News

POST TYPE

HEALTH

ဒေါက်တာကျော်စွာဦး (ရောင်ခြည်သစ် ကုသိုလ်ဖြစ် အခမဲ့ ဆေးခန်း တာဝန်ခံ)နှင့် တွေ့ဆုံခြင်း
14-Dec-2016 tagged as မျက်စိ

မျက်စိနာ ရောဂါသည် ရာသီ အကူးအပြောင်း ကာလနှင့် ဆောင်းရာသီတွင် ဖြစ်ပွားတတ်ပြီး တစ်ဦးနှင့်တစ်ဦး ကူးစက်နိုင်သောကြောင့် ကြိုတင်ကာကွယ် ဂရုပြုစေနိုင်ရန်အတွက် အထွေထွေ ရောဂါကုဆရာဝန် ဒေါက်တာကျော်စွာဦး (ရောင်ခြည်သစ် ကုသိုလ်ဖြစ် အခမဲ့ဆေးခန်း တာဝန်ခံ)နှင့် တွေ့ဆုံမေးမြန်း ထားသည်များကို ကောက်နုတ်ဖော်ပြ အပ်ပါသည်။

Voice : မျက်စိနာတာနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး။
Dr. KSO : ဗက်တီးရီးယားရော၊ ဗိုင်းရပ်စ်ကြောင့်ရော ဖြစ်တာပေါ့။ အမှုန်အမွှားတွေနဲ့ ဓာတ်မတည့်မှုတွေကြောင့် ဖြစ်တာပေါ့။ ဖုန်မှုန့်တွေ၊ ပန်းကထွက်တဲ့ ဝတ်မှုန်တွေကြောင့် ဓာတ်မတည့်တာပဲဖြစ်ဖြစ်၊ အလက်ဂျစ်လို့ခေါ်တဲ့ ဓာတ်မတည့်မှုကြောင့် ဖြစ်တဲ့ မျက်စိရောင် ရမ်းတာတွေ ရှိတယ်ပေါ့။ တစ်ခါတလေကျရင် တချို့သော ခေါင်းလျှော်ရည်တို့၊ ဓာတုဗေဒပစ္စည်း တစ်ခုခုနဲ့ ထိပြီးတော့ မျက်စိ ရောင်ရမ်းတာတွေ ဖြစ်တယ်။ အဓိကတော့ ဆောင်းရာသီမှာပဲဖြစ်ဖြစ်၊ ရာသီအကူး အပြောင်းမှာပဲဖြစ်ဖြစ် ဗက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ မျက်စိရောင်ရမ်းတာက ပိုပြီးဖြစ်တယ်ပေါ့။ မျက်စိနာတာပေါ့။

Voice : ဘယ်လို အခြေအနေတွေမှာ ကူးစက် လွယ်နိုင်သလဲ။
Dr. KSO : ရောဂါကူးစက် လွယ်တဲ့သူတွေကတော့ ကလေးနဲ့ အသက်အရွယ် ကြီးတဲ့သူတွေပေါ့။ ကိုယ်ခံအားကျတဲ့ သူတွေမှာတော့ ပိုပြီး ဖြစ်နိုင်ခြေများတာပေါ့။ ဖြစ်တာများတာ မဟုတ်ဘူး။ ကူးစက်လွယ်တာပေါ့။ ကလေးချင်း ဆော့ကစားရာကနေ တစ်ယောက်မှာရှိရင် နောက်တစ်ယောက်ကို ကူးစက်နိုင်ပါတယ်။ ဒါကြောင့် အမြဲတမ်း ကျွန်တော်တို့က ပညာပေး လုပ်ငန်းတွေလုပ်တာ။ လက်သန့်ရှင်းရေးပေါ့။ လက်ကို သန့်ရှင်းအောင် အမြဲတမ်း ဆေးကြောထားမယ်ဆိုရင် အခုလို ကူးစက်တဲ့ ရောဂါတွေရဲ့ ရာခိုင်နှုန်း ၄၀ လောက် ကို ကာကွယ်တာပေါ့။ ဥပမာအားဖြင့် မျက်စိနာတဲ့ သူက သူ့လက်နဲ့ထိမိတဲ့ တံခါးလက်ကိုင် စသဖြင့် အရာဝတ္ထုတွေနဲ့ သူ့အသုံးအဆောင်ပစ္စည်းတွေကို သွားကိုင်မိတဲ့အခါမှာ ကိုယ်ကကိုင်မိတဲ့လက်နဲ့ မျက်စိ ပွတ်မိရင် ကူးစက်နိုင်ပါတယ်။ ရောဂါရှိတဲ့သူ အသုံး ပြုတဲ့ မျက်နှာသုတ်ပဝါ၊ လက်ကိုင်ပဝါတွေကို ပြန်သုံးမိတဲ့အခါမှာ ကူးစက်နိုင်ပါတယ်။ တစ်ကိုယ်ရေ တစ်ကာယ သုံးဖို့ လိုတယ်။ တစ်ကိုယ်ရေ တစ်ကာယ အသုံးပြုဖို့ အရေးကြီးသလို တစ်ကိုယ်ရေ သန့်ရှင်းရေးက အရေးကြီးပါတယ်။ တကယ်လို့များ ကိုယ့်မှာ ညာဘက်တစ်ဖက် ဖြစ်တယ်ဆိုရင် နောက်တစ်ဖက်ကလည်း ကူးစက်နိုင်ခြေ ရှိတဲ့အတွက် အဲဒီညာဘက်ကို သုံးတဲ့ လက်ကိုင် ပဝါကို တခြားဘက်ကို မသုံးဖို့ပေါ့။ နောက်တစ်ခုက ကိုယ်ကိုယ်တိုင်လည်း အဲဒီလို အသိပညာရှိဖို့ လိုတာပေါ့။ ကိုယ့်ကြောင့် သူများ မကူးစက်အောင်ဆိုရင် ကိုယ့် အသုံးအဆောင်တွေကို ဘယ်သူမှ ပေးမကိုင်နဲ့ပေါ့။

Voice : မျက်စိနာတာက ဘယ်လောက်အထိ ကြာကြာဖြစ်နိုင်လဲ။
Dr. KSO : ဒါကတော့ ကိုယ်ခံအားအပေါ်လည်း မူတည်တယ်။ တချို့ဆို ရက်ရှည်ကုလိုက်ရတာတွေလည်း ရှိပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ကတော့ မတူဘူးပေါ့။ သေချာမကုဘဲ ထားမယ်ဆိုရင် နောက်ဆက်တွဲ အနေနဲ့ အမြင်အာရုံကို ထိခိုက်တာတို့၊ တစ်ဖက်ကနေ တစ်ဖက် ကူးစက်နိုင်တာတို့၊ ကြည့်ရခက်တာတို့၊ မျက်ဝပ်တွေ ပိတ်နေတာတို့၊ မျက်လုံးတွေ ကိုက်လာတော့ နေမှု ထိုင်မှု ခက်တာပေါ့။ နောက်ဆုံး ကိုယ့်ရဲ့ နေ့စဉ် သွားလာတဲ့ လှုပ်ရှားမှုတွေကို သက်ရောက်မှု ရှိတာပေါ့။ ဘာပဲဖြစ်ဖြစ် စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်မှု ရှိလာတာပေါ့။ အလုပ်လည်း ကောင်းကောင်း လုပ်လို့မရ၊ စာလည်း ကောင်းကောင်း လုပ်လို့မရဘူး စသဖြင့်ပေါ့လေ၊ သက်ရောက်မှု ရှိပါတယ်။ အရမ်း ဆိုးလာတဲ့ အခြေအနေဆိုရင် ဦးနှောက် အမြှေးရောင်တဲ့အထိ ဖြစ်နိုင်တယ် ဆိုတာ တွေ့ရပါတယ်။ ဒါကတော့ ဖြစ်နိုင်ခြေ နည်းပါတယ်။

Voice : မျက်စိနာ မဖြစ်အောင် ဘယ်လိုမျိုး ကာကွယ်ထားလို့ ရနိုင်မလဲ။
Dr. KSO : တစ်ကိုယ်ရေ သန့်ရှင်းရေး၊ လက်သန့်ရှင်းရေး အရေးကြီးတယ်ပေါ့။ ရောဂါ မဖြစ်သေးတဲ့ သူတွေကလည်း ဂရုစိုက်ဖို့ လိုပါတယ်။ တကယ်လို့များ ကိုယ့် ကလေးပဲဖြစ်ဖြစ်၊ ကိုယ်ကိုယ်တိုင်ပဲဖြစ်ဖြစ်၊ ဖြစ်ခဲ့ရင် အလုပ်၊ ကျောင်းနားလိုက်တာ ပိုပြီးတော့ အဆင်ပြေပါတယ်။

Voice : မျက်စိနာခဲ့ရင် ဘယ်လို ကုသမှုမျိုးတွေ ခံယူသင့်ပါသလဲ။
Dr. KSO : အကယ်၍ မျက်စိနာတဲ့အခါမှာ သက်ဆိုင်ရာ ကိုယ်ပြနေကျ ဆရာဝန်သော်လည်းကောင်း၊ သက်ဆိုင်ရာ ကျွမ်းကျင်တဲ့ မိသားစု ဆရာဝန်ကို ပြသပြီးတော့မှ ကုသမှု ခံယူစေချင်တယ်။ မျက်စဉ်းကို ထည့်စေချင်တယ်။ တချို့က မျက်စိနာတာနဲ့ အရပ်ထဲမှာ သူများ သက်သာတယ် ဆိုတဲ့ဆေးတွေနဲ့ ကိုယ့်မျက်စိကို မျက်စဉ်းတွေခတ်တာက အန္တရာယ် ရှိပါတယ်။ ဒါကြောင့် ဆရာဝန် မညွှန်ကြားဘဲနဲ့ ကိုယ့်ဘာသာကိုယ် ဝယ်ပြီးတော့ ခတ်တာတွေ မလုပ်ဖို့၊ သူများပြောတိုင်း နားမယောင်ဘဲနဲ့ မခတ်မိဖို့ ပြည်သူတွေကို အသိပညာ ပေးချင်ပါတယ်။ မျက်စိ အထူးကုတွေရဲ့ သုံးသပ်ချက်အရ ဆေးရုံမှာ လာပြတဲ့သူတွေဟာ အရပ်ထဲမှာ သုံးတဲ့ မျက်စဉ်းဆေး တချို့ကို ထည့်လိုက်တဲ့အခါမှာ သက်ရောက်မှုတွေ၊ ထိခိုက်မှုတွေ ရှိပါတယ်။ အဲဒါကြောင့် ဒါကို ထည့်ပြောရခြင်း ဖြစ်ပါတယ်။ ကိုယ်သောက်တဲ့ဆေးဖြစ်ဖြစ်၊ ကိုယ်ထည့်တဲ့ဆေးဖြစ်ဖြစ် ဘာတွေ ပါဝင်လဲဆိုတာ သိဖို့လိုသလို ဆရာ မညွှန်ကြားဘဲနဲ့ ဘာမှဆေးတွေ မသောက်ဖို့၊ မျက်စဉ်းတို့၊ နားသန့်ဆေးတို့ စသဖြင့် အဲဒါတွေ မထည့်တာတွေက အကောင်းဆုံး ဖြစ်ပါတယ်။

Voice : ဆရာ့အနေနဲ့ ဘာများ ဖြည့်စွက် ပြောချင်ပါသလဲ။
Dr. KSO : တကယ်လို့ မျက်စိနာတာပဲဖြစ်ဖြစ်၊ တခြား နေမကောင်းတာပဲဖြစ်ဖြစ် သက်ဆိုင်ရာ ဆရာဝန်တွေနဲ့ ပြသ တိုင်ပင်သင့်တယ်။ ကျေးလက်နေ ပြည်သူတွေ အနေနဲ့ကျတော့ ဆရာဝန် မရှိဘူးဆိုရင်လည်း ကိုယ့်ကျေးလက် ကျန်းမာရေးဌာနက ကျန်းမာရေးမှူးတွေ၊ သားဖွား ဆရာမတွေနဲ့ ပြသ တိုင်ပင်သင့်ပါတယ်။

သီတာဆွေ