News

POST TYPE

HEALTH

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ဒုတိယ ဌာနမှူး ဒေါက်တာ သန်းသန်းလွင်နှင့် တွေ့ဆုံခြင်း
28-Dec-2016 tagged as

အဆိပ်သင့် စေတတ်သော အမျိုးအစားတွင် ပါဝင်သည့် ဖော်မလင် အလွဲ အသုံးပြုနေသူများကို သက်ဆိုင်ရာ ဌာနများ ပူးပေါင်း၍ ဈေးကွက်အတွင်း ဝင်ရောက် စစ်ဆေးခြင်းနှင့် မုန့်ဖို လုပ်ငန်းများသို့ သွားရောက် စစ်ဆေးခြင်းတို့ကို လုပ်ဆောင်လျက်ရှိပြီး ဖော်မလင် တွေ့ရှိသည့် မုန့်ဖို လုပ်ငန်းများကိုလည်း ဥပဒေအရ အရေးယူမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ဒုတိယ ဌာနမှူး ဒေါက်တာ သန်းသန်းလွင်နှင့် The Voice က တွေ့ဆုံမေးမြန်း ထားသည်များကို ကောက်နုတ် ဖော်ပြအပ်ပါသည်။

Voice : အန်တီတို့ဌာနက မုန့်ဖိုတွေကို စစ်တယ် လို့သိရတယ်။ ဘယ်တုံးက စစ်ခဲ့တာလဲ။
Dr. TTL : အန်တီတို့ ဒီလ ၁၆ ရက်နေ့က ခရိုင် လေးခရိုင် ခွဲပြီးတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ကျန်းမာရေးဌာန၊ အစားအသောက်နဲ့ ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးမှူးတွေရယ်က ကိုယ်စားလှယ် တစ်ဦးစီ လိုက်ပါပြီးတော့ ခရိုင် လေးခရိုင်မှာရှိတဲ့ တချို့ မြို့နယ်တွေကို ဝင်ရောက် စစ်ဆေးခဲ့တယ်။ တစ်နိုင်ငံလုံးတော့ မလွှမ်းခြုံနိုင်သေးဘူး။ မြို့နယ်တွေ ရွေးပြီးတော့ အဲဒီမြို့နယ်မှာရှိတဲ့ မုန့်ဟင်းခါးဖတ်၊ ပဲပြားတို့ လက်ကား ရောင်းချတဲ့ ဆိုင်ကြီးတွေကို ဝင်ပြီးတော့ ဖော်မလင် ပါဝင်မှု ရှိ မရှိ Test Kit တွေနဲ့ စစ်ဆေးခဲ့တယ်။

Voice : ဆိုင် ဘယ်နှခုလောက်ကို စစ်ဆေးခဲ့တာပါလဲ။ နောက်ပြီး ဖော်မလင် တွေ့ရှိမှုကရော။
Dr. TTL : စုစုပေါင်း စစ်ဆေးခဲ့တာကတော့ ဆိုင်က ၁၈ ဆိုင်၊ မြို့နယ်က ရှစ်မြို့နယ်။ အရှေ့ပိုင်းခရိုင်ကတော့ မြောက်ဥက္ကလာမြို့နယ်က လက်ကားဆိုင် သုံးခုကို ဝင်ခဲ့တယ်။ အနောက်ပိုင်း ခရိုင်ကတော့ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာက လက်ကားဆိုင် ကိုးဆိုင်ကို ဝင်ခဲ့တယ်။ တောင်ပိုင်းခရိုင် သာကေတနဲ့ ပုဇွန်တောင်က နှစ်ဆိုင်။ မြောက်ပိုင်းခရိုင် အင်းစိန်မြို့နယ်က လေးဆိုင်ကို စစ်ဆေးခဲ့တယ်။ နမူနာ ၃၆ မျိုးမှာ မုန့်ဖတ်၊ ခေါက်ဆွဲဖတ်၊ ပဲပြား၊ ညှပ်ခေါက်ဆွဲဖတ်တွေကို စစ်ဆေးခဲ့တဲ့အခါ ဖော်မလင် ပါဝင်တာ နှစ်ခုကို တွေ့ခဲ့ ရတယ်။ Test Kit နဲ့စစ်တာ စိတ်ချရပါသော်လည်း ထုတ်လုပ်သူဘက်က အငြင်းပွားဖို့ မဖြစ်ဖို့ FDA ကို Comfirmation Test ကို ပို့ထားပါတယ်။ သူ့ဆီက အဖြေရလို့ ရှိရင် ကျွန်မတို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီရဲ့ တည်ဆဲ ဥပဒေအရ အရေးယူ ဆောင်ရွက်ဖို့ လုပ်နေပါတယ် ဆိုတဲ့အကြောင်း ပြောချင်ပါတယ်။

Voice : ဖော်မလင် တွေ့ရှိတဲ့အပေါ်မှာ ဘယ်လိုမျိုး လုပ်ဆောင်သွားဖို့ ရှိပါသလဲ။
Dr. TTL : ကျန်းမာရေး ဌာနက စစ်ပဲ စစ်ပေးတာပေါ့။ တရားစွဲဆိုတဲ့ အပိုင်းတွေကတော့ သူ့အပိုင်းနဲ့သူ၊ သူ့ဌာနနဲ့သူပေါ့။ ဥပမာ-ဈေးမှာတွေ့လို့ရှိရင် ဈေးက အမှုတည်ဆောက်ပြီး တရားစွဲဖို့ တရားရုံး တင်ပေးရတယ်။ အခုစီမံက လိုင်စင်ပေးထားတဲ့ ဆိုင်ဆိုရင် စီမံရေးရာဌာနကို တင်ပြတယ်။ စီမံမှာလည်း လိုင်စင်မရှိဘူး။ Without ဆိုလို့ရှိရင် သက်ဆိုင်ရာ ဒေသတရားရုံးတွေကနေ တရားစွဲဆိုဖို့ အကြံ တောင်းခံရတယ်။ လက်ရှိ စည်ပင်သာယာရေး ဥပဒေအရ အရေးယူမှာ ဖြစ်ပါတယ်။ အန်တီတို့က မခိုင်မာဘဲနဲ့ တရား မစွဲပါဘူး။ စစ်လို့ Positive ဖြစ်တဲ့ နှစ်ခုကို FDA က ထပ်စစ်ဖို့ ယူသွားပါတယ်။

Voice : ဖော်မလင်ပါတဲ့ အစားအသောက်တွေကို စားမိတဲ့အခါမှာ ဘယ်လောက်အထိ အန္တရာယ် ဖြစ်စေနိုင်ပါသလဲ။
Dr. TTL : ဒါက လူ့အသက်ကို မျှဉ်းသတ်သလို ဖြစ် နေတယ်။ ဖော်မလင်က ရုတ်တရက် စားသုံးမိလိုက်ရင် ဖြစ်တဲ့ဟာ ရှိသလို၊ ရေရှည် ခန္ဓာကိုယ်ထဲမှာ စုသွားလို့ ရှိရင်လည်း ဖြစ်နိုင်တာတွေကို ပညာပေးသွားမှာပါ။ လောလောဆယ် အများဆုံး တွေ့နေရတဲ့ ပဲပြား၊ မုန့်ဖတ်၊ ခေါက်ဆွဲ၊ ပင်လယ်စာ (ပြည်ကြီးငါး၊ ငါး)တွေ သိပ် မာတောင့်နေတယ်ဆို သံသယ ရှိတယ်။

အသားတွေကို တောင့်တင်းပြီး မာအောင် လုပ်တဲ့အတွက် ဈေးကွက်မှာ ရောင်းပန်းလှတယ်။ ပဲပြား ဆိုလည်း မာမာလေး ဖြစ်တယ်။ သုံးရက် ခံတယ်။ အဲဒါဆိုရင် မဟုတ်တော့ဘူး။ မုန့်ဖတ်တွေက အပြင်မှာ ထားရင်တောင်မှ နှစ်ရက်၊ သုံးရက်ထက် ပိုပြီး ခံတယ်ဆိုရင် သံသယ ဖြစ်သင့်တယ်။ ဒါတွေကို သံသယ ဝင်ပြီး ရှောင်ရှားစေချင်တယ်။ နောက် ထူးခြားချက်က ယင်မအုံတာ။ ပဲပြားဆိုရင် အစာသွတ်လို့ ကောင်းတယ်၊ ကြေမသွားဘူး စသဖြင့်ပေါ့။ ဒါလေးတွေကို ကျန်းမာရေး ဗဟုသုတ ရှိစေချင်ပါတယ်။

နောက်ပြီး နို့နဲ့ နို့ထွက်ပစ္စည်းဖြစ်တဲ့ ချက်နို့ဆီတို့ ဘာတို့မှာ တစ်ချိန်က ထည့်တယ်။ အခု ဟင်းသီး ဟင်းရွက် တချို့ပါ ပါလာတယ်။ လုပ်ငန်းခွင်ထဲမှာလည်း ဖော်မလင်ရဲ့ အငွေ့ကို ရှူလိုက်ရင် ခေါင်းကိုက်တာ၊ မျက်ရည်ပူကျတာ၊ မျက်စိနီလာတာတွေအပြင် အသက်ရှူ လမ်းကြောင်း ပန်းနာရင်ကျပ်တွေ ဖြစ်လာပြီး တဖြည်းဖြည်း ကင်ဆာကို ဖြစ်နိုင်ပါတယ်။ ဖော်မလင်ပါတဲ့ အစားအသောက်တွေ အရမ်း များသွားရင် ဥပမာ - ဖော်မလင်ကို ရေနဲ့ စပ်ထားတယ်၊ ဒါကို ရေသန့်ဘူးနဲ့ မှားပြီး သောက်လိုက်လို့ ရှိရင် ပြင်းထန်စွာ ဗိုက်အောင့် ဗိုက်နာမယ်၊ အော့အန်မယ်၊ ကျောက်ကပ် ပျက်စီးတယ်။ အသက် ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်တယ်။ တဖြည်းဖြည်း စုလာရင်တော့ အစာအိမ် ကင်ဆာတို့၊ အသည်း ခြောက်တာတို့၊ အသည်း ကင်ဆာတို့ ဖြစ်နိုင်တယ်။

Voice : အန်တီတို့ အနေနဲ့ စစ်ဆေးမှု အပိုင်းတွေမှာရော ဘယ်လိုမျိုး လုပ်ဆောင်နေပါသလဲ။
Dr. TTL : ဒါက မြန်မာ့ရိုးရာ စားစရာ ဖြစ်တယ်။ ဒီအထဲမှာ ဒါတွေ ပါလာတာက လူတွေကို အဆိပ်ကျွေးတာနဲ့ တူတယ်။ လူ ၁၀ဝ မှာ ၇၅ ယောက်လောက်က မုန့်ဟင်းခါး ကြိုက်တယ်။ ပဲပြား ဆိုတာကလည်း လွယ်လွယ်ကူကူ စားသောက်နေကြတာပေါ့။ ဒီလိုတွေထဲမှာ ပါလာတာကို မနှစ်သက်ပါဘူး။ အန်တီတို့ လက်အောက်က ကလေးတွေကလည်း ပျံကျဈေးမှာ သွားစစ်တာလည်း အကျိုးမဲ့တော့ မဖြစ်ဘူးဆိုတာ သိစေချင်လို့ပါ။ သူတို့ဆီကပဲ ခြေရာခံပြီးတဲ့အခါ အချို့ ဒိုင်တွေက သူတို့ဆီမှာ မုန့်ဟင်းခါးဖတ် မထုတ်ပါဘူးလို့ ညာပြောတာ ရှိတယ်။ ပျံကျဈေးသည်တွေကိုလည်း ခေါ်ပြီး ဒီဒိုင်က မယူရဘူး။ စစ်ဆေးတွေ့ရင် အရေးယူမယ်။ ဒိုင်အထိ လိုက်မှာပေါ့။ ဒါတွေကိုလည်း အန်တီတို့က အရေး မယူဘဲ ပစ်ထားတာ၊ ပေါ်ပင်ရှိုးလုပ်နေတာလည်း မဟုတ်ဘူးဆိုတာ သိစေချင်ပါတယ်။ လေးခရိုင်ကို သက်ဆိုင်ရာ ဌာနတွေနဲ့ပေါင်းပြီး ဆက်လက် စစ်ဆေးဖို့ အစီအစဉ် ရှိပါတယ်။ 

Voice : ဒီလို အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေ မပါဘဲ ထုတ်လုပ်နိုင်ဖို့ ဘယ်လို ဆောင်ရွက်ပေးသွားဖို့ ရှိပါသလဲ။
Dr. TTL : FDA နဲ့ Fosta ပူးပေါင်းပြီး သင်တန်းဖွဲ့တာရှိတယ်။ အဲဒီအခါကျရင်တော့ သူတို့ ပြောသလို မှိုလည်း မတက်ဘူး၊ ကြာရှည်လည်း ခံမယ်၊ ဗက်တီးရီးယားလည်း မပေါက်ဘူး၊ အရောင်လည်း လှတယ်။ ဒါပေမဲ့ ဖော်မလင်တော့ မဟုတ်ဘူး။ တခြား ခွင့်ပြုတဲ့ တာရှည်ခံဆေးကို ဘယ်လို သုံးရမလဲဆိုတာ သင်တန်းပေးမယ်။ အဲဒီသင်တန်းကို တက်ဖို့ပဲ လိုတယ်။ အန်တီတို့က မုန့်ဖိုစာရင်း ရထားတယ်။ အဲဒီအတိုင်း လိုက်ဖိတ်မယ်။ တချို့တွေက လုပ်ငန်း ပိတ်ထားတာတို့၊ လုပ်ငန်း ပြောင်းသွားတာတို့ ရှိတယ်။ တချို့ကျတော့လည်း လိုင်စင် မပါတာတွေလည်း ရှိတယ်။ အာဟာရလည်း ရှိရမယ်။ ဘေးအန္တရာယ်လည်း ကင်းရမယ် ဆိုတာမျိုးကို ဘယ်လို အချိုးအစား၊ ဘယ်လိုဆေးနဲ့ ဘယ်လို ထည့်ရမယ်ဆိုတာကို Fosta က သင်ပေးမှာပါ။ အန်တီက ပြောလိုက်လို့ ရပေမယ့် မဟုတ်မမှန်တဲ့ အချိုးအစားနဲ့ သွားထည့်လိုက်လို့ မရတဲ့အတွက် သေချာ သင်ပေးမှာပါ။

Voice : အန်တီအနေနဲ့ ဖော်မလင် အသုံးပြုတဲ့ လုပ်ငန်းရှင်တွေကို ဘာများ ထပ်မံ ဖြည့်စွက်ပြောချင်ပါလဲ။
Dr. TTL : အန်တီတို့ ဝင်စစ်မှ အရေးယူရတဲ့အဖြစ်က မကောင်းဘူးပေါ့။ ဘယ်သူကမှလည်း သူများ စီးပွားရေးကို မဖျက်ဆီးချင်ကြပါဘူး။ ကိုယ့်အသိစိတ်နဲ့ကိုယ် ပါဝင်စေချင်တယ်။ သမ္မာအာဇီဝနဲ့လုပ်ရင် ကုသိုလ်လည်းရ၊ ဝမ်းလည်းဝပြီး သားစဉ်မြေးဆက် ကိုယ့်လုပ်ငန်းကိုပြန်ပြီးတော့ အမွေပေးလို့ ရတယ်။ ဒါတွေကို လုပ်တတ်ရင် ဒေသခံတွေကိုလည်း အလုပ်ပေးရာ ရောက်ပြီး ရိုးရာ အစားအစာ တစ်ခု ထိန်းသိမ်းတာလည်းဖြစ်တယ်။ နာမည် ပျက်သွားရင်တော့ လူတွေက စားကြတော့မှာ မဟုတ်ဘူး။ သူတို့ကို အသံတိတ် လူသတ်သမား (Silent killer) လို့ပဲ တင်စားလို့ ရတယ်။ ဆေးလိပ်၊ အရက်၊ ကွမ်းယာတွေက အန္တရာယ် ရှိတာကို သိရဲ့နဲ့စားကြတာ။ ဒါက အန္တရာယ်ရှိမှန်း မသိလို့ စားလိုက်မိတဲ့ ဟာတွေကျတော့ Silent killer ဖြစ်တယ်။ အန္တရာယ် ရှိမှန်း မသိဘဲ စားမိတဲ့လူတွေကျတော့ နေ့တိုင်းနေ့တိုင်း အဆိပ်ပေးသလို ဖြစ်တယ်လို့ ပြောချင်ပါတယ်။

Voice : အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

သီတာဆွေ

  • TAGS