News

POST TYPE

HEALTH

အသည်းရောဂါ ကာကွယ်ရေးနှင့် ကုသရေး အထောက်အကူပြု ဖောင်ဒေးရှင်းဖွဲ့မည်
17-May-2017 tagged as အသည်းရောဂါ


မန္တလေး၊ မေ ၁၆

မြန်မာနိုင်ငံအတွင်းရှိ အသည်းရောဂါ ဖြစ်ပွားနေမှုများနှင့်ပတ်သက်၍ ကုသရေးနှင့် ကာကွယ်ရေး လုပ်ငန်းများကို အထောက်အကူ ပြုနိုင်မည့် ဖောင်ဒေးရှင်း (Myanmar Liver Foundation - MyLiF) ကို မန္တလေးမြို့၌ လာမည့်မေလ ၃၁ ရက်နေ့တွင် ဖွဲ့စည်းမည်ဖြစ်ကြောင်း မန္တလေးဆေးရုံကြီး အသည်း အထူးကုဌာနထံမှ သိရသည်။

ဘီပိုး၊ စီပိုးရောဂါ ကာကွယ်ရေးတွေ၊ ကုသရေးတွေ လုပ်ဆောင်ဖို့က တစ်ဦး တစ်ယောက်တည်းနဲ့ လုပ်လို့ မရဘူး။ ဒါကြောင့် ဒီလုပ်ငန်းတွေ တွင်တွင်ကျယ်ကျယ် အကောင်အထည် ဖော်နိုင်ဖို့ ဒီအဖွဲ့လေး ဖွဲ့ဖို့ စီစဉ်လိုက်တာ ဖြစ်ပါတယ်။ လိုအပ်တဲ့နေရာတွေ အားလုံးမှာ အသင်းအဖွဲ့ တစ်ခုတည်းနဲ့ လုပ်ဖို့ မဖြစ်နိုင်တော့  အားလုံး ချိတ်ဆက် ဆောင်ရွက်နိုင်ဖို့ လုပ်တာလည်း ဖြစ်ပါတယ်”ဟု ယင်းဌာန ဌာနမှူး ပါမောက္ခဒေါက်တာ ညိုမီခိုင်သန်းလှိုင်က ပြောကြားသည်။

Myanmar Liver Foundation အနေနှင့် မြန်မာနိင်ငံအတွင်း ဖြစ်ပွားနေသည့် အသည်းရောဂါ ဖြစ်ပွားမှုများနှင့် နောက်ဆက်တွဲ ဆိုးကျိုးများ လျော့နည်းသွားစေရေး လုပ်ငန်းများ၊ အသည်း ကျန်းမာရေးအတွက် အသိပညာ ပေးခြင်း၊ အသည်းရောဂါ ဆေးပညာနှင့် သုတေသန လုပ်ငန်းများ လုပ်ဆောင်ခြင်း စသည့် လုပ်ငန်းစဉ်များကို လုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ယင်းဖောင်ဒေးရှင်းအနေနှင့် အသည်းကျွမ်း ရောဂါများ ခံစားနေရသည့် လူနာများကို အသည်းအစားထိုး ကုသခြင်းလုပ်ငန်းများ ပိုမို တိုးတက်ကောင်းမွန်စေရေးများ လုပ်ဆောင်းမည်ဖြစ်ကြောင်းလည်း အဆိုပါ ဖောင်ဒေးရှင်း လုပ်ငန်းအစီအစဉ်အရ သိရသည်။

“အသည်းရောဂါနဲ့ ပတ်သက်တဲ့ အသိပညာပေးတွေ၊ နိုင်ငံအဝန်း ကုသပေးရေးတွေ လုပ်ဆောင်မယ်လို့ ရည်ရွယ်ထားတယ်။ အစိုးရအနေနဲ့ မလုပ်နိုင်တဲ့ အခြေအနေတွေကိုလည်း လုပ်ဆောင်ပေးနိုင်အောင် ဆောင်ရွက်သွားမယ်”ဟု ဒေါက်တာ ညိုမီခိုင်သန်းလှိုင်က ဆက်လက် ပြောကြားသည်။

မြန်မာနိုင်ငံအနေနှင့် အသည်း အထူးကု ဆရာဝန်များ၊ အသည်းရောဂါ ကုသရေး ကျွမ်းကျင်ဆေးဝန်ထမ်းများ၊ အသည်းရောဂါ ကုသရေး ဝန်ထမ်းများ နည်းပါးလျက် ရှိသည့်အတွက် တိုးများလာရေးအတွက်လည်း ဆောင်ရွက်မည်ဟု မန္တလေးဆေးရုံကြီး အသည်းအထူးကုဌာနမှ ဆရာဝန်များက ပြောဆိုသည်။

မြန်မာနိုင်ငံအတွင်း၌ အသည်းရောဂါ ခံစားရသူအရေအတွက် ၁ ဒသမ ၃ သန်းအထိရှိပြီး မန္တလေးတိုင်းအနေနှင့် လူဦးရေ၏ ၇ ဒသမ ၇ ရာခိုင်နှုန်း ခံစားနေရကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၏ ၂၀၁၅ ခုနှစ် ကြေညာချက်တွင် ဖော်ပြထားသည်။ 

မန္တလေးဆေးရုံကြီးသို့ လာရောက်ကုသသည့် လူနာများအနက် ၂၀၁၂၊ ၂၀၁၃ ခုနှစ်များက တစ်ရက်လျှင် အသည်းရောဂါ ကုသမှုခံယူသူ ၃၀ ဦးမှ ၄၀ ဦးခန့်သာ ရှိခဲ့ပြီး လက်ရှိတွင် ၈၀ ဦးမှ ၁၀ဝ ဦးအတွင်း ရှိနေကြောင်း မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီး၏ နေ့စဉ်ဆေး ကုသမှု စာရင်းများအရ သိရသည်။

လာမည့်မေလ ၃၁ ရက်နေ့တွင် Myanmar Liver Foundation ကို တရားဝင် ဖွဲ့စည်းမည်ဖြစ်ပြီး၊ ယင်းအခမ်းအနားတွင် ဒေါတ်တာ ညိုမီခိုင်သန်းလှိုင်က အမေရိကန်ဒေါ်လာ တစ်သောင်းခွဲ လှူဒါန်းမည်ဖြစ်သည်။

M-04