POST TYPE

HEALTH

အသားအရေ ကြည်လင် စိုပြည် ချောမွေ့စေမယ့် ထိန်းသိမ်းနည်းများ
07-Dec-2016 tagged as


၁။ အသားလှဆီလိမ်းပါ

ဆောင်းရာသီ ကာလမှာ အသားအရေက ပုံမှန်ထက် ခြောက်သွေ့တတ်တာကြောင့် အစိုဓာတ် ဖြည့်တင်းပေးဖို့အတွက် မိမိနဲ့ သင့်တော်တဲ့ အသားလှဆီ (Lotion) တွေကို နေ့စဉ် ပုံမှန် လိမ်းပေးဖို့ လိုအပ်ပါတယ်။ အိမ်မှာနေရင်ပဲဖြစ်ဖြစ်၊ အပြင်ကို ထွက်ရင်ပဲဖြစ်ဖြစ် အသားလှဆီ တစ်မျိုးမျိုးကို ဆောင်ထားဖို့ လိုအပ်ပါလိမ့်မယ်။

၂။ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ ပုံမှန်စားသုံးပါ

ကျန်းမာ သန်စွမ်းပြီး ကြည်လင် တောက်ပတဲ့ အသားအရေကို ရရှိလိုရင်တော့ တန်ဖိုးကြီး အသားလှဆီတွေ လိမ်းခြယ်ရုံနဲ့တော့ မလုံလောက်ပါဘူး။ ကိုယ့်ရဲ့ နေ့စဉ် ပုံမှန် စားသောက်မှုထဲမှာ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေကို ထည့်သွင်း စားသုံးနိုင်အောင်လည်း ဂရုပြုရပါမယ်။ အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေမှာ အိုမင်းရင့်ရော်မှုကို လျှော့ချပေးနိုင်တဲ့ Antioxidants တွေ အများအပြား ပါဝင်ပါတယ်။

၃။ နေလောင်ကာ ခရင်တွေ လိမ်းပါ။

အိမ်ကနေ လုပ်ငန်းခွင်ရှိရာကို နေ့စဉ် သွားလာနေရတဲ့သူတွေအတွက် အပူဒဏ်ကို မလွဲမသွေ ခံကြရမှာပါ။ နေရောင်က အသားအရေကို ပိုပြီး ညိုမွဲစေသလို၊ အရွယ် မတိုင်ခင် အိုမင်း ရင့်ရော်မှုကိုလည်း ဖြစ်စေနိုင်တဲ့အတွက် အပူဒဏ် ကာကွယ်နိုင်မယ့် နေလောင်ကာ ခရင်တွေကို အသားအရေပေါ်မှာ ထူထူ လိမ်းပေးဖို့ လိုအပ်ပါတယ်။

၎။ အိပ်ရေးဝဝ အိပ်ပါ

လူတစ်ယောက်က တစ်နေ့တာမှာ ကုန်ခန်းသွားတဲ့ အားအင်တွေကို ပြန်လည် ဖြည့်တင်းဖို့အတွက် တစ်နေ့ကို ရှစ်နာရီ အနည်းဆုံး အိပ်ဖို့ လိုအပ်ပါတယ်။ အိပ်ချိန် အပြည့်အဝ မရှိရင် မျက်နှာမှာ အဖုအပိမ့်တွေ ပေါက်လာတာမျိုး၊ အသားအရေ မွဲခြောက်ခြောက် ဖြစ်လာတာမျိုးတွေ ကြုံရနိုင်ပါတယ်။ ဒါကြောင့်မို့ အိပ်ချိန် အနည်းဆုံး တစ်နေ့ကို ရှစ်နာရီ ရှိအောင် ဂရုစိုက်သင့်ပါတယ်။

၅။ ခန္ဓာကိုယ်ကို ကြေးချွတ်ပါ

လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ အရေပြားပေါ်မှာရှိတဲ့ ဆဲလ်တွေက နေ့တိုင်း အသစ်ပြန်လည် မွေးဖွားနေပါတယ်။ အပေါ်ယံ အရေပြားမှာရှိတဲ့ ဆဲလ်သေတွေကို နေ့စဉ်ပုံမှန် ပွတ်တိုက် သန့်စင်ပေးမှသာ ကြည်လင် တောက်ပတဲ့ အသားအရေ ကို ပိုင်ဆိုင်နိုင်မှာပါ။ Scrub အမျိုးအစား ရေချိုး ဆပ်ပြာတွေနဲ့ ခန္ဓာကိုယ်ကို တစ်ပတ်ကို နှစ်ကြိမ်ခန့် ပွတ်တိုက် သန့်စင်ပေးဖို့ လိုအပ်ပါတယ်။ 

၆။ အသီးအနှံ များများ စားပါ

နေ့စဉ် ပုံမှန် စားသောက်နေတဲ့ အစားအစာတွေထဲမှာ ကျန်းမာရေးအတွက် အစားအစာတွေ (Fast Foods) အစား၊ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်ဓာတ် ကြွယ်ဝစွာ ပါဝင်တဲ့ အသီးအနှံတွေကို စားသုံးပေးဖို့ လိုအပ်ပါတယ်။ Vitamin C, D, E တွေ ပါဝင်တဲ့ အသီးအနှံတွေကို နေ့စဉ် ပုံမှန် စားသုံး ပေးရပါမယ်။ ဥပမာ - မုန်လာဥနီနဲ့ ခရမ်းချဉ်သီးတွေမှာ အိုမင်း ရင့်ရော်မှုကို ကာကွယ် ပေးနိုင်တဲ့ Antioxidants တွေ များစွာ ပါဝင်ပါတယ်။

၇။ ကိုယ်လက် လေ့ကျင့်ခန်း ပုံမှန် လုပ်ပေးပါ

ကိုယ်နဲ့ သင့်တော်တဲ့ လေ့ကျင့်ခန်း တစ်ခုခုကို နေ့စဉ် ပုံမှန် လုပ်ပေးတာက ကျန်းမာရေးအတွက် အများကြီး အထောက်အကူ ပြုပါတယ်။ လေ့ကျင့်ခန်း ပုံမှန် လုပ်ပေးခြင်းအားဖြင့် ခန္ဓာကိုယ်က နေရထိုင်ရတာ သွက်လက် ပေါ့ပါးပြီး စိတ်ကြည်လင် လန်းဆန်းစေပါတယ်။ လေ့ကျင့်ခန်း လုပ်ပြီးတဲ့အခါမှာ ခန္ဓာကိုယ်တွင်းမှာရှိတဲ့ အဆိပ်အတောက်တွေ၊ ဆဲလ်သေတွေ ကျသွားတဲ့အတွက် ကြည်လင် လန်းဆန်းတဲ့ အသားအရေကို ရရှိပိုင်ဆိုင်နိုင်မှာပါ။                                                         

Ref: www.elle.com

  • TAGS