POST TYPE

HEALTH

ရောင်ခြည်သစ် ကုသိုလ်ဖြစ် အခမဲ့ဆေးခန်း တာဝန်ခံ ဒေါက်တာ ကျော်စွာဦးနှင့် တွေ့ဆုံခြင်း
18-Jan-2017

ကျန်းမာကြံ့ခိုင်သန်စွမ်းရန် မိမိတို့၏ နေထိုင်မှု ပုံစံများကို မသင့်တော်ပါက ပြောင်းလဲပေးရန် လိုအပ်ကြောင်း၊ နေထိုင်မှုများ အဆင်ပြေစေရန်အတွက် ဆီးနှင့် ဝမ်းမှန်ရေးသည်လည်း အရေးပါသည့် နေ့စဉ် ကျန်းမာရေးကဏ္ဍတွင် ပါဝင်ကြောင်း အထွေထွေ ရောဂါကု ဆရာဝန် ဒေါက်တာ ကျော်စွာဦး (ရောင်ခြည်သစ် ကုသိုလ်ဖြစ် အခမဲ့ ဆေးခန်း တာဝန်ခံ)နှင့် မေးမြန်းခဲ့သည်များကို ကောက်နုတ်ဖော်ပြ အပ်ပါသည်။

Voice : ဝမ်းချုပ်စေတဲ့ အကြောင်းအရင်းတွေက ဘာတွေကြောင့်ပါလဲ။
Dr.KSO : ဒီလိုဖြစ်ရတဲ့ အဓိက အကြောင်းအရင်းတွေကတော့ အမျှင်ပါတဲ့ အသီးအနှံတွေ၊ အရွက်တွေကို လုံလုံလောက်လောက် မစားတာတွေ၊ တချို့ကလည်း နည်းတာပေါ့။ တချို့ကလည်း ဒါတွေကို မစားဘဲ အသားတွေပဲ စားတာပေါ့။ တချို့ကျတော့လည်း ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့်လည်း ဝမ်းချုပ်တတ်ပါတယ်။ တချို့က ရေများများ မသောက်တာတွေကြောင့် ဖြစ်တယ်။ တချို့က စိတ်ပိုင်းဆိုင်ရာအရ စိတ်ဖိစီးမှုများတဲ့လူတွေရယ်၊ စိတ်ကျရောဂါတို့၊ ပူပင်သောက များတဲ့လူတွေမှာလည်း ဖြစ်တတ်ပါတယ်။ နောက်ပြီးတော့ အိမ်သာ မသန့်ရှင်းတဲ့ အခါကျတော့ မသွားမိတာနဲ့ နောက် ခရီးထွက်တဲ့အခါတွေမှာ ဖြစ်တတ်ပါတယ်။

Voice : ဝမ်းချုပ်တဲ့အတွက် ဘယ်လို ရောဂါမျိုးတွေကို ရရှိလာနိုင်မလဲ။
Dr.KSO : ဝမ်းချုပ်တာက အရွယ်မရွေးတော့ ဖြစ်တတ်တယ်။ ကလေးတွေမှာလည်း ဝမ်းချုပ်တတ်တဲ့ အလေ့အကျင့်တော့ ရှိတယ်။ စိတ်ပူစရာတော့ မလိုပါဘူး။ ပုံမှန် အနေအထား တစ်ခုပါ။ ကလေးတွေမှာ ဝမ်းချုပ်ရင် အစားအသောက် ပျက်သွားတာပေါ့။ နောက်ဆက်တွဲအနေနဲ့ ဝမ်းတအား ချုပ်သွားရင်တော့ ဝမ်းသွားတဲ့အခါမှာ သွေးပါပြီးတော့ လိပ်ခေါင်းရောဂါတွေ ဖြစ်တတ်တာပေါ့။ နေလို့ထိုင်လို့ မကောင်းတာတွေ ရှိတာပေါ့။ လူကြီးတွေလည်း ဒီအတိုင်းပါပဲ။ ဝမ်းချုပ်တဲ့အခါမှာ ဗိုက်အောင့်တာပေါ့။ လေတွေ ပြည့်နေသလို ခံစားရတာတွေ ဖြစ်တတ်တာပေါ့။ ကလေးမှာကျတော့ မပြောတတ်တော့ ဂနာမငြိမ်ဘူး။ ငိုတာတွေ ဖြစ်တတ်တာပေါ့။

Voice : ဝမ်းချုပ်တာ များသွားတဲ့အခါမှာ တခြား ရောဂါ ကြီးကြီးမားမား ဖြစ်သွားနိုင်တာတွေ ရှိပါသလား။
Dr.KSO : ဝမ်းချုပ်တာရဲ့ နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ကတော့ လိပ်ခေါင်းရောဂါ ဖြစ်နိုင်တယ်။ ဗိုက်နာပြီး ဝမ်းသွားတဲ့အခါမှာ သွေးပါတတ်တာတွေပေါ့။ အတွင်းလိပ် အပြင်လိပ် စသဖြင့်ပေါ့။ အသက်ကြီးတဲ့ သူတွေမှာ ဝမ်းချုပ်ပြီ ဆိုရင်တော့ လိုအပ်ရင်တော့ ဆေးစစ်မှုတွေ လုပ်မှရမယ်။ အခြားသော ကင်ဆာအကျိတ်တွေကြောင့်များ ဖြစ်နိုင်မလား၊ ဒါမှမဟုတ် အူပိတ်ရောဂါများ ရှိသလားပေါ့။ အရမ်းချုပ်တဲ့ အနေအထားရှိရင်တော့ ကုသမှု ခံယူပြီးတော့ ရောဂါ ရှာဖွေဖို့တော့ လိုတာပေါ့။ ဒါတွေ တစ်ခုမှမရှိဘူး ဆိုရင်လည်း သူ့ရဲ့ အလေ့အကျင့် တစ်ခုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ တခြားသော နေထိုင်မှု ပုံစံတွေနဲ့လည်း ဆိုင်ပါတယ်။

Voice : တချို့လူတွေမှာ ဝမ်းသွားအောင် ဆေးကူရတာတွေအထိ ရှိပါတယ်။ အဲဒီလို သုံးတာများလာရင် ဘေးထွက်ဆိုးကျိုး ရှိလာနိုင်ပါသလား။
Dr.KSO : ဒါကိုဖြစ်စေတဲ့ အကြောင်းတရားတွေ မှာ စိတ်ဖိစီးမှုများလား၊ စိတ်ကျရောဂါ ရှိလား၊ စိတ်ပူပန်မှု များတာလား၊ အိမ်သာ သွားချင်ရက်နဲ့ အလုပ်ရှိလို့ မသွားတာလား။ အသီးအနှံတွေနဲ့ Juice တွေ မသောက်လို့လားဆိုတဲ့ အခြေအနေတွေနဲ့လည်း ဆိုင်သေးတယ်။ ဝမ်းချုပ်တိုင်းလည်း ရောဂါ ကြီးကြီးမားမား ဖြစ်ရမယ်လို့ မဟုတ်ဘူး။ အလေ့အကျင့် တစ်ခုအရလည်း အဲဒီလို ဖြစ်သွားကြတာပါ။ တချို့ကလည်း တိုင်းရင်းဆေးတွေ၊ ရိုးရာဆေးတွေနဲ့ ဝမ်းသွားအောင် ဝမ်းနုတ်ဆေးတွေ သောက်ကြတာက မြန်မာ့လူ့အဖွဲ့အစည်းရဲ့ အလေ့အထ တစ်ခုဖြစ်နေတယ်။ ဝမ်းချုပ်တယ်ဆိုရင် မြန်မာ့လူ့အဖွဲ့အစည်းမှာ မကြိုက်ကြဘူးလေ။ ဆေးခန်းလာတယ်ဆိုရင်လည်း ဝမ်းချုပ်တယ်ဆိုရင် ဝမ်းပျော့ဆေးလေး ပေးပေးမှပေါ့။ သူတို့ ခံယူထားတာလည်း မှန်ပါတယ်။ ဝမ်းကောင်းမှလည်း ခေါင်းမခဲဘူးဆိုတဲ့ သဘောတရား ရှိတာကိုး။ နေလို့ထိုင်လို့ ကောင်းတယ်ပေါ့။ တချို့ကလည်း ဒါကြောင့် သောက်တဲ့ အလေ့အကျင့် ရှိပါတယ်။ တန်ဆေးလွန်ဘေး ပေါ့။ ဆေးတစ်ခုခုသောက်တယ် ဆိုရင်တော့ ဆေးရဲ့ ဘေးထွက်ဆိုးကျိုးက တစ်ချိန်ချိန်မှာ ခံစားရမှာပဲ။

Voice : နေ့စဉ် ကျန်းမာရေးကဏ္ဍမှာ ဝမ်းမှန်ဖို့က ကျန်းမာရေးအတွက် ဘယ်လောက်အထိ အရေးပါလဲ။
Dr.KSO : အရေးပါပါတယ်။ ဆီးမှန် ဝမ်းမှန်ရင် ကိုယ့်ရဲ့ နေထိုင်မှုပုံစံမှာလည်း အဆင်ပြေတယ်လေ။ ဝမ်းသွားချင်တာကို မသွားဘူးဆိုရင် ဒီထဲမှာ စိတ်က ရောက်ပြီး စိတ်အနှောင့်အယှက် ဖြစ်တာပေါ့။ အလုပ်ထဲမှာပဲဖြစ်ဖြစ်၊ ဘယ်မှာပဲဖြစ်ဖြစ် စိတ်က မဖြောင့်တော့ဘူးပေါ့။ ဝမ်းပုံမှန်သွားတဲ့ အခါကျတော့ ကျန်းမာရေးနဲ့လည်း ညီညွတ်တာပေါ့။ ဘာပဲဖြစ်ဖြစ် ဆေးကူမှ ဝမ်းသွားရတယ် ဆိုတာကတော့ ကြာရင် မကောင်းဘူး။ ဝမ်းချူတာလည်း ကြာရင် မကောင်းပါဘူး။

Voice : ဝမ်းချုပ်တတ်တဲ့သူတွေ အနေနဲ့ နေ့စဉ် နေထိုင်မှုမှာ ဘယ်လိုမျိုး ပြုမူနေထိုင် သွားသင့်ပါသလဲ။
Dr.KSO : အဓိကက ကိုယ့်ရဲ့ နေမှုထိုင်မှု ပုံစံတွေကို ပြင်ဆင်ဖို့လိုတာပေါ့။ အရင်တုန်းက အသားငါးပဲ စားတယ်ဆိုရင် အခု အသီးအနှံ စားတဲ့ အလေ့အကျင့်လေးပေါ့။ ဥပမာ - အရည်ရွှမ်း အသီးတွေ စားရမယ်။ အရွက်ကြော်တွေ စားပေးရမယ်။ ပြောင်းလဲပြီး စားသောက် နေထိုင်ရမယ်ပေါ့။ နောက်တစ်ခု ရေများများ သောက်ပေးရမယ်။ ပုံမှန် လေ့ကျင့်ခန်းတွေ လုပ်ဖို့ လိုတာပေါ့။ တကယ်လို့များ တချို့ ဆေးဝါးတွေက ဝမ်းချုပ်တတ်တယ်ဆိုရင် ဆရာဝန်နဲ့ ပြန်တိုင်ပင်ပြီးတော့ လိုအပ်တဲ့ ကုသမှု ခံယူဖို့လိုတယ်။ ဝမ်းချုပ်တာ တအား ကြာပြီ၊ စိတ်ထဲမှာလည်း သံသယ ရှိပြီဆိုရင် ဆရာဝန်နဲ့ ပြသ သင့်ပါပြီ။ အစာအိမ် အူလမ်းကြောင်းမှာ အကျိတ်ဖုတွေ ရှိနေတယ်လို့၊ ကင်ဆာလိုမျိုး အကျိတ်ဖုတွေ ရှိနေပြီ ဆိုရင်တော့ ကိုယ့်ရဲ့ ဝမ်းသွားမှုပုံစံ ပြောင်းသွားနိုင်တာပေါ့။ အမူအကျင့်တွေပါ ပြောင်းသွားနိုင်ပါတယ်။

Voice : အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

သီတာဆွေ

  • VIA