News

POST TYPE

HEALTH

ကျန်းမာရေးကဏ္ဍ နိမ့်ကျသည့် တိုင်းနှင့်ပြည်နယ်များ ဖွံ့ဖြိုးရန် ဦးစားပေး ဆောင်ရွက်သင့်ဟုဆို
14-Dec-2016 tagged as

ရန်ကုန်၊ ဒီဇင်ဘာ ၁၃

မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍ နိမ့်ကျသည့် တိုင်းနှင့် ပြည်နယ်များ ဖွံ့ဖြိုးစေရန် ကျန်းမာရေး စီမံကိန်းများကို ဦးစားပေး ဆောင်ရွက်သင့်ကြောင်း ပြည်သူ့ ကျန်းမာရေး ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာ သန်းစိန်က ပြောကြားသည်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူမှု စစ်တမ်းများအရ မြန်မာနိုင်ငံတွင် အသက်ရှည်နှုန်းသည် ၆၆ နှစ်ရှိသော်လည်း ကျန်းမာရေး စောင့်ရှောက်မှု အားနည်းခြင်းကြောင့် မကွေး တိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် အသက်ရှည်မှု အနည်းဆုံး ဖြစ်နေပြီး အသက် ၅၀ ကျော်တွင် သေဆုံးနေသည်ကို တွေ့ရှိနေရကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“အဓိကကတော့ ကူးစက်တတ်တဲ့ ရောဂါတွေရော၊ မကူးစက်တဲ့ ရောဂါတွေကြောင့်ပေါ့”ဟု ၎င်းက ရှင်းပြသည်။

မြန်မာနိုင်ငံ အနေနှင့် ကျန်းမာရေး စောင့်ရှောက်မှုများကို လူတိုင်း ရရှိနိုင်ရန် အကောင်အထည် ဖော်လျက် ရှိသော်လည်း နယ်ဒေသများနှင့် ဝေးလံဒေသများတွင် ကျန်းမာရေး စောင့်ရှောက်မှု အားနည်းချက်များ ရှိနေသေးကြောင်း ပြည်သူ့ ကျန်းမာရေးကို ဆောင်ရွက်ပေး နေသည့်အဖွဲ့အစည်း တာဝန်ရှိသူများထံမှ သိရသည်။

ကမ္ဘာ့နိုင်ငံ ၁၀၇ နိုင်ငံက ပြည်သူများ ကျန်းမာရေး စောင့်ရှောက်မှု လက်လှမ်းမီရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန် နှစ်စဉ် ဒီဇင်ဘာလ ၁၂ ရက်နေ့ကို လူတိုင်း ကျန်းမာရေး စောင့်ရှောက်မှု လက်လှမ်းမီသောနေ့အဖြစ် ဆောင်ရွက်လျက်ရှိပြီး ယခုနှစ် မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် ယင်း အခမ်းအနားကို ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့ ပူးပေါင်း၍ မြန်မာနိုင်ငံ၏ ကျန်းမာရေး ကဏ္ဍ နိမ့်ကျနေမှုများကို ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းထံမှ သိရသည်။

J-12

  • TAGS