News

POST TYPE

HEALTH

ရန်ကုန်ဆေးရုံကြီး လုံခြုံရေး ဝန်ထမ်း ၄၀ ခန့်အပ်
25-Jan-2017


ရန်ကုန်၊ ဇန်နဝါရီ ၂၄

ရန်ကုန်ဆေးရုံကြီးတွင် လုံခြုံရေး အတွင်းပိုင်းအထိ ရယူပေးမည့် နေ့စား လပေး အစိုးရလုံခြုံရေး ဝန်ထမ်း ၄၀ ဦးကို ယခုနှစ် ဇန်နဝါရီလ ဒုတိယ အပတ်က ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် စိစစ်ရွေးချယ် ခန့်အပ်ခဲ့ကြောင်း ယင်းဆေးရုံကြီး အုပ်ချုပ်ရေး အဖွဲ့ထံမှ သိရသည်။

နေ့စား လုံခြုံရေးဝန်ထမ်း ၄၀ ဦး ခန့်အပ်ပေးရန် ယခင်နှစ် နိုဝင်ဘာလက ဝန်ကြီးဌာနထံ စတင်တင်ပြခဲ့ပြီး လသာမြို့နယ် အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနထံမှ ခေါ်ယူ စစ်ဆေးကာ ရွေးချယ် ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး ဝန်ထမ်း အားလုံးမှာ ရန်ကုန်တိုင်းဒေသကြီး အတွင်းမှ အများဆုံး ပါဝင်ကြောင်း ရန်ကုန်ဆေးရုံအုပ်ကြီး ဒေါက်တာအေးကိုကိုက ပြောကြားသည်။

“လုံခြုံရေး ဝန်ထမ်းတွေ ခန့်လိုက်လို့ လုပ်ငန်း ဝင်နေပါပြီ။ အဓိကတော့ ဆေးရုံကြီး လုံခြုံရေးအတွက် ဦးစားပေး ဆောင်ရွက်တာပါ။ အစိုးရဝန်ထမ်း အနေနဲ့ဆိုတော့ ပိုတာဝန်ယူမှု လုပ်ရမယ်။ လောလောဆယ် ဝန်ထမ်း အားလုံးကို နေ့စားလပေး အနေနဲ့ပေးမယ်။ နောက်ပိုင်း အတည်ဝန်ထမ်း ပုံစံ ထားရှိမှာပါ”ဟု ၎င်းက ဆိုသည်။ 

ယခင်က ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီ တစ်ခုနှင့်ချိတ်ဆက်၍ လုံခြုံရေးဝန်ထမ်း ၆၀ နီးပါး ငှားရမ်းကာ ခြောက်လတစ်ကြိမ် စာချုပ်ချုပ်ဆိုပြီး တစ်လလျှင် ကျပ်သိန်း ၈၀ ခန့်ဖြင့် ၂ နှစ်ခန့် အသုံးပြုခဲ့သော်လည်း ပြီးခဲ့သည့်နှစ်ကုန်က စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ခြင်းကြောင့် ယင်းဝန်ထမ်းတို့ကို ယာယီ ရပ်နားထားကြောင်း ရန်ကုန်ပြည် သူ့ဆေးရုံကြီး အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါး တက်ရောက် ကုသသော လူနာ များ၏ တန်ဖိုးရှိ ပစ္စည်းများ ပျောက်ဆုံးမှု၊ ခိုးယူမှု၊ အလစ်သုတ်မှုများမှာ အကြိမ် ၁၀ဝ ကျော် ဖြစ်ပွားခဲ့ခြင်းကြောင့် ဆေးရုံကြီးနှင့် ခွဲစိတ်ကုသဆောင် (၅) ဆေးရုံသစ်ကြီးတို့တွင် ၂၀၁၆ ခုနှစ် နှစ်ဆန်းက လုံခြုံ ရေး ကင်မရာ အလုံး ၂၀ဝ ခန့် တပ်ဆင်ခဲ့ပြီး လုံခြုံရေးပိုင်းဆိုင်ရာများကို Control Center တစ်ခု ဖွင့်လှစ်ကာ စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း၊ သို့သော်လည်း လူနာများ၏ ပစ္စည်းပျောက်ရှခြင်းမှာ မလျော့ကျဘဲ ပိုမို ဆိုးရွားလားခြင်းကြောင့် ယခုနှစ်တွင် ရန်ကုန်ဆေးရုံကြီး အုပ်ချုပ်မှုအောက်ရှိ ရောဂါ ကုသဆောင်များဖြစ်သည့် ဦးနှောက်နှင့် အာရုံကြောဌာန၊ အရေပြားဌာန၊ သွားနှင့် ခံတွင်းဌာနနှင့် ကင်ဆာရောဂါကုဌာနတို့တွင် လုံခြုံရေးပိုင်း လိုအပ်ချက်နှင့်အညီ ကင်မရာအလုံး နှစ်ရာနီးပါး ထပ်မံ တပ်ဆင်မည်ဖြစ်ကြာင်း ယင်းဆေးရုံကြီးထံမှ သိရသည်။

J-17

  • VIA