News

POST TYPE

HEALTH

ဒေါက်တာ ဦးစောဝေဖြိုးနဲ့ တွေ့ဆုံခြင်း
13-May-2017 tagged as

ရာသီဥတုအလွန် ပူပြင်းနေတဲ့ ကာလကနေ မကြာမီမှာ မိုးဦးကျမယ့်ကာလကို ရောက်ပါတော့မယ်။ ရာသီဥတုတွေ ပြောင်းလဲတာဟာ လူတွေရဲ့စိတ်ကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်ပြီးသော်လည်းကောင်း သက်ရောက်စေတာနဲ့ ပတ်သက်ပြီး စိတ်ကျန်းမာရေး အထူးကု ဆရာဝန်ကြီး ဒေါက်တာ ဦးစောဝေဖြိုးနဲ့ The Voice က တွေ့ဆုံမေးမြန်းထားတာကို ဖော်ပြပေးလိုက်ပါတယ်။

Voice : ရာသီဥတုပူတဲ့အခါ လူတွေက စိတ်တိုလွယ်ပြီး တစ်ယောက်နဲ့တစ်ယောက် သည်းမခံချင်ကြပါဘူး။ ဒါဟာ စိတ်ပညာအရဆိုရင် ပုံမှန်လို့ ဆိုလို့ရပါသလား ဆရာ။
Dr.SWP : ရာသီဥတုပူတဲ့အခါ လူတွေက စိတ်တိုလွယ်ပြီး တစ်ယောက်နဲ့တစ်ယောက် သည်းခံစိတ် လျော့နည်းလာတတ်ကြပါတယ်။ ဒါဟာဆိုရင် စိတ်ပညာအရ ပုံမှန်လို့ ပြောလို့ရပါတယ်။ ရာသီဥတုဟာ ကျွန်တော်တို့ရဲ့ စိတ်အခြေအနေအပေါ်မှာ အချိန်တိုင်း အချိန်တိုင်းကိုပဲ သက်ရောက်မှုတွေ ရှိနေပါတယ်။ ယေဘုယျအားဖြင့် ရာသီဥတု သာယာနေရင် ကျွန်တော်တို့က သက်သောင့်သက်သာ အခြေအနေမှာရှိပြီး ရာသီဥတုတွေ ဆိုးရွားစွာ ဖောက်ပြန်လာရင် ကျွန်တော်တို့ရဲ့ စိတ်တွေဟာ ထိတ်လန့်စိုးရိမ်ခြင်း၊ ချောက်ချားခြင်း အစရှိတဲ့ စိတ်အခြေအနေ ပြောင်းလဲခြင်းတွေကို ခံစားလာရတတ်ပါတယ်။

Voice : ရာသီဥတုပူတဲ့အခါ ခွေး၊ ကြောင်တွေ ရူးတတ်လို့ ပြောကြသလို၊ လူတွေကိုဆိုလည်း နေမြင့်လေ အရူးရင့်လေလို့ စနောက်ကြတာ ရှိပါတယ်။ နေပူတာကြောင့် လူတွေက တကယ်ပဲ ရူးတတ်ကြတာလား။ စိတ်ကျန်းမာရေးနဲ့ နေပူတာနဲ့ ဆက်နွှယ်ပါသလားဆရာ။ ဆက်နွှယ်တယ်ဆိုရင် ဘယ်လို ဆက်နွှယ်နေသလဲဆိုတာ သိပါရစေဆရာ။
Dr.SWP : ရာသီဥတုပူတဲ့အခါ ခွေး၊ ကြောင်တွေ ရူးတတ်တယ်လို့ ပြောကြသလို၊ လူတွေဟာလည်း “နေမြင့်လေ၊ အရူးရင့်လေ”ဆိုပြီး စနောက်ကြတာတွေက ဟိုးအရင်ကတည်းက ရှိခဲ့ကြပါတယ်။ နေပူတာကြောင့် လူတွေတကယ်ပဲ ရူးကြသလားဆိုတဲ့ မေးခွန်းက အတော် ဖြေရခက်ပါတယ်။ သိပ္ပံနည်းကျကျ ပြုလုပ်ထားတဲ့ နိုင်ငံတကာ လေ့လာစမ်းစစ်မှု စစ်တမ်းတွေအရ ရာသီဥတုပူခြင်းဟာ ကျွန်တော်တို့ အရပ်ထဲမှာ ပြောနေကြတဲ့ “ရူးတယ်”ဆိုတဲ့ စိတ်ရောဂါ (စိတ်ကစဥ့်ကလျားဖြစ်ခြင်း) ကိုဖြစ်စေတဲ့ အကြောင်းအရာတွေတော့ မရှိပါဘူး။ ဒါပေမဲ့ စိတ်ကစဥ့်ကလျား ရောဂါသည် လူနာတွေဟာ ရာသီဥတု ပူပြင်းတဲ့ နွေရာသီလိုမျိုးမှာတော့ ရောဂါလက္ခဏာတွေ ပိုခံစားရတတ်တယ်လို့တော့ စစ်တမ်းတွေက ဖော်ပြထားတာ ရှိပါတယ်။

Voice : အပူချိန်ကြောင့် ဘယ်လို စိတ်ရောဂါတွေ ဖြစ်နိုင်ပါသလဲ ဆရာ။ 
Dr.SWP : ကျွန်တော်တို့တွေဟာ အလွန်အမင်း ပူပြင်းတဲ့အခြေအနေနဲ့ ရင်ဆိုင်ကြုံတွေ့ရတဲ့အခါမှာ ကျွန်တော်တို့ ခန္ဓာကိုယ်ကြီးဟာ အားအင်ယုတ်လျော့ အားနည်းလာမယ်။ အလွယ်တကူနဲ့ ပင်ပန်းလွယ်မယ်။ မအီမသာ ဖြစ်မယ်။ အလွယ်တကူ အိပ်မပျော်နိုင်ဘူး။ အိပ်ဖို့ ခက်မယ်။ စားချင်သောက်ချင်စိတ် မရှိဘူး။ အစားအသောက် ပျက်မယ်။ ချွေးထွက်များပြီး ရေပိုငတ်လာမယ်။ ထိုကဲ့သို့သော ခန္ဓာကိုယ်ရဲ့ ဖောက်ပြန်လာတဲ့ အခြေအနေကတစ်ဆင့် စိတ်အလိုမကျခြင်း၊ စိတ်တိုလွယ်၊ စိတ်ဆတ်ခြင်း၊ ရန်လိုလာခြင်း၊ ဒေါသကြီးလာခြင်း အစရှိသော စိတ်အခြေအနေ ပြောင်းလဲခြင်းကို  ခံစားလာရတတ်ပါတယ်။ 

Voice : အိန္ဒိယနိုင်ငံမှာလုပ်တဲ့ စစ်တမ်းတစ်ခုအရ ရာသီဥတုပူချိန်မှာ အဓိကရုဏ်းတွေထိတောင် ဖြစ်တယ်လို့ ပြောထားပါတယ်။ မြန်မာနိုင်ငံမှာရော  ဒီလို အဖြစ်အပျက်မျိုး ရှိခဲ့ဖူးပါသလား ဆရာ။ အတွေ့အကြုံအရ လူတွေက ဘယ်ရာသီမှာ စိတ်ကျန်းမာရေး ထိခိုက်တာ၊ စိတ်ကျန်းမာရေး ချို့တဲ့တာ ပိုဖြစ်ပါသလဲဆရာ။
Dr.SWP : စိတ်ဓာတ်ကျခြင်း ရောဂါ လက္ခဏာတွေဟာ မိုးရာသီနဲ့ ဆောင်းရာသီတွေမှာ ပိုပြီး အဖြစ်များနိုင်ပါတယ်။ ရာသီဥတု ပူလွန်းအေးလွန်းခြင်းကြောင့် ရာသီဥတုအပေါ်မှာ မူတည်လုပ်ကိုင်ရတဲ့ စီပွားရေးလုပ်ငန်းတွေ အဆင်မပြေ ကမောက်ကမ ဖြစ်နိုင်ပါတယ်။ လူတစ်ဦးတစ်ယောက်ဟာ မိမိရဲ့ အလုပ်အကိုင် စီးပွားရေးတွေ ထိခိုက်ပျက်စီးလာပြီ ဆိုရင်တော့ ထိုသူဟာ စိတ်ဖိစီးမှုများခြင်း စိတ်ဓာတ်ကျခြင်း မိမိကိုယ်ကိုယ် အဆုံးစီရင်တဲ့အထိ ဖြစ်တတ်ပါတယ်။ မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးကို အခြေခံတဲ့ နိုင်ငံတစ်ခုဖြစ်တဲ့အတွက် ရာသီဥတု ပူလွန်းခြင်းကြောင့် မိုးခေါင်ရေရှားမှုတွေ ကြုံတွေ့လာနိုင်ပါတယ်။ ဒီလိုအခြေအနေမှာ ဆိုရင်တော့ စိုက်ပျိုးရေးကို လုပ်ကိုင်နေကြတဲ့ တောင်သူ လယ်သမားတွေမှာ စိတ်ဖိစီးမှုတွေ အဆင်မပြေမှုတွေနဲ့ စိတ်ဓာတ် ကျဆင်းမှုတွေ ခံစားရနိုင်ပါတယ်။ ရာသီဥတုပူလွန်း အေးလွန်းခြင်းကြောင့် ရာသီဥတုတွေ ဖောက်ပြန်နိုင်ပြီး သဘာဝဘေးအန္တရာယ် ကျရောက်မှုတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ ၂၀ဝ၈ ခုနှစ်မှာ  ဖြစ်ပေါ်ခဲ့တဲ့ နာဂစ်မုန်တိုင်းဟာလည်း နွေရာသီဖြစ်တဲ့ မေလမှာ ဖြစ်ပေါ်ခဲ့ပြီး နာဂစ်ဒဏ်ကို ခံစားခဲ့ရတဲ့မြန်မာနိုင်ငံ  မြစ်ဝကျွန်းပေါ်မှာ နေထိုင်ကြတဲ့ ပြည်သူအများစုဟာ post traumatic stress disorder (PTSD) သဘာဝဘေး အန္တရာယ်အလွန် စိတ်ဖိစီးမှုများခြင်း ဝေဒနာကို ခံစားခဲ့ကြရပါတယ်။ ဒါကြောင့် အပူချိန် မြင့်မားခြင်း၊ အပူချိန် ပြင်းထန်ခြင်းတွေကြောင့် လူတစ်ဦးချင်းစီရဲ့ ကိုယ်ခန္ဓာ ကျန်းမာရေးကို သာမကဘဲ စိတ်ကျန်းမာရေး အခြေအနေ အပေါ်မှာလည်း တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်ပြီးသော်လည်းကောင်း သက်ရောက် ပြောင်းလဲမှုများစွာ  ဖြစ်ပေါ်ခံစားရနိုင်ပါတယ်။

Voice : ဒီလိုလူတွေအတွက် အကောင်းဆုံး နည်းလမ်းကို ညွှန်ပြပေးပါဆရာ။
Dr.SWP : အပူချိန် ပြင်းထန်လွန်ကဲမှုကြောင့် ပုံမှန်မဟုတ်တဲ့ စိတ်ပိုင်းဆိုင်ရာ လက္ခဏာတွေ ဖြစ်ပေါ်ခံစားနေရပြီ ဆိုရင်တော့ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး ဝန်ထမ်းတွေ၊ စိတ်ကျန်းမာရေး အထူးကု ဆရာဝန်ကြီးတွေနဲ့ စောစီးစွာ တိုင်ပင် ဆွေးနွေးသင့်ပါတယ်။

Voice : ဆရာ ဖြည့်စွက် ပြောချင်တာရှိရင် ပြောပြပေးပါရှင့်။
Dr.SWP : လူတိုင်းဟာ ကိုယ်စိတ်နှစ်ပါး ကျန်းမာစေဖို့ မပူလွန်း မအေးလွန်းတဲ့ မျှတတဲ့ ရာသီဥတုမှာ နေထိုင်သင့်ပါတယ်။ ရာသီဥတု ဖောက်ပြန်ခြင်းနဲ့ သဘာဝ ဘေးအန္တရာယ်တွေ မဖြစ်ပေါ်စေဖို့အတွက် လူတစ်ဦးချင်းစီဟာ မိမိကိုယ်ပိုင် အသိစိတ်နဲ့ ထိန်းသိမ်း စောင့်ရှောက်ဖို့ လိုအပ်ပါတယ်။ အားလုံး စိတ်ကျန်းမာခြင်း ကိုယ်ချမ်းသာခြင်းတို့နဲ့ ပြည့်ဝကြပါစေ။

ရလေး

  • TAGS