News

POST TYPE

HEALTH

အထွေထွေ ရောဂါကု ဆရာဝန် ဒေါက်တာကျော်စွာဦးနှင့် တွေ့ဆုံခြင်း
10-May-2017 tagged as

လေထုမသန့်ရှင်းဘဲ ညစ်ညမ်းမှုများကြောင့် ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုများ ကြုံတွေ့လာနိုင်ပြီး နာတာရှည် ရောဂါများအထိပါ ဖြစ်ပွားစေနိုင်သောကြောင့် လေထုညစ်ညမ်းမှုနှင့် ဆက်စပ်သည့် ကျန်းမာရေးဆိုင်ရာများကို အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာ ကျော်စွာဦး (ရောင်ခြည်သစ် ကုသိုလ်ဖြစ် အခမဲ့ဆေးခန်းတာဝန်ခံ) နှင့် The Voice က မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

Voice : လေထုညစ်ညမ်းမှုကို အဓိကဖြစ်စေနိုင်တဲ့ အကြောင်းတွေကို ပြောပြပေးပါဦး။
Dr.KSO : စက်ရုံ၊ အလုပ်ရုံက ထွက်တဲ့မီးခိုးတွေ၊ ဓာတ်ငွေ့တွေ၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေကထွက်တဲ့ မီးခိုးတွေ၊ ကျောက်မီးသွေးစက်ရုံကနေ ထွက်လာနိုင်တဲ့ အမှုန်အမွှားတွေ၊ နောက်ပြီးတော့ အမှိုက် မီးရှို့တာပဲဖြစ်ဖြစ်၊ ထမင်း ဟင်းချက်တာပဲဖြစ်ဖြစ်၊ စားသောက်ဆိုင်တွေက ထွက်လာတဲ့ အခိုးအငွေ့တွေ ပါအားလုံးဟာ လေထုညစ်ညမ်းခြင်းကို ဖြစ်ပေါ်စေတာပေါ့။ ဒါ့အပြင် စိုက်ပျိုးရေး လုပ်ငန်းတွေက ပိုးသတ်ဆေးတွေ ဖျန်းတာကလည်း လေထုညစ်ညမ်းခြင်းကို ဖြစ်ပေါ်စေတဲ့ အကြောင်းထဲပါတယ်။

Voice : ဒီလိုလေထုညစ်ညမ်းမှုတွေကတစ်ဆင့် ဘယ်လို ကျန်းမာရေး ထိခိုက်မှုတွေ ရှိလာနိုင်မလဲ။
Dr.KSO : အထူးသဖြင့် သက်ကြီးရွယ်အိုတွေ၊ ကလေးတွေနဲ့ အမျိုးသမီးတွေမှာ သက်ရောက်မှု ပိုရှိတယ်လေ။ တချို့သော နှလုံးရောဂါနဲ့ အဆုတ်ရောဂါ အခြေခံရောဂါရှိတဲ့ သူတွေမှာလည်း သက်ရောက်မှုက ပိုပြီးတော့ ပြင်းထန်ပါတယ်။ သာမန်လူတွေမှာလည်း ဖြစ်နိုင်ခြေ ရှိတယ်။ အခုပြောတဲ့ သူတွေကတော့ လေထု ညစ်ညမ်းမှုနဲ့ ပတ်သက်ပြီး ပိုပြီးတော့ ခံစားရတယ်ပေါ့။ ကလေးတွေမှာ သိသိသာသာ သိနိုင်တာကတော့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေပေါ့။ ဥပမာအားဖြင့် ပန်းနာရင်ကျပ်လိုမျိုး ဖြစ်နိုင်တယ်။ အမြဲတမ်း ဖြစ်သွားတာ ရှိသလို ရာသီဥတု ပြောင်းလဲမှုဆိုင်ရာနဲ့ ဆက်ပြီးတော့ ပန်းနာရင်ကျပ် ဖြစ်သွားတာတွေလည်း ရှိပါတယ်။ နောက်ပြီး သုတေသနတွေအရ နှလုံး၊ သွေးတိုးရှိတဲ့သူတွေက ဒီလိုမျိုးတွေကတစ်ဆင့် လေဖြတ်တာတွေဖြစ်နိုင်တယ်။ အဆုတ်နဲ့ပတ်သက်ရင်လည်း နာတာရှည် အဆုတ်ရောင်ရောဂါတွေ ဖြစ်တတ်သလို အသက်ရှူလမ်းကြောင်းဆိုင်ရာနဲ့ ပတ်သက်ပြီး အဆုတ်မှာ ကင်ဆာ ဖြစ်နိုင်တာပေါ့။

Voice : ဒီလိုညစ်ညမ်းမှုတွေကနေ ရေရှည်မှာ ဘယ်လောက်ထိ ကျန်းမာရေး ထိခိုက်မှုတွေ ရှိလာနိုင်မလဲ။
Dr.KSO : တချို့သော သုံးသပ်ချက်တွေအရဆိုရင် ဒါက ဘာတွေနဲ့ ဆက်စပ်လာနိုင်သလဲဆိုတော့ အယ်ဇိုင်းမားလို့ခေါ်တဲ့ ရောဂါလည်း ဖြစ်လာနိုင်ခြေ ရှိတယ်ပေါ့။ နောက်ပြီး မွေးလာမယ့် ကလေးတွေပေါ်မှာ သွားပြီး သက်ရောက်မှု ရှိတယ်ဆိုတာ ပြောထားတယ်။ မွေးရာပါ တစ်ခုခု ချို့ယွင်းချက်ပေါ့။ နောက်ပြီး ကလေးတွေ မွေးဖွားတဲ့အခါမှာ ပေါင်မပြည့်ဘဲနဲ့ မွေးတာတွေစတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်လာနိုင်တယ်ဆိုတဲ့ စစ်တမ်းတွေလည်း တွေ့ရပါတယ်။ နောက်ပြီး လေထု ညစ်ညမ်းမှုကြောင့် တစ်ကမ္ဘာလုံးမှာ အရွယ်မတိုင်ခင် သေဆုံးနှုန်းက တစ်နှစ်ကို ခုနစ်သန်းလောက် ရှိတယ်။ ပတ်ဝန်းကျင် ညစ်ညမ်းခြင်းကြောင့် တစ်ကမ္ဘာလုံးမှာ ကလေးတွေက တစ်နှစ်ကို ၁ ဒသမ ၇ သန်း သေဆုံးတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ၂၀၁၄ ခုနှစ် စစ်တမ်းတွေမှာ ဖော်ပြထားပါတယ်။ နောက်တစ်ခုက လေထုညစ်ညမ်းခြင်းကြောင့် ကျန်းမာရေးတွေ ထိခိုက်လာတယ်။ အရွယ်မတိုင်ခင် သေဆုံးမှုတွေ များလာတဲ့အခါမှာ တိုင်းပြည်ရဲ့ စီးပွားရေးကိုပါ သွားပြီးသက်ရောက်မှု ရှိတယ်ဆိုတာကို တွေ့ရှိရတယ်။ ရောဂါရှိနေတဲ့အခါမှာ ကောင်းကောင်း အလုပ်မလုပ်နိုင်တော့ ထုတ်လုပ်မှု စွမ်းရည်တွေ ကျဆင်းလာတယ်ပေါ့လေ။ ရောဂါဖြစ်တဲ့သူတွေ များလာတော့ တိုင်းပြည်အတွက် ကျန်းမာရေး ဘတ်ဂျက်တွေက ပိုကုန်လာတယ်။ ဝန်ထုပ်ဝန်ပိုးတွေ ဖြစ်တယ်ပေါ့။ ဒီလိုမျိုးထိ ပညာရှင်တွေက သုံးသပ်ထားပါတယ်။

Voice : လေထုညစ်ညမ်းမှုကို ဘယ်လို နည်းလမ်းတွေနဲ့ လျှော့ချလို့ရနိုင်မလဲ။
Dr.KSO : ဒါက သက်ဆိုင်ရာမှာလည်း တာဝန်ရှိသလို ပြည်သူလူထုတွေ အားလုံးမှာ တာဝန်ရှိပါတယ်။ စက်ရုံ၊ အလုပ်ရုံက ထွက်လာတဲ့ အခိုးအငွေ့တွေကို ဘယ်လို လျော့နည်းအောင် လုပ်နိုင်မလဲ။ လူတိုင်းအနေနဲ့လည်း ထမင်းဟင်းချက်တာပဲဖြစ်ဖြစ်၊ ကားတွေ သုံးနေတာပဲဖြစ်ဖြစ်၊ ဒါတွေက ထွက်လာတာတွေကို ဘယ်လိုများ လျှော့ချနိုင်မလဲပေါ့။ ဥပမာ - ဆေးလိပ် သောက်တတ်တဲ့သူဆိုရင် တစ်နေ့ကို ၁၀ လိပ်လောက် သောက် နေရာက တစ်လိပ်လောက်ပဲ သောက်ရင် ကျန်တဲ့အလိပ်တွေက ထွက်လာတဲ့ အငွေ့က သက်သာသွားတာပေါ့။

နောက်ပြီး တချို့လည်း တစ်ပတ်လုံး ကားသုံးတာကနေ တစ်ရက်လောက် မသုံးလိုက်ဘူးဆိုရင် အဲဒီကားက ထွက်လာမယ့် အခိုးအငွေ့ ပမာဏတွေ လျော့ကျသွားနိုင်တာပေါ့။ တစ်ဦးတစ်ယောက်ချင်းစီက တတ်နိုင်သလောက် လျှော့ချမယ်ဆိုရင် လေထုညစ်ညမ်းခြင်းက ပိုပြီး မဆိုးရွားလာနိုင်ဘူးပေါ့လေ။ တချို့သော နိုင်ငံတွေမှာဆိုရင် လေထုညစ်ညမ်းခြင်းနဲ့ ပတ်သက်ပြီးတော့ ဥပဒေ ပြဋ္ဌာန်းထားတာတွေ ရှိတယ်။ အစိုးရမူဝါဒ အနေနဲ့ Public Transport ကို ဦးစားပေးရင် ပိုကောင်းတယ်ပေါ့။ နောက်ပိုင်း ဒီဇယ်ကားတွေနဲ့ ပတ်သက်တဲ့ မူဝါဒတွေ ပြဋ္ဌာန်းနိုင်ရင် ကောင်းတာပေါ့။

Voice : ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ဆရာ့အနေနဲ့ ဘာများဖြည့်စွက် ပြောကြားချင်ပါသေးလဲ။
Dr.KSO : မိဘပြည်သူတွေအနေနဲ့ လေထုညစ်ညမ်းခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ နောက်ဆက်တွဲရောဂါ ဝေဒနာတွေ၊ ဆိုးကျိုးတွေ လေ့လာ သိရှိထားသလို မိမိ ကိုယ်တိုင်ကလည်း ဒီလိုအခိုးအငွေ့တွေ ထွက်လာနိုင်တဲ့ ဂက်စ်တွေ၊ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ ကာဗွန်မိုနောက်ဆိုဒ်၊ နိုက်ထရိုဂျင်အောက်ဆိုဒ်၊ မီသိန်း စတဲ့ဓာတ်ငွေ့တွေကို တစ်ယောက်ချင်းစီကလည်း လျော့နည်းအောင် အားလုံး ပူးပေါင်း ဆောင်ရွက်မယ်ဆိုရင် လေထုညစ်ညမ်းခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို အကောင်းဆုံး ဖြစ်အောင် ဆောင်ရွက်နိုင်မယ်လို့ ယူဆပါတယ်။ မိဘပြည်သူတွေ အနေနဲ့လည်း ဒီဗဟုသုတတွေကို လေ့လာသိရှိရုံတင် မကပါဘူး။ လိုက်နာကျင့်သုံးဖို့လည်း တိုက်တွန်းလိုပါတယ်။

Voice : အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

သီတာဆွေ

  • TAGS