POST TYPE

HEALTH

လူ ၅ဝဝ ကို ဘီပိုး ကာကွယ်ဆေး အခမဲ့ ထိုးပေးမည်
10-Dec-2016 tagged as

မန္တလေး၊ ဒီဇင်ဘာ ၁ဝ

အသည်းရောင် အသားဝါဘီပိုးမှ တစ်ဆင့် အသည်းခြောက်ခြင်းနှင့် အသည်း ကင်ဆာ ဖြစ်ပွားမှုများကို ကာကွယ်ပေးနိုင်ရန် အသည်းရောင် အသားဝါ ဘီပိုး ရှိ၊ မရှိ စစ်ဆေးပေးခြင်း အပါအဝင် ဘီပိုးကာကွယ်ဆေး အခမဲ့ ထိုးပေးခြင်းကို ဒီဇင်ဘာ ၂၁ ရက်တွင် မန္တလေးမြို့တော်ရှိ နီနီ ရောဂါ ရှာဖွေရေးနှင့် အထူးကု ဆေးခန်း၌ ပြုလုပ်ပေးမည်ဖြစ်ကြောင်း အဆိုပါဆေးခန်း တာဝန်ရှိသူများထံမှ သိရသည်။

အဆိုပါဆေးခန်း အနေနှင့် ကျန်းမာရေးနှင့် ပတ်သက်သည့် ဓာတ်ခွဲစစ်ဆေးရာတွင် အသည်းရောင် အသားဝါ ဘီပိုး ရှိ၊ မရှိကို အစောဆုံး သိနိုင်ရန် စစ်ဆေးပေးရသဖြင့် ကျန်းမာနေသူများလည်း ယင်းကဲ့သို့ ဘီပိုးရောဂါ ရှိ၊ မရှိ ကြိုတင် သိထားနိုင်ရန် ယခုကဲ့သို့ အခမဲ့ ဝန်ဆောင်မှုအဖြစ် လုပ်ဆောင်ပေးခြင်းဖြစ်ကြောင်း နီနီ အထူးကု ဆေးခန်း၏ ဒါရိုက်တာဖြစ်သူ ဒေါက်တာ ခင်ပြုံးကြည်က The Voice သို့ ရှင်းပြသည်။

“လူတွေကို အသည်းရောင် အသားဝါ ဘီပိုးရောဂါအကြောင်း အခြေခံ ကျန်းမာရေး အသိပေးချင်တာက အဓိကပါ။ ဒီလို စစ်ဆေးပေးလို့ ဘီပိုးရောဂါရှိရင် ဆေးထိုးပေးမယ်။ မတွေ့ရင်လည်း ကြိုတင်ကာကွယ်တဲ့ အနေနဲ့ ကာကွယ်ဆေး ထိုးပေးမယ်။ ကာကွယ်ဆေး ထိုးထားရင် လူတိုင်း လူတိုင်းဟာ ကိုးဆယ့်ငါး ရာခိုင်နှုန်းလောက် ကျန်းကျန်းမာမာရှိဖို့ သေချာ သွားတာပေါ့။ အဲဒီ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ပေးတာ”ဟု ၎င်းက ဆိုသည်။

လူဦးရေ ၅ဝဝ ကို အသည်းရောင် အသားဝါ ဘီပိုးရောဂါ ရှိ၊ မရှိ စစ်ဆေးပေးခြင်းနှင့် အခမဲ့ ကာကွယ်ဆေး ထိုးပေးခြင်းကို ပြုလုပ်ပေးမည်ဖြစ်ပြီး ကျန်းမာရေး စစ်ဆေးမှု ခံယူလိုသူတိုင်း လာရောက်ကြောင်း၊ ကြိုတင်စာရင်း ပေးသွင်းရန် မလိုကြောင်း အဆိုပါ အစီအစဉ်အရ သိရသည်။

ကျန်းမာရေး အခမဲ့ စစ်ဆေးပေး ခြင်းနှင့် ဘီပိုးကာကွယ်ဆေးထိုးပေးခြင်း ကို မန္တလေးမြို့တော်ရှိ နီနီရောဂါရှာဖွေ ရေးနှင့် အထူးကုဆေးခန်း (Ni Ni Diagno- stic and Healthcare) လမ်း ၃ဝ နှင့် ၇၄ လမ်းထောင့် မန္တလေးဆေးရုံကြီး၊ (ကိုးထပ်ဆောင် မျက်နှာချင်းဆိုင်)တွင် ဒီဇင်ဘာ ၂၁ ရက် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ပြုလုပ်ပေးမည်ဖြစ်ရာ အသေးစိတ် သိရှိလိုပါက ဖုန်း ဝ၉- ၇၈၈၈၈ ဝ၉၃၄၊ ၇၈၈၈၈ ဝ၉၃၅၊ ၇၈၈ ၈၈ဝ ၉၃၆ တို့ထံ ဆက်သွယ် စုံစမ်းနိုင်ကြောင်း ယင်း ဆေးခန်းထံမှ သိရသည်။

M-02

  • TAGS