POST TYPE

HEALTH

အစာအိမ် အူလမ်းကြောင်း အထူးကုသမားတော်ကြီး ပါမောက္ခဌာနမှူး ဒေါက်တာသိန်းမြင့်နှင့် တွေ့ဆုံခြင်း
01-Feb-2017

အကိုက်အခဲပျောက်ဆေး၏ ဘေးထွက်ဆိုးကျိုးများကြောင့် လူများသေဆုံးလျက် ရှိသည့်အတွက် အကိုက်အခဲပျောက်ဆေးနှင့် ပတ်သက်သည့် အစာအိမ် အူလမ်းကြောင်းတွင် ဖြစ်ပွားနိုင်သည်များကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အစာအိမ် အူလမ်းကြောင်း အထူးကုသမားတော်ကြီး ပါမောက္ခဌာနမှူး ဒေါက်တာသိန်းမြင့်နှင့် The Voice က တွေ့ဆုံမေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

Voice : အကိုက်အခဲပျောက်ဆေးကြောင့် ဖြစ်နိုင်တဲ့ အစာအိမ် အူလမ်းကြောင်းဆိုင်ရာ ရောဂါတွေကို ပြောပြပေးပါဦး။

Dr.TM : အကိုက်အခဲပျောက်ဆေးကြောင့် ဖြစ်နိုင်တဲ့ အစာအိမ်အူလမ်းကြောင်း ရောဂါတွေကတော့  အများကြီးပေါ့။ အရင်တုန်းက နားလည်ထားတာက အကိုက်အခဲပျောက်ဆေး သောက်ရင် အစာအိမ် ထိတယ်လို့ပဲ နားလည်ထားတယ်။ အခုနောက်ပိုင်းကတော့ အဲဒီလို မဟုတ်တော့ဘူး။ အကိုက်အခဲပျောက်ဆေး သောက်ရင် အစာအိမ်ထိတာ မှန်တယ်။ လူတိုင်းလည်း နားလည်ထားတယ်။ အစာအိမ် ဘာတွေထိလဲဆိုတော့ အစာအိမ်ရောင်တယ်၊ အနာဖြစ်တယ်၊ အစာအိမ် သွေးကြောပေါက်တယ်၊ အစာအိမ်ရဲ့ ကြွက်သားတွေ အလုပ်လုပ်တာ အားနည်းသွားတယ်။ အစာအိမ် ပွန်းတာတွေပေါ့။ နောက်ပိုင်းမှာ ဒါတွေတင်မကတော့ဘဲ အစာမျိုချတဲ့ ပြွန်မှာလည်း အစာမျိုတဲ့ ပြွန်ကျဉ်းတာ၊ ရောင်တာ၊ အနာဖြစ်တာတွေ။ အူမကြီးမှာလည်း တွေ့တယ်။ အူမကြီးရောင်တာ၊ အူမကြီး သွေးထွက်တာ၊ အူမကြီးမှာ အနာဖြစ်တာတွေပေါ့။ နောက်ပြီး အကိုက်အခဲပျောက်ဆေးသောက်ရင် ရှိပြီးသား အူမကြီးရောဂါတွေ ပိုဆိုးတယ်။ အူသိမ်နဲ့ ပတ်သက်ပြီး အသစ်ထပ်တွေ့တာတွေ ရှိတယ်။ အရင်တုန်းကတော့ သိပ်မရှာနိုင်ဘူး။

Voice : ဒါတွေထဲကမှ အဖြစ်များတဲ့ ရောဂါတွေကရော။

Dr.TM : အဖြစ်များတာကတော့ အစာအိမ် အဖြစ်များဆုံးပဲ။ အစာအိမ်ရောင်တာ၊ အစာအိမ်အနာ ဖြစ်တာနဲ့ အစာအိမ် သွေးကြောပေါက်တာရယ်ပေါ့။

Voice : ဒီလိုရောဂါ ဖြစ်လာပြီဆိုရင် ဘယ်လောက်အထိ ဆိုးရွားတာတွေ ခံစားရနိုင်လဲ။

Dr.TM : လူတိုင်းလည်း သောက်ကြတာပဲ။ တချို့လည်း ဘာမှမဖြစ်ဘူး။ တစ်နေ့ သုံး၊ လေးလုံးလုံးနဲ့ လေး၊ ငါး နှစ်သောက်တယ်။ တချို့ကျတော့လည်း တစ်လုံးလောက် သောက်တာနဲ့တင် သွေးအန်၊ အစာအိမ် ပေါက်တာတွေ ရှိတယ်။ ဒါတွေက မျိုးရိုးအပေါ် မူတည်တယ်။ အဖြစ်အများဆုံးက အသက်ကြီးတဲ့ အသက် ၆၀ နဲ့ ၈၀ ကြားပေါ့။ အသက်ကြီးလေ ပိုဆိုးလေပေါ့။ နောက်တစ်ခုက အရင်တုန်းက အကိုက်အခဲပျောက်ဆေး သောက်လို့ အစာအိမ်ရောဂါ ဖြစ်ဖူးတဲ့ သူတွေပေါ့။ ဒီအုပ်စု နှစ်စုကတော့ အဖြစ်အများဆုံးပဲ။ နောက်ပြီးတော့ အကိုက်အခဲပျောက်ဆေးကို တစ်မျိုးတည်း မဟုတ်ဘဲ နှစ်မျိုးလောက် ပေါင်းသောက်တဲ့သူတွေ။ နောက် အကိုက်အခဲပျောက်ဆေးနဲ့ သွေးကျဲဆေး ရောသောက်တယ်ဆိုရင် ပိုဖြစ်ဖို့များတယ်။ အကိုက်အခဲပျောက်ဆေးနဲ့ အရောင်ကျဆေး (စတီးရွိုက်) တွဲသုံးရင်လည်း အဲလိုလူတွေက ပိုခံရတယ်။ နောက်တစ်ခါ လူနာမှာ အခြားရောဂါတစ်ခုခု ဖြစ်တဲ့ နှလုံးရောဂါ၊ ကျောက်ကပ်အားနည်းတာ၊ အသည်းရောဂါရှိရင် အဲဒီလူတွေက အကိုက်အခဲပျောက်ဆေးရဲ့ ဆိုးကျိုးကို ပိုပြီးခံရတယ်။ လူနာမှာ အစာအိမ်ရောဂါပိုး ရှိတယ် ဆိုရင် အဲဒီလူနာက အကိုက်အခဲပျောက်ဆေးရဲ့ ဆိုးကျိုးကို ပိုခံရတယ်။

အကိုက်အခဲပျောက်ဆေးက အစာအိမ်ကိုသာ ထိတဲ့အကြောင်းကို ပြောတာ။ သူ့မှာလည်း ကောင်းတာတွေက အများကြီးပဲ။ ဥပမာ- ခေါင်းကိုက်တာ၊ ခါးကိုက်တာ၊ တစ်ခုခုဖြစ်လို့ ရောင်တာတို့၊ ဖျားတယ်တို့ဆိုရင် အကိုက်အခဲပျောက်ဆေးက လိုပြီ။ ဆေးတွေအကုန်လုံးမှာ ကောင်းတာတွေ ရှိသလို ဆိုးတာလည်း ရှိတယ်။ ဆရာတို့ သုံးနေကျ အကိုက်အခဲ ပျောက်ဆေးတွေကို သမားရိုးကျ အကိုက်အခဲပျောက်ဆေးလို့ ခေါ်တယ်။ ဆိုးကျိုးက သိပ်များလာတဲ့ အခါကျတော့ ဆိုးကျိုးနည်းတဲ့ အကိုက်အခဲ ပျောက်ဆေးတွေ ထွင်လာတယ်။ COX-2 Inhibitors ကျတော့ ဆိုးကျိုးကို တော်တော်နည်းစေတယ်။ ရိုးရိုးအကိုက်အခဲပျောက်ဆေးက အစာအိမ်အူလမ်းကြောင်းကို ၉၀ ရာခိုင်နှုန်း ထိတယ်ဆိုရင် သူကတော့ ၁၀ ရာခိုင်နှုန်းလောက်ပဲ ထိတယ်။ အရင်သမားရိုးကျ အကိုက်အခဲပျောက်ဆေးတွေထက် COX-2 Inhibitors တွေကို သုံးလာကြတယ်။

Voice : မသောက်မဖြစ် သောက်ရမယ် ဆိုရင်ရော အစာအိမ်ရောဂါတွေ မဖြစ်အောင် ဘယ်လိုကာကွယ်လို့ ရမလဲ။

Dr.TM : ဒီလိုရောဂါအဖြစ်များနိုင်တဲ့ အုပ်စုဆိုရင်တော့ ဆေးကိုတတ်နိုင်သမျှ မပေးချင်ဘူး။ ပေးမယ်ဆိုရင်လည်း အကိုက်အခဲပျောက်ဆေး အကုန်လုံးကို ပမာဏကို အနည်းဆုံး ပေးချင်တာပေါ့။ တစ်လုံးတည်း ပျောက်ရင် တစ်လုံးတည်းပေါ့။ ရက်တိုတိုပဲ ပေးချင်တာပေါ့။ တချို့က ပျောက်သွားလည်း ဆက်သောက်နေတာ ရှိတယ်။ အကိုက်အခဲပျောက်ဆေး သောက်ရင် မထိအောင် ဘာလုပ်လို့ရလဲဆိုရင် အစာအိမ်အက်စစ်ကို ထိန်းတဲ့ဆေးတွေ တွဲပေးလို့ရတယ်။ အစာအိမ် အက်စစ်ကို ထိန်းတဲ့ဆေးတွေကတော့ အများကြီးပဲ ရှိတာပေါ့။ ဆရာတို့ အကြမ်းခေါ်နေတဲ့ အစာကြေဆေး ဂျက်လမတ်တွေပေါ့။ တချို့ကတော့ အစာအိမ် မထိအောင် အစာစားပြီးမှ သောက်ကြတယ်။ အဲဒါလည်း မကာကွယ်နိုင်ဘူး။ နောက် အစာကြေဆေးတွေနဲ့ တွဲသောက်ကြတယ်။ အဲဒါလည်း မကာကွယ်နိုင်ဘူး။ မကာကွယ်နိုင်တဲ့အပြင် သွေးတိုးတို့ ဘာတို့ ပိုဆိုးလာတယ်။ အစာနဲ့ရော၊ အစာကြေဆေးနဲ့ရော မထိရောက်ဘူး။ ထိထိရောက်ရောက် တားနိုင်တာကတော့ PPI ဆိုတဲ့ အစာအိမ်ဆေးနဲ့ တွဲသောက်ရင်တော့ တားနိုင်တယ်။

အကိုက်အခဲပျောက်ဆေး သောက်ရင် ကာကွယ်နိုင်အောင်လို့ PPI ပါတဲ့ အုပ်စုကတော့ အကောင်းဆုံးပါပဲ။ ဒီဆေးတွေက အစာအိမ်ကို ကာကွယ်နိုင်ပေမယ့် အူသိမ်နဲ့ အူမကြီးမှာ ဖြစ်တာကို မကာကွယ်နိုင်ဘူး။ အစာအိမ်မှာ ကောင်းပါတယ်ဆိုတဲ့ PPI ကို ပေးလိုက်ရင် ပိုတောင်ဆိုးသေးတယ်။ လူတွေ အယူအဆ နည်းနည်းလွဲနေတာက အကိုက်အခဲပျောက်ဆေး ဆိုတာက ပါးစပ်ကသောက်မှ ထိတာ။ အကြောက ထိုးမယ်၊ တင်ပါးက ထိုးမယ်။ စအိုကထည့်ရင် မထိဘူး ထင်နေတာက တကယ်တော့ မဟုတ်ဘူး။ အကိုက်အခဲပျောက်ဆေး ဆိုရင် ဘယ်လိုသုံးသုံး အစာအိမ်အူ လမ်းကြောင်း ထိကိုထိတယ်။ ပါးစပ်က သောက်ရင်တော့ ပိုထိတယ်။ ပါးစပ်ကသောက်တဲ့ အခါကျတော့ တိုက်ရိုက်အစာအိမ်ကို ဖျက်ဆီးတယ်။ သူ့ကို အစာအိမ်က စုပ်လိုက်ပြီး သွေးကြောထဲ ရောက်သွားတဲ့ အခါကျတော့ Systemic Effect ဆိုတာကလည်း ဖျက်ဆီးတယ်။

Voice : ဒါ့အပြင် အခြားဘယ်လိုအရာတွေက အစာအိမ်ကို အန္တရာယ် ဖြစ်စေနိုင်ပါသေးလဲ။

Dr.TM : ဘယ်ဟာတွေက အထိများသေးလဲဆိုရင် စပ်ဆေးတွေ သောက်တာ။ လူနာတွေက တစ်ခုခုဖြစ်လို့ရှိရင် လွယ်လွယ်ကူကူ ဆေးဆိုင်တွေသွားပြီး စပ်ဆေးတွေ သောက်တယ်။ စပ်ဆေးတွေကို ကြည့်လိုက်တဲ့အခါမှာ အပြင်းဆုံး အကိုက်အခဲပျောက်ဆေးတွေ ထည့်ထားတယ်။ အကိုက်အခဲပျောက်ဆေးကို နှစ်မျိုးလောက် ထည့်ထားတယ်။ အရောင်ကျဆေး (စတီးရွိုက်) တွေလည်း ထည့်ထားတယ်ဆိုတော့ ဒီဆေးတွေက လူနာကို ပိုထိစေတာပေါ့။ ဖြစ်နိုင်ရင်တော့ စပ်ဆေးတွေ မသောက်တာ ကောင်းတယ်။ ဟိုတစ်လောက မင်းကွတ်သီး ဆေးဆိုတာတွေ ဝင်သေးတယ်။ မင်းကွတ်သီးတံဆိပ်နဲ့ တရုတ်ဘက်ကဝင်တဲ့ ဟာတွေကို ရှာကြည့်တော့ အထဲမှာ စပ်ဆေးတွေ ထည့်ထားတယ်။ အကိုက်အခဲပျောက်ဆေး အပြင်းတွေ ထည့်ထားတော့ လူနာတွေေ တ်ာတော်လေး ထိတာပေါ့။ အကိုက်တော့ ပျောက်သွားတယ်။

စပ်ဆေးနဲ့ တွေ့တာကတော့ အစာအိမ်အနာတို့၊ အစာအိမ်ပေါက်တဲ့အထိ၊ သွေးအန်တဲ့အထိ သွားတွေ့တယ်။ တချို့ဆို ဗိုက်ခွဲရတဲ့အထိပေါ့။ အသက်ဆုံးတာ တွေလည်း တွေ့တယ်။ ဆေးကို ကိုယ့်သဘောနဲ့ကိုယ် သောက်နေကြတဲ့အကျင့်ကို ပြင်ဖို့ကောင်းပြီ။ ဆေးဆိုတာလည်း အဆိပ်ပဲလေ။ ဘာပဲဖြစ်ဖြစ် နားလည်တဲ့ ဆရာဝန် ညွှန်ကြားတာပဲ သောက်ဖို့ကောင်းတယ်။ ဆေးရောင်းတဲ့ သူကတော့ ရောင်းရပြီးရောပေါ့။ ရောင်းတဲ့သူကလည်း Pharmacist ဖြစ်ရမယ်။ ဆေးဝါးကျွမ်းကျင်တဲ့သူ ဖြစ်ရမယ်။

Voice : ဒီဆေးတွေက အစာအိမ်ကို ထိစေနိုင်တယ်ဆိုတော့ ဘယ်လောက်ပြင်းထန်စွာ ထိခိုက်စေနိုင်ပါသလဲ။

Dr.TM : တချို့ကတော့ ရောင်ရုံလောက်ပဲ ပြီးသွားတယ်။ တချို့လည်း အနာဖြစ်တယ်။ တချို့ကျတော့ ပေါက်တော့ ခွဲရတဲ့အထိ ဖြစ်တယ်။ တချို့လည်း အသက်ဆုံးရှုံးတဲ့အထိ ဖြစ်တယ်။ တော်တော်များများကတော့ ဗိုက်နာရုံလောက်နဲ့ ပြီးသွားတယ်။ အကောင်းဆုံးကတော့ ဖြစ်ရင် ဆေးကို ချက်ချင်းရပ်ပစ်လိုက်ပေါ့။ ဗိုက်နာရုံတင်မကဘူး။ ဝမ်းသွားလို့ အမည်းတွေ ပါတယ်၊ သွေးပေါင်ကျပြီဆိုရင် ဆေးခန်းကို မြန်မြန်ကို သွားရတော့မယ်။ ဗိုက်နာရုံလောက်ကတော့ အစာအိမ် အက်စစ်ထိန်းတဲ့ ဆေးလောက်နဲ့ ရနိုင်သေးတယ်။

အဲဒီလိုလူနာတွေ ဆရာတို့ဆီ ရောက်လာပြီဆိုရင် မှန်ပြောင်းကြည့်တယ်။ ဘာလို့ မှန်ပြောင်းကြည့် လဲဆိုရင် အစာအိမ်ရောဂါပိုး ရှိရင် သူက ပိုဆိုးဦးမယ်။ အနာဖြစ်နေတယ် ဆိုရင်လည်း အနာကို မြန်မြန်ကျက်ဖို့ လိုတယ်။ အနာမှာလည်း အဆင့်တွေက အများကြီး ရှိတယ်။ တချို့အနာတွေက သွေးကြောပေါ် တည့်တည့်ကျတယ်။ အထဲမှာ သွေးဆို့နေတာ။ အဲဒါကို ဒီအတိုင်းထားရင် သွေးအန်တော့မှာ။ မှန်ပြောင်းကြည့်ပြီး အနာက သွေးကြောကို ကလစ်နဲ့ ဖမ်းတယ်။ လေဆာနဲ့ တို့တယ်။ Argon Gas နဲ့ တို့တယ်။ အဲဒါဆိုရင် သွေးအန်ဖို့ နည်းသွားတာပေါ့။

စောစောစီးစီး အစာအိမ်ပေါက်တဲ့သူဆိုရင် မခွဲဘဲနဲ့ မှန်ပြောင်းကြည့်ပြီးတော့ ကလစ်နဲ့ဖာလို့ရတယ်။ အဲဒီတော့ တချို့လူနာတွေက မှန်ပြောင်းကြည့်တာ အကျိုးရှိတာပေါ့။ ကြည့်ဖို့ လို မလိုကတော့ ကျွမ်းကျင်တဲ့ ဆရာဝန်က အကြံပေးမှာပေါ့။

Voice : ဒီလိုဆေးတွေကြောင့် ဖြစ်နိုင်တဲ့ရောဂါက ဘယ်လိုရောဂါအခံရှိတဲ့ သူတွေမှာ ပိုပြီးတော့ ဖြစ်စေပါသလဲ။

Dr.TM : ဆေးကိုများများသောက်တဲ့သူ၊ ကြာကြာသောက်တဲ့သူ၊ အကိုက်အခဲ ပျောက်ဆေးကို စပ်ပြီးတော့ သောက်တဲ့သူ၊ အစာအိမ်ရောဂါပိုး ရှိတဲ့သူတွေ၊ သွေးရောဂါရှိတဲ့သူတွေ၊ အသက်ကြီးတဲ့သူတွေ၊ နှလုံးရောဂါ အခံရှိတဲ့သူ၊ အသည်းရောဂါ အခံရှိတဲ့သူ၊ အဆစ်ရောင်ရောဂါ ရှိတဲ့သူတွေ သောက်ရင် ပိုပြီးတော့ ဖြစ်တယ်။ အကိုက်အခဲပျောက်ဆေးကို ဆေးမတိုးတဲ့ အဆင့်ထိ ဖြစ်သွားပြီဆိုရင် နောက်ဆက်တွဲ ဆိုးကျိုးတွေက အများကြီးလာမှာ။ ကျောက်ကပ်ပျက်တာ၊ ခြင်ဆီပျက်တာ၊ နှလုံးကို သွားထိတာတို့၊ အဆုတ်ကို သွားထိတာတို့ ဖြစ်နိုင်တယ်။ ရေရှည်သောက်ဖို့ လိုတယ် ဆိုရင်တော့ ဆရာဝန်နဲ့ သေချာတိုင်ပင်ရမယ်။

Voice : ဆရာတို့ဌာနကို ရောက်လာတဲ့ လူနာအမျိုးအစားနဲ့ ပြင်ပလူနာဌာန ဖွင့်လှစ်ပေးတဲ့ ရက်တွေကို ပြောပြပေးပါဦး။

Dr.TM : အစာအိမ်နဲ့ ပတ်သက်ပြီး လာကုတာ အများဆုံးကတော့ ဗိုက်နာတာနဲ့ အစာမကြေတာက အများဆုံးပဲ။ နောက် သွေးအန်တဲ့သူတွေ များတယ်။ သွေးအန်တ အထဲမှာမှ အသည်းခြောက်ပြီးတော့ သွေးအန်တဲ့သူတွေ များတယ်။ အစာအိမ်အနာ ဖြစ်ပြီးတော့ သွေးအန်တဲ့သူတွေ၊ အစာအိမ်ကင်ဆာ ဖြစ်တဲ့သူတွေ၊ အူမကြီးမှာ ဆိုရင်တော့ သွေးဝမ်းသွားတဲ့သူတွေ၊ ခဏခဏ ဝမ်းလျှောတဲ့သူတွေ၊ အူမကြီးကင်ဆာ၊ အူမကြီး အသားပို၊ အူမကြီးအနာ၊ အူမကြီးတီဘီတွေ တွေ့တယ်။ ဆရာတို့ဆီမှာ နေ့စဉ် အပေါ်ပိုင်း မှန်ပြောင်းကြည့်တာက ၄၀ ဦးလောက်၊ အောက်ပိုင်း မှန်ပြောင်းကြည့်တာကတော့ ၁၀ ဦးလောက် ကြည့်ရတယ်။ သည်းခြေပြွန် မှန်ပြောင်းကြည့်ရှုတာက ၁၀ ဦးလောက် ကြည့်ရတယ်။ ပျမ်းမျှပြောရရင် အရင်တုန်းကထက် နှစ်ဆလောက် ပိုတိုးပြီးကြည့်လာရတယ်။ တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာဆိုရင် အပေါ်ပိုင်းနဲ့ အောက်ပိုင်းကို မှန်ပြောင်းကြည့်ပေးတယ်။ အင်္ဂါ၊ ကြာသပတေးကျတော့ သည်းခြေပြွန် မှန်ပြောင်းကြည့်တယ်။ ပြင်ပလူနာဌာနက အင်္ဂါနဲ့ ကြာသပတေး မနက်ရှစ်နာရီကနေ စကြည့်ပေးတာ တစ်နေ့ကို အယောက် ၆၀ လောက် ရှိတယ်။ အတွင်းလူနာက အနည်းဆုံး ၆၀ လောက် တင်ထားရတယ်။

Voice : ဆရာ့အနေနဲ့ လူထုကို ဘာများဖြည့်စွက် ပြောကြားချင်ပါသလဲ။

Dr.TM : ဖြစ်နိုင်ရင် ဆေးအပြင်းတွေ မသောက်တာ အကောင်းဆုံးပဲ။ ဆေးကို အကျင့်လုပ်ပြီးတော့ မသောက်တာ ကောင်းတယ်။ တကယ်ကို စွဲစွဲမြဲမြဲသောက်ဖို့လိုတဲ့ သူတွေက ဆရာဝန်နဲ့ တိုင်ပင်ပါ။ ကိုယ့်သဘောနဲ့ကိုယ် ဆေးတစ်ခုကို အကြာကြီး လုပ်တာကတော့ မကောင်းဘူး။ မြန်မာလူမျိုးတွေ အကျင့်က ကိုယ်သောက်လို့ ကောင်းရင် သူများကို ညွှန်းတာပေါ့။ တစ်ယောက်နဲ့ တစ်ယောက်က မတူနိုင်ဘူး။ လူတစ်ယောက်ကို ဆရာပေးလိုက်တဲ့ အကိုက်အခဲပျောက်ဆေးက နောက်လူနဲ့ တည့်ချင်မှတည့်မှာ။ အဲဒီတော့ သူများကောင်းပေမယ့် ကိုယ့်ဆီမှာ ကောင်းချင်မှ ကောင်းမယ်။ သူများနဲ့ ကိုယ်က မတူနိုင်ဘူး။ အကိုက်အခဲပျောက်ဆေးရဲ့ ဆိုးကျိုးကိုရဖို့ များတဲ့အုပ်စုကတော့ ဆရာဝန်နဲ့ သေချာတိုင်ပင်ရမယ်။ ဖြစ်ရင်လည်း ဆေးမြီးတိုနဲ့ မကုနဲ့ပေါ့။ အကိုက်အခဲပျောက်ဆေး သောက်ရင် နှလုံးရောဂါရှိတဲ့သူက ပိုသတိထားရမယ်။ ဆေးကို လွယ်လွယ်ကူကူ မသောက်ဘဲနဲ့ သူ့အစား လေ့ကျင့်ခန်းလေး ဘာလေးလုပ်ပေးရင် ကိုက်တာခဲတာတွေ၊ အကြောကပ်တာတွေ သက်သာသွားမယ်။ နောက် ဆေးလိမ်းတာတွေ၊ အပူပေးတာတွေ လုပ်ပေါ့။ အထူးမှာချင်တာကတော့ သွေးပေါင်ကျလာပြီ၊ အမည်းရောင်တွေအန်ပြီ၊ ဝမ်းသွားလို့ မည်းလာပြီ၊ သွေးပါလာပြီ၊ ဗိုက်ကြီးက တအားတင်းလာပြီဆိုရင် နီးစပ်ရာ ဆေးခန်းတော့ မြန်မြန်ပြပါ။

သီတာဆွေ