News

POST TYPE

HEALTH

ကိုယ်ဝန်ဆောင်မိခင်လောင်းများကို မေလကစ၍ ငွေကြေးထောက်ပံ့မည်
30-Jan-2017

မန္တလေး၊ ဇန်နဝါရီ ၂၉

မြန်မာနိုင်ငံ၏ အဆင်းရဲဆုံး ပြည်နယ်များဖြစ်သည့် ချင်းနှင့် ရခိုင်တို့ရှိ ကိုယ်ဝန်ဆောင် မိခင်လောင်းများနှင့် နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရှိ ကိုယ်ဝန်ဆောင် မိခင်လောင်းများကို ပြည်ထောင်စု အစိုးရက မေလကုန်ပိုင်းက စ၍ ငွေကြေး တိုက်ရိုက် ထောက်ပံ့ပေးမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနထံမှ သိရသည်။

“ကလေးတွေမှာ ရှင်သန်ပိုင်ခွင့်ရှိတဲ့အတွက် အသက်ရှင်စွာ မွေးဖွားလာနိုင်ဖို့ အသက်ရှင် ရပ်တည်နိုင်ဖို့ ကျွန်တော်တို့မှာ တာဝန်ရှိတယ်။ ပဋိသန္ဓေစတည်းကနေပြီး မွေးဖွားပြီး ရက် ၁၀ဝ၀ ကာလအတွင်းမှာ ကလေးတွေ ခန္ဓာကိုယ် ကြီးထွားဖို့နဲ့ ဦးနှောက် ဖွံ့ဖြိုးဖို့အတွက် ဆောင်ရွက်နေတာ ဖြစ်ပါတယ်”ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောကြားသည်။

လူမှုဝန်ထမ်း ကိစ္စရပ်နှင့်ပတ်သက်၍ အမျိုးသားအဆင့် လူမှုကာကွယ်နည်းဗျူဟာ ၈ ချက်တွင် မိခင်နှင့်ကလေးများကို ငွေကြေးတိုက်ရိုက် ထောက်ပံ့ခြင်းဟူသော အစီအစဉ် ပါဝင်လျက်ရှိရာ ယင်းအစီအစဉ်ကို အစိုးရသစ် အနေနှင့် အကောင်အထည် ဖော်နေခြင်း ဖြစ်သည်။

မိခင်လောင်းများ အနေနှင့် ကိုယ်ဝန်ဆောင်ကာလ၊ မီးနေသည်ကာလ၊ နို့တိုက်မိခင် ကာလဟူ၍ ကာလ သုံးခုရှိရာ ယင်းကာလများတွင် ကလေးငယ်များ ကောင်းမွန်စွာ ရှင်သန်ကြီးထွားစေရန်၊ ဦးနှောက် ဖွံ့ဖြိုးကြီးထွားစေရန်အတွက် တစ်ရက်လျှင် ကျပ် ၅၀ဝ နှုန်း ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီးက ထပ်လောင်း ပြောဆိုသည်။

“ဒီကာလမှာ ရင်းနှီးမြှုပ်နှံခြင်းက နိုင်ငံတော်အတွက် ဉာဏ်ရည်ဖွံ့ဖြိုးတဲ့ ကလေးတွေ၊ ခန္ဓာကိုယ် ကြံ့ခိုင်သန်စွမ်းတဲ့ ကလေးတွေ ဖြစ်လာစေမယ်။ ဘတ်ဂျက် အနေအထားအရ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့တော့ မဆောင်ရွက်နိုင်သေးဘူး”ဟု ဒေါက်တာ ဝင်းမြတ်အေးက ဆက်လက် ရှင်းပြသည်။

လက်ရှိတွင် ထောက်ပံ့ပေးခြင်း အစီအစဉ်များ၌ ကွင်းဆင်း လုပ်ဆောင်ပေးမည့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လုပ်အားပေးများကို ကိုယ်ဝန် ဆန်းစစ်ခြင်း သင်တန်း၊ ထောက်ပံ့ပေးအပ်မည့် နည်းလမ်းများ၊ စားသောက်နေထိုင်မှု ပုံစံများကို လမ်းညွှန်မှုပေးသည့် သင်တန်းများ သင်ကြားပေးလျက် ရှိသည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးစိုးအောင်က ပြောကြားသည်။

လူမှုဝန်ထမ်း ဦးစီးဌာန အနေနှင့် လက်ရှိတွင်လည်း မွေးကင်းစမှနေ၍ သက်ကြီးရွယ်အိုအထိ စောင့်ရှောက်မှုများ ဆောင်ရွက်ရာတွင် လိုအပ်နေသည့်  ဥပဒေများ၊ နည်းဥပဒေများ၊ မူဝါဒများ ရေးဆွဲခြင်း၊ ပြုပြင် ပြောင်းလဲခြင်းများ လုပ်ဆောင်လျက် ရှိသည်။ 

M-05

  • VIA