POST TYPE

HEALTH

ရွှေလမင်းဆေးရုံ (လမ်းမတော်) ၏ ကျန်းမာရေး လူ့စွမ်းအား ညွှန်ကြားရေးမှူး ဒေါက်တာ တင်ထွန်းအောင်နှင့် တွေ့ဆုံခြင်း
21-Dec-2016 tagged as

ကိုယ်ဝန်ဆောင်မိခင်များ မနာကျင်ဘဲ သဘာဝအတိုင်း မွေးဖွားနည်းဖြင့် မွေးဖွားခြင်းကို ယခုလမှစတင်၍ တွင်ကျယ်စွာ အသုံးပြုမည်ဖြစ်ကြောင်းနှင့် မိမိတို့၏ ရင်သွေးကို သဘာဝအတိုင်း မွေးဖွားလိုသူ မိခင်များအတွက် အဆိုပါ နည်းစနစ်နှင့် ပတ်သက်၍ ရွှေလမင်းဆေးရုံ(လမ်းမတော်)၏ ကျန်းမာရေးလူ့စွမ်းအားညွှန်ကြားရေးမှူး ဒေါက်တာ တင်ထွန်းအောင်နှင့် တွေ့ဆုံမေးမြန်း ထားသည်များကို ကောက်နုတ် ဖော်ပြအပ်ပါသည်။

Voice : မနာကျင်ဘဲ သဘာဝအတိုင်း မွေးဖွားနည်းနဲ့ ဒီဆေးရုံမှာ လုပ်ဆောင်ပေးပြီလို့ သိရပါတယ်။ ဒါနဲ့ပတ်သက်ပြီး ရှင်းပြပေးပါဦး ဆရာ။
Dr.TTA : ဒီနည်းကို ဒီဇင်ဘာ ၆ ရက်နေ့မှာ စပြီး အသိပေးလိုက်တယ်။ သားဖွားတယ်ဆိုတာ ချက်ချင်း လုပ်လို့မရဘူး။ ကိုယ်ဝန်စရှိတဲ့အချိန်မှာ ကိုယ်ဝန် စောင့်ရှောက်မှု စပေးမယ်ပေါ့။ သန္ဓေသားကြီးထွားမှုကို မှတ်တမ်းတင်တာတို့၊ လိုအပ်တဲ့ ဆေးစစ်မှုတွေ လုပ်ပြီးတော့ တကယ် သားဖွားတဲ့ အချိန်ကျရင် ဒီဆေးကို အသုံးပြုမှာပေါ့။

Voice : ကိုယ်ဝန်ဆောင်ပြီ ဆိုကတည်းက ဆရာတို့ဆီမှာလာပြီး ဗိုက်အပ်မှ အဲဒီစနစ်ကို သုံးပေးမှာလား။
Dr.TTA : အဲဒါက ပိုပြီး အဆင်ပြေတာပေါ့။ အရပ်ထဲမှာလို အခု ဗိုက်နာ၊ အခုသွားဆိုတာကတော့ အဆင် မပြေဘူးပေါ့။ မိခင် အနေအထား၊ ကလေး အနေအထားရယ်၊ ဒီနည်းလမ်းကို အသုံးပြုလို့ ရ မရ ဆုံးဖြတ်ရမှာလေ။ ဆရာတို့က ဒီအတိုင်း ရိုးရိုး မွေးတဲ့အခါတွေမှာလည်း အန္တရာယ်ရှိတဲ့ ကိုယ်ဝန်တွေဆိုရင် သဘာဝအတိုင်း မွေးခွင့် မပေးဘူး။ ပထမဆုံးတစ်ကြိမ် ခွဲထားတဲ့ မိခင်ဆိုရင် ဒီနည်းနဲ့ မသင့်တော်တော့ဘူး။ နောက်တစ်ကြိမ် ဗိုက်ခွဲပဲ မွေးရမယ်။ ဒီစနစ်ကို အသုံးပြုတော့မယ်ဆိုရင် ကိုယ်ဝန်စရှိတာသိကတည်းက ပြထားတာက ပိုပြီးတော့ အဆင်ပြေတာပေါ့။ ဗိုက်နာမှ လာမယ်ဆိုရင်တော့ ဒီစနစ်နဲ့ ဖြစ်ချင်မှ ဖြစ်မှာပေါ့။ အခြားနည်းနဲ့ ခွဲမွေးတာတွေလည်း ဖြစ်ရင် ဖြစ်နိုင်တယ်။ အမေနဲ့ ကလေးရဲ့ အနေအထားကို မသိရှိရဘူး။ ရုတ်တရက် အခုမှ သိရှိရတဲ့အတွက် ရုတ်တရက် ဒီနည်းလမ်းကို အသုံးပြုဖို့ အဆင်မပြေဘူး။

Voice : ဒီနည်းက ပထမ ခွဲစိတ်ဖူးတဲ့သူတွေ အနေနဲ့ရော အသုံးပြုလို့ ရနိုင်လား။
Dr.TTA : ဒါတွေရဲ့ မှတ်တမ်း မှတ်ရာတွေအရတော့ သူက သဘာဝအတိုင်း မွေးဖွားချင်စိတ်ရှိတဲ့ မိခင်တိုင်းက ဒီနည်းလမ်းကို အသုံးပြုလို့ ရတယ်။ သဘာဝအတိုင်းပဲ နာကျင်မှု ဝေဒနာကို မခံစားချင်ဘူး။ မွေးဖွားနိုင်တယ်ပေါ့။ သိပ်အန္တရာယ်များတဲ့ မိခင်တွေ ဆိုရင်တော့ ခွဲဖို့ပဲ တိုက်တွန်းတယ်။ ဒါက ပထမဦးဆုံး သုံးရတဲ့နည်းလမ်း ဖြစ်တဲ့အတွက် ဆရာတို့ဘက်ကလည်း အဖိတ်အစဉ် မရှိစေချင်ဘူးပေါ့။ အားလုံးကို အကောင်းဆုံးနဲ့ အဆင်ပြေပြေလေး ဖြစ်အောင်လို့တော့ ဆရာတို့က အတတ်နိုင်ဆုံး ဆောင်ရွက်ပေးပါ့မယ်။

Voice : နာကျင်မှုက သက်သာစေတယ်ဆိုတော့ နာကျင်မှုကို ဘယ်လောက်အထိ သက်သာစေနိုင်တာပါလဲ။
Dr.TTA : လုံးဝနီးပါးပေါ့။ လုံးဝ နီးပါးဆိုတာ မိခင်ဟာ မွေးဖွားခါနီး နာရတဲ့ နာကျင်မှုမျိုးကို လုံးဝ နီးပါး မခံစားရအောင် ဆောင်ရွက်ပေးမှာ ဖြစ်တယ်။ ဒီအတွက်လည်း မေ့ဆေးဆရာဝန်ကြီးကနေပြီးတော့ ဒီကိစ္စကို ဆောင်ရွက်ပေးမှာ ဖြစ်တယ်။ ဆေးကတော့ မွေးခါနီးမှ သုံးမှာ။ ကိုယ်ဝန်အပ်ကတည်းက မိခင်ကျန်းမာရေး၊ ကလေးကျန်းမာရေး ကြည့်ပေးမယ်။ နာကျင်မှုကလည်း မိခင်မွေးခါနီးမှ နာတာကိုး။ ကိုယ်ဝန်လွယ်ထားတဲ့ အချိန်မှာ နာကျင်မှု မရှိဘူးလေ။ မွေးတော့မယ်ဆိုရင် သဘာဝ တရားက နာအောင် လှုံ့ဆော်တာပေါ့။ လှုံ့ဆော်တဲ့ ဓာတ်ကလေးကို သက်သာအောင်လို့ ဆရာတို့က ထုံဆေး ထိုးပေးလိုက်တာပဲ။ မိခင်က နာကျင်မှုကို မသိဘူး။ ဒါပေမဲ့လို့ သူ့ရဲ့ သဘာဝအတိုင်း လှုပ်ရှားမှုတွေ ဖြစ်တဲ့ သားအိမ်ညှစ်တာတွေ၊ ဘာတွေကတော့ အလုပ် လုပ်နေတာပဲ။ မိခင်က နာကျင်မှု တစ်ခုတည်းကိုပဲ မခံစားရတာ။ ကျန်တာက သဘာဝအတိုင်းပဲ သွားမှာ။ သဘာဝအရ မွေးပြီးသွားရင်တော့ နာကျင်မှုက မရှိတော့ဘူး။ ထုံဆေး ထိုးထားတဲ့အတွက် ပိုပြီးနာကျင်မှုက ရိုးရိုးမွေးထားတဲ့ လူနာ တစ်ယောက်တောင် မွေးပြီး သွားရင် နာကျင်မှုက သူ့ဘာသာ ပျောက်တာ။ နာကျင်မှုသည် သားဖွားအောင် သဘာဝက ပေးထားတာ။ ဒီစနစ်နဲ့ဆို ပိုပြီး သက်သာသွားမယ်။

Voice : ဆေးနာမည်နဲ့ ဆေးကို အသုံးပြုမယ့်ပုံကရော ဆရာ။
Dr.TTA : ဆေးက Epidural ခေါ်တယ်။ ထုံဆေးပဲပေါ့။ မြီးညောင်းရိုးနားကနေ ထိုးတာပေါ့။ ခါးရိုးထိုးတာနဲ့တော့ မတူဘူးပေါ့။ ခါးရိုးထိုးတာက ဗိုက်ခွဲတဲ့ လူနာတွေကို ခါးရိုးထိုးလိုက်တယ်။ အထူးသဖြင့် ခြေထောက်တွေပေါ့။ ခါးအောက်ပိုင်းက ထုံသွားတယ်။ မလှုပ်နိုင်ဘူးပေါ့။ ဒါကတော့ အဲဒီလို မဟုတ်ဘူး။ နာကျင်တဲ့ဟာကိုပဲ သက်သာအောင် လုပ်လိုက်တာ။ မိခင်က လမ်းလျှောက်လို့လည်း ရတယ်။ ထိုင်လို့လည်း ရတယ်။ လှုပ်ရှားလို့ရတယ်။ ကလေးမွေးလို့ နာကျင်မယ့် နာကျင်မှုကိုပဲ မသိတာပေါ့။ ခြေထောက်ကြီး လုံးဝ ထုံပြီး မလှုပ်ရတာကြီး မဟုတ်ဘူး။ မေ့ဆေးဆရာဝန်ကြီးက ထိုင်နေမယ်။ လိုသလောက်ပဲ ထိုးပေးမှာ။ မွေးပြီးရင် နာကျင်မှုက လုံးဝ မရှိတော့ဘူး။ စပြီးထိုးလိုက်ရင် မိခင်နာကျင်မှု လုံးဝ မရှိတော့ဘူးဆိုရင် ရပ်ထားမယ်။

Voice : ဒီဆေးနဲ့ ပတ်သက်ပြီးတော့ ကုန်ကျစရိတ်က ဘယ်လို အတိုင်းအတာရှိလဲ။
Dr.TTA : ကုန်ကျစရိတ်က ပုဂ္ဂလိက ဖြစ်တဲ့အတွက် ပုဂ္ဂလိကမှာ ရိုးရိုးမွေးရင်လည်း ကုန်ကျမှု ရှိတယ်။ ခွဲမွေးရင်လည်း ကုန်ကျမှု ရှိတယ်။ ဒီစနစ်က အဲဒီနှစ်ခုကြားထဲမှာ ဖြစ်အောင် တတ်နိုင်သလောက် ဆရာတို့ ညှိနှိုင်းနေတယ်။ တချို့ကလည်း ဈေးနှုန်း သိချင်တယ်။ ဒါပေမဲ့ ဆရာတို့က ဈေးနှုန်း အတိအကျတော့ မပြောနိုင်သေးပါဘူး။ ဒါပေမဲ့ ဗိုက်ခွဲသလောက်တော့ မကုန်ဘူး။ ရိုးရိုး မွေးတာထက်တော့ ပိုကုန်မယ်ပေါ့။ ဒီကြားထဲမှာ ဆရာတို့က စောင့်ရှောက်မှု ပေးမှာပေါ့။

Voice : ဒီဆေးကို အသုံးပြုတဲ့ အခါမှာရော အခြား ဘေးထွက် ဆိုးကျိုးတွေ ရှိလာနိုင်သလား။
Dr.TTA : လက်တွေ့အားဖြင့်ကတော့ အခုမှစမယ်။ ဒါပေမဲ့ အနောက်နိုင်ငံတွေရဲ့ အတွေ့အကြုံ၊ သူတို့ရေးထားတဲ့ စာရွက်စာတမ်းတွေ အရတော့ သူ့ကြောင့်ဖြစ်ပေါ်နိုင်တဲ့ အန္တရာယ်က ပြောပလောက်အောင် မရှိဘူး။ ဒါပေမဲ့ သားဖွားခြင်းရဲ့ အန္တရာယ်ကတော့ ရှိတာပေါ့။ ဒါကတော့ ဒီဆေးနဲ့ မဆိုင်ဘူး။ သူ့သဘာဝအလျောက် ကြုံရမယ့် အခြေအနေတွေတော့ ရှိမယ်။ ခေါင်းကိုက်တာ၊ သွေးပေါင်နည်းနည်း ကျသွားတာ ရှိတယ်။ ဆေးထိုးတဲ့နေရာမှာ တစ်ခါတလေကျတော့ အရက်ပြန်နဲ့ အသားကို ပွတ်လိုက်သလို ရဲသွားသလောက်ပဲ။ အသက်အန္တရာယ် စိုးရိမ်ရလောက်တဲ့အထိ ဖော်ပြထားတာ မတွေ့ရဘူး။

Voice : ဆေးရဲ့ ဘေးထွက် ဆိုးကျိုးကတော့ မရှိဘူး ဆိုတော့ လက်ရှိမှာ ဘယ်လိုရောဂါအခံ တစ်ခုခုရှိတဲ့သူတွေအတွက် မသင့်လျော်တာတွေ ရှိနိုင်ပါသလဲ။
Dr.TTA : အဲဒီလိုတော့ မပြောထားဘူး။ သင့်တော်တဲ့ ဟာလေးတော့ ရေးထားတယ်။ ဥပမာ - သွေးတိုးတဲ့သူမှာ ဒီဆေးသုံးခြင်းအားဖြင့် ဒီဆေးက သွေးပေါင် နည်းနည်းလေး ကျတယ်။ အဆင်ပြေတယ်ပေါ့။ နောက်တစ်ခုက သဘာဝ တရားက နာကျင်အောင် လုပ်တဲ့အခါမှာ နာလာရင် နှလုံးခုန်မြန်လာတာတွေ ဖြစ်လာတယ်။ တချို့ နှလုံးရောဂါပေါ့။ အပြင်းကြီး မဟုတ်ဘူး။ နှလုံး ရောဂါ နည်းနည်း အခံရှိတဲ့သူတွေ မွေးတဲ့အခါမှာ နှလုံး ရောဂါ ပိုဆိုးတတ်တယ်။ ဒီဆေးကို သုံးခြင်းအားဖြင့် နာကျင်မှု မရှိတော့ နှလုံးက အလုပ် လုပ်ရတာ နည်းသွားတယ်။ အဲဒီလို လူမျိုးမှာလည်း အကျိုး ရှိတယ်ပေါ့။ ဒီဆေးကြောင့် မတည့်တဲ့ရောဂါတွေ ပြောတာ မတွေ့ရဘူး။ ခုနကလို ရောဂါတွေမှာ ဒီဆေးကို သုံးခြင်းအားဖြင့် သက်သာမှု ရှိတာကိုတွေ့တဲ့အတွက် အကျိုးကျေးဇူး ပိုရတာပေါ့။

Voice : ဒီဆေးနဲ့ မြန်မာနိုင်ငံမှာ ကုသပေးတာ ပထမဦးဆုံးလို့ ပြောလို့ ရနိုင်မလား။
Dr.TTA : ပထမဦးဆုံးလို့တော့ ပြောလို့ မရဘူး။ ဒါပေမဲ့ တွင်ကျယ်စွာ သုံးမှာက ဆရာတို့ပဲ ဖြစ်တယ်။ တခြား ဆေးရုံတွေမှာ သုံးတယ်လို့တော့ ကြားတယ်။ ဒါပေမဲ့ မွေးတဲ့ဟာကို မတွေ့ဖူးသေးဘူး။ ဆရာတို့ကတော့ လက်တွေ့လည်း လုပ်မယ်။ အောင်မြင်အောင်လည်း ဆောင်ရွက်မှာ ဖြစ်တယ်။ ဆရာတို့က တွင်တွင်ကျယ်ကျယ်လေး အသိပေးတာပေါ့။ အသိပေးတဲ့ အပိုင်းကို ပိုပြီးတော့ လုပ်ရတာပေါ့။ ဒါက စိတ်ဝင်စားဖို့လည်း ကောင်းတယ်။ နောက် အကျိုးကျေးဇူးလည်း ရှိတယ်။

Voice : သဘာဝအတိုင်း မွေးဖွားတာနဲ့ ဗိုက်ခွဲ မွေးဖွားတာမှာ ဘယ်ဟာက အန္တရာယ် ပိုရှိနိုင်ပြီးတော့ ဘေးထွက်ဆိုးကျိုး အနေနဲ့ကရော ဘယ်လောက်အထိ ရှိနိုင်မလဲ။
Dr.TTA : အများကြီး ကွာတာပေါ့။ ဗိုက်ခွဲမွေးတဲ့အတွက် ထုံဆေးတွေ သုံးရတယ်။ သွေးသွန်တာတို့၊ သွေး လွန်တာတို့ ဖြစ်နိုင်တယ်။ ဆေးရုံပေါ်မှာ နေရတဲ့အချိန်က ကြာတယ်။ အနာကျက်အောင် အနည်းဆုံး တစ်ပတ် နေရတယ်။ သဘာဝအတိုင်း မွေးတာကတော့ ဒီနေ့ မွေးပြီး မနက်ဖြန်ခါ အိမ်ပြန်လို့ ရတယ်။ အဲဒီလို ပြန်လို့ရတဲ့အတွက် မိခင်ရော၊ ကလေးရောက ဆေးရုံမှာ အကြာကြီး မနေရတဲ့အတွက် HOSPITAL INFECTION (ရောဂါကူးစက်မှု)တွေကနေ ကင်းဝေးသွားတာပေါ့။ ဆေးရုံက ဘယ်လောက်ပဲ သန့်တယ်ပြောပြော ဆေးရုံမှာ ရောဂါတော့ ရှိတာပေါ့။ နောက် မိခင်နဲ့ကလေးကလည်း အတူတူ တစ်ခါတည်း နေလို့ရတော့ ပိုပြီးတော့ အကျိုး ရှိတာပေါ့။ ခွဲထားတဲ့ ကလေးတွေဆို မိခင်နား အကြာကြီး မထားနိုင်ဘူး။ မိခင်မှာလည်း ဒဏ်ရာကြီးနဲ့ ဆိုတော့လေ။ သဘာဝဆိုတဲ့အတွက် အကျိုးကျေးဇူးက အများကြီးပဲ။ ခွဲစိတ် မွေးတယ်ဆိုတာ သဘာဝအတိုင်း မမွေးနိုင်တဲ့သူတွေ၊ အန္တရာယ်ရှိတဲ့သူတွေ အတွက်သာ မွေးသင့်တာ။ မလိုအပ်ဘဲ ခွဲစိတ်မွေးတာတွေ မဖြစ်အောင် အသိပေးတာပေါ့။

Voice : ဒီနည်းကို အသုံးပြုမယ်ဆိုရင် စရိတ်ကလည်း သူ့အတိုင်းအတာနဲ့သူ ရှိနေတာဆိုတော့ တခြား မတတ်နိုင်တဲ့သူတွေအတွက် လက်လှမ်းမီအောင် ဘယ်လိုမျိုး ဆောင်ရွက်သွားဖို့ ရှိပါသလဲ။
Dr.TTA : အဲဒါတော့ ဆရာတို့က ဥပမာအနေနဲ့ အိန္ဒိယကို ယူရမှာပေါ့။ အဲဒီမှာကျတော့ သူတို့ အမျိုးသမီးတွေက နာကျင်မှုကို ခံနိုင်တဲ့အားနည်းတယ်။ နောက်ပိုင်းမှာ သူတို့က ကိုယ်ဝန်ဆောင်ရမှာ ကြောက်လာတယ်။ ကြောက်လာတော့ သူတို့ အစိုးရကတော့ ရန်ပုံငွေ ထူထောင်လိုက်တာပေါ့။ အဲဒီ ရန်ပုံငွေနဲ့ မရှိဆင်းရဲတဲ့သူတွေကို အခမဲ့အပြင်ကို ဘောက်ဆူးတောင် ပေးလိုက်သေးတယ်။ ဒီနည်းနဲ့မွေးရင် အားဆေး စသဖြင့် ရမယ်ပေါ့။ အဲဒီတော့ မိခင်တွေက ဒီနည်းကို သုံးတယ်။ ဆရာတို့ အနေနဲ့ကျတော့ ဒီဟာသာ အောင်မြင်ပြီ၊ စိတ်ဝင်စားပြီဆိုရင် အခြား နိုင်ငံတကာ အဖွဲ့အစည်းပဲခေါ်ခေါ်၊ ပြည်တွင်းပဲခေါ်ခေါ် သူတို့တွေနဲ့ ပူးပေါင်းပြီးတော့ မရှိတဲ့သူတွေအတွက် ရန်ပုံငွေ ထူထောင်မယ်ပေါ့။ ဒီနည်းကို သုံးခြင်းအားဖြင့် မေ့ဆေးဆရာဝန် ခေါ်ရတယ်။ သားဖွားမီးယပ် အထူးကုတွေ ခေါ်ရတယ်။ နောက် သုံးတဲ့ပစ္စည်းတွေနဲ့ဆိုတော့ စရိတ်စက ရှိတော့ ဆေးရုံ အနေနဲ့ လတ်တလောတော့ မရှိနွမ်းပါးတဲ့သူတွေကို ဆောင်ရွက် မပေးနိုင်သေးဘူးပေါ့လေ။ ဒါပေမဲ့ အောင်မြင်လာရင်တော့ ဒီနည်းအတွက်ကို အကုန်အကျခံ ပေးနိုင်တဲ့ အဖွဲ့အစည်းတွေနဲ့ ချိတ်ပြီးတော့ မရှိနွမ်းပါးတဲ့သူတွေကိုလည်း လုပ်ပေးဖို့ အစီအစဉ် ရှိပါတယ်။

Voice : ဆရာ့အနေနဲ့ ဘာများ ဖြည့်စွက်ပြောချင်ပါသေးသလဲ။
Dr.TTA : လူထုကို ပြောချင်တာကတော့ ရွှေလမင်း (လမ်းမတော်)မှာ ဒီနည်းလမ်းကို အသုံးပြုပြီ။ နည်းလမ်းသည်လည်း သဘာဝအတိုင်း ဖြစ်တဲ့အတွက် ခွဲစိတ်ကုသ မွေးဖွားတာထက်စာရင် အများကြီး အန္တရာယ် ကင်းတယ်။ နောက် ကုန်ကျစရိတ်လည်း နည်းတယ်။ ဆေးရုံလည်း တစ်ရက်ပဲတက်ပြီး နောက်နေ့ ပြန်ဆင်းသွားရုံပဲ။ အလုပ်အကိုင် မပျက်ဘူး။ အဲဒီအတွက် ဒီနည်းလမ်းကိုသုံးဖို့ တိုက်တွန်းချင်ပါတယ်။

သီတာဆွေ

  • TAGS