News

POST TYPE

HEALTH

ရန်ကုန်တိုင်းတွင် ဆေးယဉ်ပါး တီဘီဖြစ်ပွားမှု ၁၁ ရာခိုင်နှုန်းရှိ
28-Dec-2016 tagged as တီဗီရောဂါ

ရန်ကုန်၊ ဒီဇင်ဘာ ၂၇

ရန်ကုန် တိုင်းဒေသကြီးတွင် ဆေးယဉ်ပါး တီဘီရောဂါဖြစ်ပွားမှု ၁၁ ရာခိုင်နှုန်း ရှိကြောင်း ရန်ကုန်တိုင်း တီဘီဆရာဝန်ကြီး ဒေါက်တာဇော်မြင့်က ပြောကြားသည်။

“ဆေးယဉ်တာကို ကုသတဲ့အခါမှာ အရင်ကတော့ ဆေးဝါးတွေ အခက်အခဲ ရှိတယ်။ အခုတော့ လုံလောက်နေတယ်။ ဆေးကုသမှုအပိုင်းမှာလည်း လ ၂၀ ကုရတယ်ပေါ့။ စားဆေး၊ ထိုးဆေး ခြောက်လရယ်၊ ကျန်တဲ့ ၁၄ လကတော့ စားဆေးနဲ့ပဲ ကုသရတယ်”ဟု ၎င်းကရှင်းပြသည်။

ရန်ကုန် တိုင်းဒေသကြီးအတွက် ဆေးယဉ်ပါး တီဘီလူနာ ၁၂၈၂ ဦးကို ကုသပေးခဲ့ပြီး ယခုနှစ် စက်တင်ဘာလပိုင်းအထိ လူနာ ၉၆၆ ဦးကို ကုသပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ 

“ငါးနှစ်တစ်ခါ သုတေသနတွေ လုပ်တဲ့အခါမှာ ဆေးယဉ်ပါးတီဘီ ဖြစ်ပွားနှုန်းကတော့ တီဘီလူနာ အသစ်တွေက ကျန်တိုင်းနဲ့ ပြည်နယ်တွေမှာ ငါးရာခိုင်နှုန်းရှိတယ်။ ရန်ကုန်တိုင်းကတော့ ၁၁ ရာခိုင်နှုန်း ရှိတယ်ဆိုတော့ ကျန်တိုင်းနဲ့ ပြည်နယ်တွေထက်စာရင် ပိုဖြစ်တာများနေတာ တွေ့ရပါတယ်။ လှိုင်သာယာ၊ ရွှေပြည်သာ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ မြောက်ဥက္ကလာ၊ မင်္ဂလာဒုံတွေမှာ ဖြစ်တဲ့ လူဦးရေ ပိုများတာကို တွေ့ရတယ်”ဟု ဒေါက်တာဇော်မြင့်က ဆိုသည်။

မင်္ဂလာဒုံ အထူးကုဆေးရုံ၊ ဝေဘာဂီ အထူးကုဆေးရုံ၊ အင်းစိန်တီဘီရောဂါ တိုက်ဖျက်ရေးဌာန၊ လသာ တီဘီရောဂါ တိုက်ဖျက်ရေးဌာန၊ မြောက်ဥက္ကလာနှင့် သန်လျင် ကျန်းမာရေး ဌာနတို့အပြင် ယခု ဒီဇင်ဘာလအတွင်း သင်္ဃန်းကျွန်းနှင့် သာကေတမြို့နယ် ကျန်းမာရေး ဌာနများ၌ ဆေးယဉ်ပါး တီဘီရောဂါ စစ်ဆေးရန် Gene Expert စက်ကြီးများကို တပ်ဆင်ကာ အခမဲ့ စစ်ဆေးပေးလျက် ရှိကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး တီဘီရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများနှင့် အမျိုးသား တီဘီရောဂါ တိုက်ဖျက်ရေး ငါးနှစ် စီမံကိန်းအရ သိရသည်။

မြန်မာနိုင်ငံတွင် ဆေးယဉ်ပါး တီဘီ ကုသမှုကို ၂၀ဝ၉ ခုနှစ်မှစပြီး မြို့နယ် ၁၀ မြို့နယ်တွင် စတင် ကုသပေးခဲ့ရာမှ ၂၀၁၆ ခုနှစ်တွင် မြို့နယ်ပေါင်း ၃၃၀ မှ ဆေးယဉ်ပါးတီဘီ လူနာများကို ဆေးကုသမှု ခံယူနိုင်အောင် တစ်နိုင်ငံလုံး လွှမ်းခြုံ ရှာဖွေကုသမည်ဖြစ်ကာ ယနေ့အထိ ဆေးယဉ်ပါး တီဘီလူနာ ၆၃၁၇ ဦးကို ကုသပေးခဲ့ပြီးဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနထံမှ သိရသည်။

J-12