိုတင် သတိထား ကာကွယ်နိုင်ရန် မိုးဦးကျကာလများတွင် ဖြစ်ပွားတတ်သည်များကို အထွေထွေ ရောဂါကု သမားတော်ကြီး ဒေါက်တာ မိုးအောင်ကျော်နိုင်နှင့် The Voice က မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

Voice : မိုးဦးကျကာလမှာ ဘယ်လိုရောဂါမျိုးတွေ ဖြစ်နိုင်ပါသလဲ။
Dr.MAKN : မိုးဦးကျကာလမှာ အဖြစ်များတဲ့ ရောဂါအနေနဲ့ အကြမ်းဖျင်း သုံးခုခွဲထားတယ်။ တစ်ခုကတော့ မိုးရွာထဲ ထွက်တယ်ဆိုရင် လေတိုက်တယ်၊ အအေးမိတယ်၊ အအေးပတ်တယ်ပေါ့။ နောက်တစ်ခုကတော့ ရေမသန့်တာပေါ့။ နောက်ဆုံး တစ်ခုကတော့ ခြင်ပေါ့။ ခြင်ကလည်း မိုးတွင်းမှာဆိုရင် သာမန် အချိန်တွေထက် ခြင်ပေါက်ပွားမှုနှုန်း ပိုများတယ်။ စိုထိုင်းတဲ့ ကာလဖြစ်လို့ပေါ့။ ခြင်ကြောင့်ဖြစ်တဲ့ ရောဂါတွေ ပိုများတယ်။ ဥပမာ - သွေးလွန်တုပ်ကွေးပေါ့။ တောတွေနဲ့ စမ်းချောင်းတွေ ရှိတဲ့နေရာမှာဆိုရင်တော့ ငှက်ဖျားရောဂါကလည်း မိုးဦးကျကာလမှာ အဖြစ် များတယ်။

Voice : ဒီလို ဖြစ်ပြီဆိုရင် ဖြစ်နိုင်တဲ့ ရောဂါအခြေအနေတွေကို ရှင်းပြပေးပါဦး။
Dr.MAKN : အအေးမိတာကတော့ မိုးရွာထဲမှာ ရေတွေ စိုသွားမယ်၊ ရေစိုကြီးနဲ့ အချိန်ကြာသွားမယ်၊ လေတိုက်မယ်၊ အေးတဲ့နေရာမှာ နေမယ်ဆိုရင် အအေးမိနိုင်မယ်။ အအေးမိရင်တော့ နှာစေးမယ်၊ ချောင်းဆိုးမယ်၊ လည်ချောင်း နာမယ်၊ ဖျားမယ်၊ တုပ်ကွေးဖြစ်မယ် စသဖြင့် ရောဂါတွေ ဖြစ်နိုင်တယ်။ ရေမသန့်တာက အစားအသောက်တွေ ဆေးတဲ့အခါမှာ မသန့်တဲ့ရေကို သုံးစွဲမိနိုင်တယ်။ နောက်ယင်ကောင်တွေ ပိုပြီးပေါက်တဲ့အတွက် ယင်ကောင်တွေကနေတစ်ဆင့် ပိုးကူးစက်မှုနှုန်းတွေ ပိုတွေ့ရတယ်။ အဲဒီကနေ ဖြစ်နိုင်တဲ့ ရောဂါတွေကတော့ ဝမ်းလျှော ဝမ်းပျက်ရောဂါ၊ ဝမ်းကိုက်ရောဂါ၊ အူရောင်ငန်းဖျား ရောဂါနဲ့ ကာလဝမ်းရောဂါအထိ ဖြစ်နိုင်တယ်။ အစားအသောက် မသန့်ရာကနေ ဝင်တဲ့ နောက်ထပ် ရောဂါကတော့ အသည်းရောင် အသားဝါ အေပိုးကြောင့် အသည်းရောင် အသားဝါဖြစ်တဲ့သူတွေကိုလည်း တွေ့ရတယ်။ ဒါ့အပြင် မျက်စိဝါတဲ့ ရောဂါတစ်ခုဖြစ်တဲ့ ကြွက်သေးကနေ ဖြစ်တဲ့ရောဂါပေါ့။ မိုးရွာတဲ့အခါမှာ ကြွက်သေးထဲမှာပါတဲ့ ဗက်တီးရီးယားပိုးတွေက ရေစီးကြောင်းကတစ်ဆင့် လူတွေရဲ့ ခြေထောက်နဲ့ ထိတွေ့တဲ့အခါ ပိုးတွေပါနေရင် အသည်းရောင် အသားဝါဖြစ်တယ်။

Voice : ရေမသန့်လို့ ဖြစ်တဲ့ရောဂါတွေအတွက် ဘယ်လိုပြုမူနေထိုင်သင့်ပါသလဲ။
Dr.MAKN : ကူးစက်နိုင်တဲ့ ရောဂါတွေဖြစ်တဲ့ ရေကနေ၊ အစားအသောက်ကနေ၊ အစားအသောက် ပြုပြင်တဲ့သူတွေ မသန့်ရှင်းရာကနေ ကူးစက်တယ်။ ကိုယ်က သတိထားရမှာက အစားအသောက်ပေါ့။ အစားအသောက်မှာ အပြင်စာတွေ စားကြမယ်ဆိုရင် အဲဒီမှာ ဈေးရောင်းတဲ့သူတွေက အရေးကြီးတယ်။ တတ်နိုင်ရင် အပြင်စာ မစားဘဲ ကိုယ့်အိမ်မှာ သန့်သန့်ရှင်းရှင်း စားသောက်ရင်တော့ ဒီရောဂါတွေ ခံစားစရာ မရှိဘူး။ အစားအသောက် ပြုလုပ်ရောင်းချတဲ့သူတွေ အနေနဲ့ အရေးကြီးတယ်။ ချက်ပြုတ်တဲ့နေရာမှာ သုံးစွဲတဲ့ရေကလည်း သန့်သင့်တယ်။ အမှုန်အမွှားတွေနဲ့ ယင်ကောင်တွေ မနားအောင် အုပ်ထားရမယ်။ အစားအသောက်ကိုထည့်တဲ့ ပန်းကန်တွေကိုလည်း သန့်ရှင်းတဲ့ရေနဲ့ ဆေးကြောထားတာ ဖြစ်ရမယ်။ နောက်အဲဒါကို ကိုင်တွယ်တဲ့သူကလည်း လက်အိတ်နဲ့ ကိုင်တွယ်ရမယ်ပေါ့။ သူတို့တွေက စနစ်ကျမှ စားသုံးတဲ့သူတွေ အနေနဲ့ အစားအသောက်ကဝင်တဲ့ ရောဂါတွေ ကင်းဝေးမှာ ဖြစ်တယ်။ တို့စရာလို အစိမ်းစားတာတွေကိုလည်း ရေသန့်နဲ့ သေသေချာချာ ဆေးကြောပြီးမှ စားသင့်တယ်။

Voice : ဒီရောဂါတွေက နာတာရှည်အနေနဲ့ ဖြစ်သွားနိုင်ပါသလား။
Dr.MAKN : အများစုကတော့ နာတာရှည် အနေနဲ့ မဖြစ်ဘူး။ ဝမ်းလျှော ဝမ်းပျက်ဆိုရင် ရောဂါဖြစ်တဲ့အချိန်မှာ ဓာတ်ဆားရည်ကို ဖြည့်သွင်းပေးရတယ်။ ဗက်တီးရီးယားပိုးကြောင့်ဆိုရင် ဆရာဝန်ပြပြီး ပိုးသတ်ဆေးတွေ သောက်ပြီး စနစ်တကျ ကုသမှု ခံယူမယ်ဆိုရင် ပျောက်ကင်းသွားမယ်။ နာတာရှည်တော့ မဖြစ်ဘူး။ သို့သော် ကာလဝမ်းလိုမျိုးက ဖြစ်တဲ့အချိန်မှာ စနစ်တကျ ကုန်ဆုံးသွားတဲ့ ရေနဲ့ ဆားဓာတ်ကို ပြန်မဖြည့်နိုင်ရင် အသက်အန္တရာယ်ရှိတယ်။ နောက် အသည်းရောင် အသားဝါလည်း ဒီအတိုင်းပဲ။ ပေါ့ပေါ့မထားဘဲ ရေနဲ့ အစားအသောက် ကိစ္စတွေကို မိုးဦးကျမှာ ဦးစားပေး ဆောင်ရွက်သင့်ပါတယ်။

Voice : အသည်းရောင် အသားဝါ အေပိုးနဲ့ ပတ်သက်ပြီး ရှင်းပြပေးပါဦး။
Dr.MAKN : အသည်းရောင် အသားဝါ အေပိုးနဲ့ အီးပိုး အစားအသောက်ကဝင်တဲ့ ရောဂါပါ။ အသည်းရောင် အသားဝါ ဘီနဲ့ စီပိုးတွေက သွေးနဲ့ သွေးထွက် ပစ္စည်းရယ်၊ ခန္ဓာကိုယ်က ထွက်တဲ့ အရည်တွေရယ်ကတစ်ဆင့် ကူးစက်တယ်။ အေပိုးက ရောဂါပိုး သယ်ဆောင်တဲ့သူက လက္ခဏာ မရှိပေမယ့် သူ့ရဲ့ဝမ်းထဲမှာ၊ အစာလမ်းကြောင်းထဲမှာ သည်းခြေရည်ထဲမှာ ဒီအသည်းရောင် အသားဝါ အေပိုးရှိတဲ့သူ စွန့်ထုတ်လိုက်တဲ့ မစင်ထဲမှာ ဒီပိုးတွေ ပါလာတယ်။ ပိုးတွေက ရေကြောင့်ဖြစ်ဖြစ်၊ ယင်ကောင်ကြောင့်ဖြစ်ဖြစ်၊ ပိုးရှိတဲ့မြေကြီးကို ကိုင်တွယ်မိလို့ပဲဖြစ်ဖြစ်၊ အေပိုးရှိတဲ့ ဈေးရောင်းတဲ့သူက အလေးစွန့်ပြီး လက်ကို စနစ်တကျ မဆေးဘဲ စားသောက်ဖွယ်ရာတွေကို ပြင်ဆင်တဲ့အခါမှာပဲဖြစ်ဖြစ် ပိုးတွေက စားသုံးသူတွေရဲ့ ခန္ဓာကိုယ်ထဲ ရောက်သွားတယ်။ ခံနိုင်ရည်ရှိတယ် ဆိုရင်တော့ အသည်းရောင် အသားဝါအဆင့်အထိ မဖြစ်လိုက်ဘဲ ဖျားချင်သလို၊ ပျို့ချင်သလိုနဲ့ မအီမသာ တစ်ပတ်လောက်ဖြစ်ပြီး ပြန်ကောင်းသွားတတ်တယ်။ အဲလိုလူတွေကျတော့ ခြောက်လ၊ တစ်နှစ်တန်သည်ပေါ့။ သွေးစစ်ကြည့်ရင် သူ့မှာ အသည်းရောင် အသားဝါအေပိုး ဝင်ထားဖူးတာကို တွေ့နိုင်တယ်။ အဲဒီတော့ ပိုးဝင်တဲ့ပမာဏ များတယ်၊ ကိုယ့်ရဲ့ ကိုယ်ခံအားကလည်း သိပ်မကောင်းဘူးဆိုရင် ဖျားနိုင်တယ်။ ရင်ခေါင်း ညာဘက်အပေါ်ကတင်းပြီး မအီမသာအောင့်ပြီး မျက်စိဝါလာတတ်တယ်။ ရောဂါပိုးများသွားရင်တော့ အသက်အန္တရာယ်အထိပါ ဖြစ်နိုင်တယ်။ ကလေးတွေမှာ အသည်းရောင် အသားဝါအေပိုး ကာကွယ်ဆေးဆိုတာလည်း ရှိတယ်။ ငယ်ရွယ်စဉ် အပြင် အစားအသောက်တွေနဲ့ မထိတွေ့ခင်မှာ ကြိုတင် ကာကွယ်ဆေးထိုးထားရင် ကာကွယ်နိုင်တယ်။

Voice : နောက်ဆုံးအချက်ဖြစ်တဲ့ ခြင်နဲ့ပတ်သက်ပြီးတော့ ပြောပြပေးပါဦး။
Dr.MAKN : ခြင်က အသက်အန္တရာယ်ဖြစ်နိုင်တဲ့ သွေးလွန်တုပ်ကွေး ဖြစ်တယ်။ အိမ်တစ်အိမ်မှာ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပြီဆိုရင် သူ့ရဲ့ပတ်ဝန်းကျင်က ခုနစ်အိမ်ကို ကျန်းမာရေးဌာန အကြောင်းကြားပြီး ခြင်ဆေးဖျန်းရတယ်။ သွေးလွန်တုပ်ကွေးက ကလေး၊ လူကြီး အကုန်လုံး ဖြစ်နိုင်တယ်။ ဖြစ်ခဲ့ရင်လည်း အသက် အန္တရာယ်ရှိတယ်။ ဒီလိုခြင်ပေါတဲ့ ရာသီမှာ ဖုံး၊ သွန်၊ လဲ၊ စစ်နည်းတွေနဲ့ ပိုးလောက်လန်းကနေ သက်ကြီး ခြင်မဖြစ်အောင် ကာကွယ်ရမယ်။ ဒါက လူတိုင်းမှာ တာဝန်ရှိတယ်။ ရေကြည်ရေသန့်မှာပဲ ပေါက်တဲ့အတွက် ကိုယ့်အိမ်မှာရှိတဲ့ ဘုရားပန်းအိုး၊ ရေချိုးကန်၊ တခြား ရေထည့်ထားတဲ့ကန်တွေကို တတ်နိုင်သမျှ ဖုံးအုပ် ထားသင့်တယ်။ ရေဝပ်နိုင်တဲ့ နေရာတွေမရှိအောင် ဆောင်ရွက်ရမယ်။ ခြင်ကိုက်မခံရအောင် နည်းမျိုးစုံနဲ့ ကာကွယ်ပြီး ပိုဂရုစိုက်သင့်တယ်။ ကိုယ့်အနီးပတ်ဝန်းကျင်မှာ သွေးလွန်တုပ်ကွေး ဖြစ်တယ်လို့ သတင်းကြားရင် ခြင်ကိုက် မခံရအောင် ပိုပြီးတော့ ဆောင်ရွက်နေထိုင်သင့်တယ်။

Voice : အခုလို ဖြေကြားပေးတဲ့အတွက ကျေးဇူးတင်ပါတယ်။                     

သီတာဆွေ

  • TAGS