POST TYPE

HEALTH

အရန် သားဖွားဆရာမများ၏ လုပ်ပိုင်ခွင့် တိကျစွာ ပြဋ္ဌာန်းရန်လိုအပ်
25-Jan-2017

ရန်ကုန်၊ ဇန်နဝါရီ ၂၄

ဝေးလံခေါင်ဖျားသည့် ဒေသများ နှင့် သားဖွားဆရာမ လက်လှမ်းမမီသေးသည့် ဒေသများတွင် အရန် သားဖွားဆရာမများ၏ လုပ်ပိုင်ခွင့်ကို တိကျစွာပြဋ္ဌာန်းပေး ရန်လိုအပ်ကြောင်း ဆေးသုတေသန ဦးစီးဌာန(အောက်မြန်မာပြည်) သို့ တင်သွင်းသည့် သုတေသန စာတမ်းအရ သိရသည်။

အရန်သားဖွားဆရာမများ၏ လက်ရှိတာဝန်ဝတ္တရားများကို ဆန်းစစ် လေ့လာ၍ သိပ္ပံနည်းကျ အဖြေရှာ ဆန်းစစ်ထားသည့် မိခင်နှင့် ကလေး ကျန်းမာရေးဆိုင်ရာ လုပ်ငန်းတာဝန် အချို့အား အရန် သားဖွားဆရာမများထံ လက်ဆင့်ကမ်း တိုးချဲ့ဆောင်ရွက်နိုင်ခြေ ရှိ မရှိနှင့်ပတ်သက်၍ ရည်ရွယ်ကာ ယခုကဲ့သို့ သုတေသနကို ပြုလုပ်ခြင်းဖြစ်ကြောင်း ယင်း သုတေသနတွင် ပါဝင်သည့် သုတေသီ တစ်ဦးက ပြောကြားသည်။

မကွေးတိုင်းဒေသကြီးအတွင်း၌ ၂၀၁၅ ခုနှစ် ဇူလိုင်လမှ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလအတွင်း ပြုလုပ်ခဲ့သည့် သုတေသန လုပ်ငန်း တွေ့ရှိချက်များအရ အရန် သားဖွားဆရာမများသည် မိခင်နှင့် ကလေး ကျန်းမာရေးဆိုင်ရာ ကာကွယ်ခြင်း၊ မြှင့်တင်ခြင်းနှင့် ကုသရေးဆိုင်ရာ လုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်နေသည်ကို တွေ့ရှိရကြောင်း၊ ဆန်းစစ်ချက်များအရ အရန်သားဖွားဆရာမများ၏ ၄၃ ရာခိုင်နှုန်းသည် မီးတွင်းမိခင်အား ပဋိဇီဝ ဆေးတိုက်ကျွေးခြင်း၊ ၂၉ ဒသမ ၆ ရာခိုင်နှုန်းသည် မွေးကင်းစကလေးအား အသက်ရှူမှုဆိုင်ရာ အရေးပေါ် အခြေအနေတွင် ကယ်တင်ခြင်းနှင့် ၄၀ ဒသမ ၁ ရာခိုင်နှုန်းသည် မိခင်သေဆုံးခြင်း၏ အဓိက အကြောင်းရင်းဖြစ်သည့် မီးတွင်း သွေးလွန်ခြင်းအား ကာကွယ်ရန် မီဆိုပရာဆော ဆေးဝါးတိုက် ကျွေးခြင်းများကို ပြုလုပ်လျက်ရှိကြောင်း သုတေသန လုပ်ဆောင်ချက်များအရ သိရသည်။

ဖော်ပြပါ လုပ်ငန်းများကို အကောင်အထည်ဖော်ရာတွင် စဉ်ဆက်မပြတ် လေ့ကျင့်သင်ကြားမှု လိုအပ်ခြင်း၊ ဆေးဝါးများ ထောက်ပံ့မှု အလျင်မီရေး၊ တိုးတက်မှု အခြေခံသည့် စဉ်ဆက်မပြတ် ကြီးကြပ် လေ့လာဆန်းစစ်မှု ပြုလုပ်ခြင်းဆိုင်ရာများကို အားဖြည့်ရန် လိုအပ်ကြောင်း သုတေသီ တစ်ဦးက ပြောကြားသည်။

J-12

  • VIA