News

POST TYPE

HEALTH

ခန္ဓာကိုယ် အဆီကင်းစေဖို့ ဘယ်လိုလေ့ကျင့်နေထိုင်မလဲ
07-Jan-2017 tagged as


ခန္ဓာကိုယ် ကျစ်လျစ်တာ၊ အဆီကင်းတယ် ဆိုတာက အသွင်အပြင်ကြည့် ကောင်းရုံအတွက်တင်မကဘဲ တစ်ကိုယ်ရေ ကျန်းမာရေးအတွက်လည်း အရေးကြီးတာပါ။ ကျစ်လျစ် အဆီကင်းတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ဖို့အတွက် ဘယ်လို လေ့ကျင့်နေထိုင်ရမယ် ဆိုတာတွေကို ဖော်ပြပေးလိုက်ပါတယ်။ ပုံမှန်နေထိုင် စားသောက်တဲ့ ပုံစံကိုပဲ သတိထားဆင်ခြင်ရမှာပါ။

ဗိုက်ထဲမှာ အစာကို ပြည့်နေအောင် မစားပါနဲ့
ကိုယ့်ဗိုက်တင်းလောက်မယ့် အစားအစာ ပမာဏရဲ့ ၈၀ ရာခိုင်နှုန်းလောက်ကိုပဲ စားပါ။ အစာ စားနေရင်း ဗိုက်ထဲမှာအစာကို ပြည့်တင်းနေအောင် မစားပါနဲ့။ ဥပမာ - ကိုယ်က ထမင်း ဆယ်လုပ်စားမှ ဗိုက်ဝတဲ့သူဆိုရင် ထမင်း ရှစ်လုပ်လောက်ဆို စားတာ ရပ်လိုက်ပါ။

Detox ရေသောက်ပါ
ပုံမှန် သောက်နေကျရေအစား ရေဘူး တစ်ဘူးထဲမှာ သဘာဝ အသီးအနှံတွေကို ထည့်သောက်ပါ။ သစ်သီးရည်ကို သောက်ပေးခြင်းဖြင့်လည်း ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ Detox ရေသောက်ကြတဲ့အထဲမှာ အသောက်များတဲ့ ပုံစံကတော့ သခွားသီး၊ သံပုရာသီးနဲ့ ပူစီနံရွက်ကို အတူလှီးဖြတ်ထားတာကို ရေနဲ့သောက်တာပဲ ဖြစ်ပါတယ်။

မနက်စာ စားဖြစ်အောင် စားပါ
သုတေသနတွေအရ မနက်စာကို ပုံမှန်စားရင် ကိုယ်အလေးချိန် ကျအောင် လုပ်တဲ့အခါ ပိုထိရောက်တယ်လို့ ဆိုထားပါတယ်။ အလုပ်ကိစ္စကြောင့်ဖြစ်စေ၊ အချိန် မပေးနိုင်လို့ဖြစ်စေ မနက်စာကို မစားဖြစ်တာမျိုး မလုပ်ဘဲနဲ့ ကြက်ဥပြုတ် တစ်လုံးကိုဖြစ်ဖြစ် စားဖြစ်အောင် စားပါ။ အဆီဓာတ် ဖယ်ထားတဲ့ နို့သောက်ပါ။

အပြင်စာ၊ ဆီကြော်စာ လုံးဝ မစားပါနဲ့
အပြင်စာတွေမှာ သုံးတဲ့၊ ကြော်တဲ့ဆီတွေကလည်း ဘာဆီတွေ သုံးတယ်ဆိုတာ မသိနိုင်ပါဘူး။ ဝိတ်လျှော့မယ်၊ ကျန်းမာအောင် နေမယ်ဆိုရင်တော့ အပြင်စာတွေကို လုံးဝ ရှောင်ရပါမယ်။

အိပ်ရေးဝအောင် အိပ်ပါ
တစ်ရက်ကို ရှစ်နာရီပြည့်အောင် အိပ်ပါ။ ခန္ဓာကိုယ်လေးပင်တာ၊ ဗိုက်ပူတာမျိုး မဖြစ်ချင်ရင်တော့ မအိပ်ခင် သုံးနာရီခွာပြီး အစာ စားပါ။ အိပ်ခါနီးမှ အစား မစားပါနဲ့။ အိပ်ရာထဲ ရောက်တာနဲ့ အိပ်ပျော်ဖို့ ခက်တဲ့သူမျိုးဆိုရင် အိပ်ရာကို သက်သောင့်သက်သာ ဖြစ်အောင်လုပ်ပါ။ အိပ်မယ့်နေရာမှာ လေအေးပေးစက် ဖွင့်ထားတာဖြစ်စေ၊ ပြတင်းတံခါး ဖွင့်ထားတာဖြစ်စေ အေးအောင် လုပ်ထားပါ။ မီးပိတ်ပြီး တိတ်ဆိတ်တဲ့နေရာ ဖြစ်နေရင် ကောင်းကောင်း အိပ်ပျော်မှာပါ။

စိတ်ဖိစီးမှု လျှော့ချပါ
စိတ်ဖိစီးမှုကြောင့် ခန္ဓာကိုယ် ထိုင်းမှိုင်းပြီး နေထိုင် မကောင်းတာကြောင့် ကိုယ်အလေးချိန် တိုးလာနိုင်ပါတယ်။ လူကျန်းမာဖို့အတွက် စိတ်ကျန်းမာဖို့ကလည်း အရေးကြီးပါတယ်။ စိတ်ဖိစီးမှုတွေ ကင်းအောင် သူငယ်ချင်းတွေနဲ့ စကားပြောတာ၊ အပြင်ထွက်တာဖြစ်ဖြစ် တစ်ခုခုလုပ်ပါ။ လေကောင်းလေသန့် ရမယ့်နေရာတွေကို လမ်းလျှောက်ပါ။ ခရီးထွက်ပါ။

References:  http://www.top10homeremedies.com
http://www.eatingwell.com

  • TAGS