News

POST TYPE

HEALTH

ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာဇော်လင်းနှင့် တွေ့ဆုံခြင်း
11-Jan-2017 tagged as

၂၀၂၀ ပြည့်နှစ်တွင် ဆင်ခြေထောက်ရောဂါ ကင်းဝေးရေးအတွက် ရည်မှန်းထား လုပ်ဆောင်လျက်ရှိပြီး မြန်မာနိုင်ငံတွင် ၂၀၀၁ ခုနှစ်မှစ၍ ရောဂါကာကွယ်ဆေးတိုက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကာ ယခုနှစ်အတွက် ဆင်ခြေထောက် ရောဂါကာကွယ်ဆေးတိုက်ခြင်း လုပ်ငန်းကို ဇန်နဝါရီလ ၂၀ ရက်နေ့မှ  ၂၉ ရက်နေ့အထိ တိုင်းနှင့် ပြည်နယ်အလိုက် ဆောင်ရွက်ချက်များနှင့် ဆေးတိုက်ကျွေးမည့် အစီအစဉ်များကို ပြည်သူများ ကြိုတင် သိရှိနိုင်စေရန် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး၊ စီမံချက် မန်နေဂျာ (သွေးလွန် တုပ်ကွေး၊ ဆင်ခြေထောက်၊ ဂျပန်ဦးနှောက်ရောင် ရောဂါ) ဒေါက်တာဇော်လင်းနှင့် The Voice က မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြ အပ်ပါသည်။

Voice : ဆင်ခြေထောက်ရောဂါ ဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး။
Dr.ZL : ၂၀၀၁ ခုနှစ်ကနေ စပြီးတော့ မြန်မာနိုင်ငံမှာ ဆင်ခြေထောက်ရောဂါ ကင်းဝေးရေးအတွက် လူ အားလုံး ဆေးကျွေးတဲ့ လုပ်ငန်းကို စတင် ဆောင်ရွက်ခဲ့တယ်။ နှစ်စဉ် ရက်သတ်မှတ်ပြီးတော့မှ တစ်နိုင်ငံလုံး၊ လူအားလုံး ဆေးကျွေးတဲ့ လုပ်ငန်းကို ဆောင်ရွက်ခဲ့တဲ့ နေရာမှာ ရည်မှန်းချက်က ဘာလဲဆိုတော့ ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံအားလုံး ၂၀၂၀ ခုနှစ်မှာ ဆင်ခြေထောက် ရောဂါ ကင်းဝေးရေးကိုသွားဖို့ ဆရာတို့ ဆောင်ရွက်နေတာ ဖြစ်တယ်။

Voice : ဆင်ခြေထောက်ဆေး တိုက်ကျွေးမယ့် အစီအစဉ်ကို သိပါရစေ။
Dr.ZL : ဒီနှစ်မှာ စုစုပေါင်း ဆင်ခြေထောက်ရောဂါ အမြစ်တွယ်မှုရှိတဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး ၁၁ ခုမှာ ခရိုင်အနေနဲ့ဆို ၃၆ ခရိုင်၊ မြို့နယ် ၁၉၃ မှာ လူကုန်ဆေး ကျွေးခြင်း လုပ်ငန်းနဲ့ ဆင်ခြေထောက်ရောဂါ ကင်းဝေးရေးကို ဆောင်ရွက်မှာ ဖြစ်ပါတယ်။ အရင်က ဆေးတိုက်ခဲ့ပြီး အခု ဆေးတိုက်စရာ မလိုတော့တဲ့ ခရိုင်တွေလည်း ရှိတယ်။ ဆေးတိုက်တဲ့ လုပ်ငန်း ရည်ရွယ်ချက်ဖြစ်တဲ့ ခရိုင်အတွင်းမှာ အောင်မြင်သွားပြီဆိုတဲ့ ခရိုင် ငါးခု ရှိတယ်။ စစ်ကိုင်း တိုင်းဒေသကြီးမှာ ကလေး၊ တမူး၊ ကသာ၊ မန္တလေးမှာ ပြင်ဦးလွင်ခရိုင်၊ မင်းဘူးမှာ မကွေးခရိုင်၊ အဲဒီနေရာမှာတော့ ဆင်ခြေထောက်ဆေးက တိုက်ဖို့ မလိုတော့ဘူး။ တိုက်ရမယ့် ပြည်နယ်၊ တိုင်းတွေကတော့ ကရင်မှာ သုံးခရိုင်၊ ခုနစ်မြို့နယ်၊ ချင်းပြည်နယ်မှာ ပလက်ဝ၊ မွန်မှာ နှစ်ခရိုင်၊ ၁၀ မြို့နယ်၊ နေပြည်တော်မှာ နှစ်ခရိုင်၊ ရှစ်မြို့နယ်၊ စစ်ကိုင်းမှာ သုံးခရိုင်၊ ၁၉ မြို့နယ်၊ တနင်္သာရီမှာ သုံးခရိုင်၊ ၁၀ မြို့နယ်၊ ပဲခူးမှာ လေးခရိုင်၊ ၂၈ မြို့နယ်၊ မကွေးမှာ သုံးခရိုင်၊ ၁၇ မြို့နယ်၊ မန္တလေးမှာ ခြောက်ခရိုင်၊ ၂၃ မြို့နယ်၊ ရန်ကုန်မှာ လေးခရိုင်၊ ၄၄ မြို့နယ်၊ ဧရာဝတီမှာ ငါးခရိုင်၊ ၂၆ မြို့နယ်ကို တိုက်ကျွေးမှာ ဖြစ်တယ်။ ဒီလိုလုပ်ငန်း ဆောင်ရွက်ဖို့အတွက် နိုင်ငံတော်ကနေ ပြီးတော့ ၁၉၂ ဒသမ ၅ သန်း(ကျပ်) အကုန်အကျ ခံပြီးတော့မှ တိုက်ကျွေးမှာ ဖြစ်တယ်။ အဓိက ဆေးကို စီစဉ်ပေးတာက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဖြစ်တယ်။ ဆေးက နှစ်မျိုးဖြစ်တဲ့အတွက် တစ်မျိုးစီကို အဖွဲ့အစည်း တစ်ခုစီက လှူဒါန်းတာ ဖြစ်ပါတယ်။

Voice : ဆေးက ဘယ်နေ့တွေမှာ တိုက်ကျွေးသွားမှာလဲ။ နောက်ပြီး ဘယ်လိုပုံစံမျိုးနဲ့ တိုက်ကျွေးသွားမှာလဲ။
Dr.ZL : ဆေးက ဒီလ ၂၀ ရက်နေ့ကနေ ၂၉ ရက် နေ့အထိ ၁၀ ရက်တိတိ တိုက်ကျွေးသွားမှာ ဖြစ်ပြီးတော့ ကျန်ရှိနေတဲ့လူတွေ၊ နေရာတွေမှာတော့ ကောက် သင်းကောက်ပြီး ပြန်လည် တိုက်ကျွေးသွားမှာပါ။ ဆေးကတော့ သူ့အတိုင်းအတာနဲ့သူပေါ့။ သန်ချဆေးကတော့ တစ်ယောက် တစ်လုံးပေါ့။ နောက် DEC ဆေးပြားကတော့ ၁၀၀ မီလီဂရမ် ဆေးပြားပေါ့။ အသက် ၂ နှစ်ကနေ ငါးနှစ်အထိကို တစ်ပြားပေါ့။ ခြောက်နှစ်ကနေ ၁၄ နှစ်အထိ နှစ်ပြားပေါ့။ ၁၄ နှစ်အထက်ဆိုရင် သုံးပြား တိုက်ကျွေးမှာ ဖြစ်ပါတယ်။ အာနိသင်က ပိုးအပေါ်မှာရော၊ ပိုးကထွက်လာတဲ့ သန်ကောင် အမွှားလေးတွေ အပေါ်မှာလည်း သက်ရောက်အောင် နှစ်မျိုးကို စနစ်တကျ စီစဉ်ဆောင်ရွက်ပြီးမှ တိုက်တာ ဖြစ်ပါတယ်။ ဆေးက အိမ်တွေကို လိုက်တိုက်တာပေါ့။ သို့သော်လည်း အကြောင်းကြောင်းကြောင့် ကျန်ခဲ့တာ ရှိတယ်။ ဒါဆိုရင် ဒေသန္တရမှာ သွားသောက်ရတာပေါ့။ ဆရာတို့ကတော့ အိမ်အရောက် လိုက်တိုက်တဲ့ လုပ်ငန်းကိုလုပ်တာ ဖြစ်ပါတယ်။ အိမ်တိုင်ရာရောက် တိုက်ကျွေးတဲ့စနစ် ဖြစ်ပါတယ်။

Voice : ဆင်ခြေထောက် ဖြစ်ပွားမှု အခြေအနေနဲ့ ရောဂါ လက္ခဏာတွေကို ရှင်းပြပေးပါဦး။
Dr.ZL : ဒါက သန်ကောင် တစ်မျိုးကြောင့် ဖြစ်ပြီးတော့ ဆင်ခြေထောက် ရောဂါပိုး သယ်ဆောင်တဲ့ ခြင် ပေါက်ပွားတဲ့ ရေပုပ်ရေသိုးတွေမှာ ပေါက်တတ်တယ်။ ဖြစ်နေတဲ့လူတွေလို့ ဆိုတဲ့နေရာမှာလည်း နှစ်ပိုင်းရှိတာပေါ့။ တစ်ပိုင်းက ရောဂါ ကူးစက်ပြီးတော့မှ ရောဂါ မပြသေးတဲ့လူ ရှိတယ်။ နောက်တစ်ပိုင်းကတော့ ရောဂါ ကူးစက်ပြီး ရောဂါပြနေတဲ့လူလည်း ရှိတယ်။ ရောဂါ ကူးစက်ပြီး ရောဂါ မပြသေးတဲ့လူက ရိုးရိုးလူအတိုင်းပဲ။ ဘာမှ ထူးထူးခြားခြား ဖြစ်နေတာ မရှိဘူး။ အဲဒီလို လူတွေအတွက် ဒီဆေးသောက်လိုက်ခြင်းအားဖြင့် အင်မတန်မှ အကျိုးရှိတယ်။ သို့သော်လည်း ရေမုတ်တွေ ကြီးလာမယ်။ ဆင်ခြေထောက်ကြီးတွေ ဖြစ်လာမယ်ပေါ့ (ဆင်ခြေထောက် ဆိုတာက ထင်ရှားလို့ ပြောနေတာ) ဆင်လက်ဆိုတာလည်း ပြောလို့ ရသေးတယ်။ နောက်တစ်ခါ အမျိုးသမီးတွေဆိုရင် ရင်သားကြီးလာတာတွေ ရှိတယ်။ အင်မတန်မှ ပြဿနာ ရှိတယ်။ ပြောရရင် ဘက်ပေါင်းစုံက ဒုက္ခ ရောက်တယ်။ အဲဒီလိုဖြစ်လာရင် ထိန်းသိမ်း ကုသရတာ အင်မတန်မှကို လက်ဝင်တယ်။ ကုလို့ မရတာ မဟုတ်ဘူး။ ကုလို့ ရတယ်။ ကြီးနေတဲ့ဟာကို ပြန်သေးသွားအောင် လုပ်ဖို့ အင်မတန်မှကို ခက်တယ်။ ကြီးနေတာကို ထပ်ပြီး မကြီးအောင်ဘဲ လုပ်လို့ရမယ်။ ကိုယ်မသိဘဲ ကိုယ့်ထဲကို ဝင်နေပြီးတော့မှ ကြီးသွားတဲ့အခါကျတော့မှ သိရတာက အရမ်း နောက်ကျသွားပြီ။ ဒါကြောင့် ဒီဆေးက သောက်သင့်တယ်။

Voice : ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကရော။
Dr.ZL : ဘေးထွက် ဆိုးကျိုးကတော့ ကြီးကြီးကျယ်ကျယ် မရှိပါဘူး။ အနည်းငယ် မူးတတ်တဲ့ အနေအထားလေးတော့ ရှိပါတယ်။ အဲဒီအတွက် ဆရာတို့က ဘယ်လို စီစဉ်ထားလဲဆိုရင် ညစာစားပြီး ညအိပ်ရာဝင်ခါနီးကျတော့မှ ဒီဆေးကို သောက်လိုက်တာပေါ့။ ကောင်းကောင်း အိပ်ပျော်သွားရင် ဘာမှ မူးခြင်း၊ ဝေခြင်းတောင်မှ မရှိ ပါဘူး။ သို့သော်လည်း ဆင်ခြေထောက်ရောဂါက ခန္ဓာကိုယ်ထဲမှာရှိရင် ပိုးနဲ့ဆေးနဲ့တွေ့ပြီးတော့ အနည်းငယ်ွ Reaction ရတတ်တာမျိုးတော့ ရှိတတ်ပါတယ်။ ဆင်ခြေထောက်ရောဂါပိုးက ဆရာတို့ တိုင်းပြည်မှာ အမြစ်တွယ်မှု ရှိနေသေးတယ်။ လူငယ်ပိုင်းမှာကို ဆင်ခြေထောက် ဖြစ်နေတဲ့ လူတွေ ရှိသေးတယ်။ ပြဿနာက အသက် မသေဆုံးသော်လည်းပဲ ခန္ဓာကိုယ်မှာ တစ်မျိုးတစ်ဖုံ ဖြစ်သွားတာပေါ့။ အလုပ် လုပ်ရတဲ့အခါမှာလည်း အခက်အခဲတွေ အများကြီး တွေ့တာပေါ့။ ဒီဆေးကို သောက်ခြင်းအားဖြင့် သန်ချဆေးလည်း ပါတာဖြစ်လို့ သန်ကောင်တွေ ကျနိုင်တယ်။ ဆင်ခြေထောက် ရောဂါပိုးက ကိုယ်ထဲမှာ ရှိရင်လည်း သေသွားအောင်၊ မရှိသေးရင်လည်းဘဲ ကာကွယ်တဲ့ သဘောလေး ဖြစ်ပါတယ်။ ဘာမှ ကြောက်စရာ မရှိပါဘူး။

နောက် မေတ္တာ ရပ်ခံချင်တာက ကိုယ်ဝန်ဆောင်တွေ၊ ၂ နှစ်အောက် ကလေးတွေနဲ့ ရောဂါတစ်ခုကို ပြင်းပြင်းထန်ထန် ခံစားနေရတဲ့ လူတွေကို မတိုက်ဘူးပေါ့။ သို့သော်လည်း ကျန်တဲ့လူတွေကိုတော့ တိုက်ဖို့ရှိတယ်ပေါ့။ ဆေးကို သေသေချာချာလေး သောက်ကြဖို့ တိုက်တွန်းချင်ပါတယ်။

Voice : ဖြစ်ပွားမှုနှုန်းနဲ့ ဆေးတိုက်ကျွေးမယ့် လူဦးရေကရော။
Dr.ZL : ဖြစ်ပွားမှုနှုန်းက လောလောဆယ် ပြောဖို့ မလွယ်ပေမယ့် ဆေးကတော့ လူဦးရေ ၃၀ ခန့်ကို ဦးတည်ပြီး တိုက်သွားမှာ ဖြစ်ပါတယ်။

Voice : ဆရာ့အနေနဲ့ လူထုကို ဘာများ ဖြည့်စွက် ပြောချင်ပါသေးသလဲ။
Dr.ZL : အဓိက မြန်မာနိုင်ငံ တစ်ဝန်းလုံးမှာရှိတဲ့ ဆင်ခြေထောက်ရောဂါရဲ့ အန္တရာယ် ရှိနိုင်တဲ့ နေရာ ဒေသတွေကို ရွေးချယ်ပြီး တိုက်တာ ဖြစ်တယ်။ တစ်နည်းအားဖြင့် ကိုယ့်မှာ ရောဂါ မရှိသေးရင်လည်းပဲ ဒီဆေး သောက်လိုက်ခြင်းအားဖြင့် ဘာပဲပြောပြာ ကိုယ်နဲ့ ကိုယ့်ရဲ့ပတ်ဝန်းကျင်ကို ကာကွယ်ပြီး ဖြစ်ပါတယ်။ အရေးအကြီးဆုံးက ခန္ဓာကိုယ်ထဲ ပိုးဝင်တာ ကိုယ်မသိသေးဘူး၊ ခြေ လက် အင်္ဂါလည်း မကြီးသေးတဲ့ အခြေအနေမှာ မိအောင် သောက်လိုက်ရင် အင်မတန်မှကို အကျိုးအာနိသင်ရှိတယ်။ ခြေလက်ကြီးတာတွေ မဖြစ်တော့ဘူးပေါ့။ ကြီးလာခဲ့ရင်လည်း သူ့မှာ Treatment တွေ ရှိသေးပေမယ့် ဒီဆေးကို သောက်လိုက်ရင် အထဲမှာရှိတဲ့ ရောဂါပိုးတွေက သေသွားတယ်။ ရောဂါပိုးရဲ့ အန္တရာယ်မှာ ရှိနေတဲ့လူတွေ အားလုံးက ဒီဆေးကိုစီစဉ်ပြီး တိုက်တာဖြစ်တဲ့အတွက် သောက်ရမယ့်လူတွေ အားလုံးကို သောက်စေချင်ပါတယ်။ ကိုယ့်ရဲ့ ကျန်းမာရေး၊ ကိုယ့်တိုင်းပြည်ရဲ့ ကျန်းမာရေးပါပဲလို့ ပြောချင်ပါတယ်။

သီတာဆွေ

  • TAGS